မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၂၇ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း စီမံကိန်း(VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာ ၂၇ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို မေလ တတိယပတ်မှစတင်၍ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းစီမံကိန်း (VDP)ရန်ပုံငွေကျပ်သိန်း ၁၀၀ နှင့် ကျေးရွာပြည်သူလူထုတို့မှ ထည့်ဝင်ငွေများဖြင့် သဖန်းပင်ရိုး၊ မကျီးချောက်၊ ပေါက်ပင်အိုင့်၊ တုံးအိုင်၊ ထနောင်းကန်၊ မွေ၊ လျှော်ဖြူကန်၊ ဖလံကျင်း၊ ရေချို၊ အုံတုံ၊ ခင်လူး၊ ညောင်ကန်၊ မောက်လောက်၊ ပိတောက်ပင်၊ ရုံးတောကြီး၊ ရွာတန်းရှည်၊ မယ်ဇလီပင်၊ နဘဲကုန်း၊ ဆည်ကုန်း၊ လိန်တော၊ အင်ပင်ဝ၊ အရာတော်၊ သရက်တန်းကျေးရွာတို့ရှိ ကျေးရွာတွင်းလမ်းများကို ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး ပျော်ကုန်း၊ ချုံစွန်း၊ ပျဉ်သာ၊ ညောင်ဇောက်ကျေးရွာတို့မှ ကျေးရွာတွင်းလမ်းများကို မြေသားနှင့်ဂျင်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။