ဥရောပမှာ နှစ်စဉ် လူသုံးသိန်းကျော် သေဆုံးနေရဆဲဖြစ်တဲ့ လေထုညစ်ညမ်းမှု

ဥရောပမှာ နှစ်စဉ် လူသုံးသိန်းကျော် သေဆုံးနေရဆဲဖြစ်တဲ့ လေထုညစ်ညမ်းမှု

ဥရောပတိုက်ဆိုတာ   ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးမှုအရှိဆုံး တိုက်ကြီးလို့ပြောရင် မမှားပါဘူး။ ဒီလိုဖွံ့ဖြိုးမှုရှိပါတယ်ဆိုတဲ့ ဥရောပ လို နေရာမျိုးမှာတောင်မှ အရွယ်မတိုင်မီ သေဆုံးမှုတွေဒုနဲ့ဒေး ရှိနေပါသေးတယ်။

ဥရောပသဘာဝ ပတ်ဝန်းကျင် အေဂျင်စီရဲ့ ထုတ်ပြန်ချက်အရဆိုရင် ဥရောပဒေသမှာ  နှစ်စဉ်အရွယ်မတိုင်မီ သေဆုံးမှုဟာ ၃ဝ၇ဝဝဝ ရှိတယ်လို့သိရပါတယ်။

သူတို့အားလုံး သေဆုံးရခြင်းရဲ့လက်သည် တရားခံကတော့ လေထုညစ်ညမ်းမှုပါပဲ။ ဒါတောင်မှ အခုပမာဏဟာ ယခင် ပမာဏထက်  ၁ဝ ရာခိုင်နှုန်း လျော့ကျလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့သာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က နောက်ဆုံးထုတ်ပြန်ထားတဲ့ လေထုအရည်အသွေး လမ်းညွှန်ချက်တွေကို လိုက်နာခဲ့မယ်ဆိုရင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူသုံးသိန်းကျော် သေဆုံးမှုကို ထက်ဝက်လျှော့ချနိုင်မှာပါ။

အခု   ဥရောပသဘာဝ ပတ်ဝန်းကျင် အေဂျင်စီက ထုတ်ပြန်ထားတဲ့ လေထု ညစ်ညမ်းမှုကြောင့်   သေဆုံးသူအရေအတွက်က ၂ဝ၁၉ ခုနှစ်အတွင်း ရရှိတဲ့ အချက်အလက်ဖြစ်ပါတယ်။ ၂ဝ၁၈ ခုနှစ် အတွင်းမှာတော့ အလားတူသေဆုံးသူ အရေအတွက်က ၃၄၆ဝဝဝ ခန့်ရှိတာကို တွေ့ရပါတယ်။

၁၉၉ဝ ပြည့်နှစ် အစောပိုင်း ကာလတွေတုန်းကများ ဆိုရင် ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံမှာ လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူ အရေအတွက်က အယောက်တစ်သန်း နီးပါးရှိခဲ့တာပါ။

၂ဝဝ၅   ခုနှစ်အရောက်မှာတော့ ဒီလိုနည်းနဲ့ သေဆုံးသူ အရေအတွက်က ထက်ဝက်ကျော်ကျဆင်းပြီး ၄၅ဝဝဝဝ သာ ရှိတော့တာကို တွေ့ရပါတယ်။

၂ဝ၁၉ ခုနှစ်အတွင်း လေထုညစ်ညမ်းမှုကြောင့် နိုင်ငံအလိုက် သေဆုံးသူ အများဆုံး စာရင်းမှာဆိုရင်    ဂျာမနီနိုင်ငံက ၅၃၈ဝဝ နဲ့ ပထမ၊ အီတလီက ၄၉၉ဝဝ နဲ့ ဒုတိယ၊ ပြင်သစ်က ၂၉၈ဝဝ နဲ့တတိယ၊ စပိန်က ၂၃၃ဝဝ နဲ့စတုတ္ထအဖြစ် အသီးသီးရှိကြပါတယ်။

လေထုညစ်ညမ်းမှုကြောင့်   သေဆုံးတယ်ဆိုရာမှာလည်း   အဓိကကတော့ လေထုထဲမှာပါတဲ့ PM2.5 လို့ခေါ်တဲ့ အမှုန်လေးတွေကြောင့်    သေဆုံးရတာပါ။

အဲဒီအမှုန်လေးတွေက   လူတွေရဲ့ အဆုတ်ထဲအထိကို နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်ကာ လူတွေရဲ့ ကျန်းမာရေးကို ဒုက္ခပေးတာဖြစ်ပါတယ်။

အခု   ဥရောပသဘာဝ ပတ်ဝန်းကျင်အေဂျင်စီရဲ့ လေ့လာမှုမှာတော့ မော်တော်ကား၊ ကုန်တင်ကား၊  အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများကနေ အဓိကထွက်ရှိတဲ့  နိုက်ထရိုဂျင်ဒိုင် အောက်ဆိုက်ကြောင့် သေဆုံးရသူ အရေအတွက်ဟာ ၂ဝ၁၈ ခုနှစ်နဲ့ ၂ဝ၁၉ ခုနှစ်ကြားမှာ အယောက်  ၄ဝဝဝဝ  အထိ ကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်   အိုဇုန်းဓာတ်ငွေ့ကြောင့် သေဆုံးရသူ အရေအတွက်က ၁၆၈ဝဝ အထိ ကျဆင်းသွားပေမယ့်လည်း လေထု ညစ်ညမ်းမှုက ဥရောပဒေသအတွက် အကြီးမားဆုံးသော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာခြိမ်းခြောက်မှုအဖြစ်တည်ရှိနေဆဲဖြစ်တယ်လို့ အေဂျင်စီက ထုတ်ပြန်ထားပါတယ်။

အရွယ်မတိုင်မီ သေဆုံးမှုကို အဓိကဖြစ်စေတာတွေကတော့ လေထုညစ်ညမ်းမှုကနေ ဆက်စပ်ဖြစ်ပွားတဲ့ နှလုံးရောဂါနဲ့ လေသင်တုန်းဖြတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ သူတို့နောက်မှာ ရှိတာက ကင်ဆာရောဂါ အပါအဝင်  အဆုတ်ကြောင့်ဖြစ်တဲ့ နာမကျန်းမှုတွေပါ။

ကလေးငယ်တွေမှာဆိုရင်   လေထုညစ်ညမ်းမှုက အဆုတ်ဖွံ့ဖြိုးမှုကို အားနည်းစေပါတယ်။ ဒါနဲ့ဆက်စပ်ပြီးဖြစ်တာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေ ဝင်တာအပြင် ပန်းနာရင်ကျပ် ရောဂါကိုလည်း ပိုမိုဆိုးဝါးစေပါတယ်။

အကယ်၍ လေထုညစ်ညမ်းမှုတွေ လျော့ကျခဲ့မယ်ဆိုရင်တောင်မှ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေမှာရှိတဲ့ လေထုညစ်ညမ်းမှုက ဥရောပသမဂ္ဂရဲ့ လမ်းညွှန်ချက်တွေနဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ပိုမိုကျယ်ပြန့်တဲ့ ရည်ညွှန်းကန့်သတ်ချက်တွေ အထက်မှာသာရှိနေဦးမယ်လ ို့ဥရောပသဘာဝ ပတ်ဝန်းကျင်အေဂျင်စီက သတိပေးထားပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ထုတ်ပြန်ချက်အရဆိုရင် တစ်ကမ္ဘာလုံးမှာ  လေထုညစ်ညမ်းမှုကြောင့်နှစ်စဉ်သေဆုံးသူအရေ အတွက်ဟာ ခုနစ်သန်းအထိ ရှိတယ်လို့သိရပါတယ်။ ဒီပမာဏဟာ ဆေးလိပ်သောက်မှုနဲ့ အစာအာဟာရ မမျှတခြင်းတို့ ကြောင့်ဖြစ်တဲ့ သေဆုံးမှုပမာဏနဲ့ အတူတူဖြစ်ပါတယ်။

ဒါကြောင့် ပိုမိုသန့်ရှင်းတဲ့ အပူပေးစနစ်၊ သွားလာမှုစနစ်၊    စိုက်ပျိုးရေးစနစ်နဲ့ စက်မှုလုပ်ငန်းစနစ်တို့မှာ ရင်းနှီးမြှုပ်နှံခြင်းက ဥရောပတိုက်သား အားလုံးအတွက် ကျန်းမာရေး၊   ကုန်ထုတ်လုပ်မှုနဲ့ ဘဝနေထိုင်မှု တန်ဖိုးတို့ကို တိုးတက်စေမယ်လို့ ဥရောပသဘာဝ ပတ်ဝန်းကျင်အေဂျင်စီ ညွှန်ကြားရေးမှူး ဟန်ဘရွန်နစ်က ပြောပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ ၂ဝ၃ဝ ပြည့်နှစ်အရောက်မှာ လေထုညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ အချိန်မတိုင်မီ သေဆုံးမှုကို ၂ဝဝ၅ ခုနှစ်ကထက် အနည်းဆုံး ၅၅ ရာခိုင်နှုန်း လျှော့ချလိုပါတယ်။

တကယ်လို့ ဥရောပမှာဖြစ်ပွားနေတဲ့ လေထုညစ်ညမ်းမှုက အခုနှုန်းအတိုင်း ဆက်လက်ကျဆင်းနေမယ်ဆိုရင် သူတို့ရဲ့ ရည်မှန်းချက်က   ၂ဝ၃၂   ခုနှစ်မှာပြည့်နိုင်တယ်လို့ အေဂျင်စီက ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ သက်ကြီးရွယ်အို များပြားလာမှုနဲ့  မြို့ပြလူနေမှုစနစ် ဖော်ဆောင်ခြင်း မြင့်တက်လာမှုတို့က သတ်မှတ်ချိန်အတွင်းမှာ   သတ်မှတ်ရည်မှန်းချက်ဆီ ရောက်ဖို့အတွက် အခက်အခဲဖြစ်စေပါတယ်။

သက်ကြီးရွယ်အိုတွေဟာ   လေထုညစ်ညမ်းမှုကို   ခံနိုင်ရည်မရှိကြပါဘူး။

အလားတူပဲ  မြို့ပြလူနေမှုစနစ်ကို ဖော်ဆောင်ခြင်းကလည်း လေထုညစ်ညမ်းမှုကို ပိုမိုဖြစ်ပွားစေတာကြောင့် ၂ဝ၃ဝ ပြည့်နှစ်အရောက်မှာ လေထုညစ်ညမ်းမှုကြောင့်   သေဆုံးသူ အရေအတွက်ကို ၅၅ ရာခိုင်နှုန်းလျှော့ချလိုတဲ့   ဥရောပ အေဂျင်စီရဲ့ ရည်မှန်းချက်ဟာ ပြည့်မြောက်နိုင်စရာမရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။