လမှာတန်ဆောင် မြူမှောင်မသန်း သော်တာဆန်း

လမှာတန်ဆောင် မြူမှောင်မသန်း သော်တာဆန်း

မိုးနှောင်းဆောင်းဦးအစ တန်ဆောင်မုန်းလသည်ဝိသေသထူးများအတိခြံရံလျက် အလှထူး၍နေပေသည်။ အလှတကာတွင် လမင်းက လည်း တိမ်စင်မြူကင်း၍ ရှင်းသန့်လှ၏။ တန်ဆောင်မုန်းလပြည့်နေ့သည် မိုးရာသီနှင့်ဆောင်းရာသီတို့၏ အကူးအပြောင်း မှတ်တိုင် ဖြစ်သည်။ ပွင့်လင်းရာသီ ရောက်ခဲ့ပြီမို့လောကတစ်ခွင်သည် သာယာတင့်ဆန်းအလှပန်းများပွင့်နေပြီဖြစ်သော အခါသမယလည်း ဖြစ်ပေသည်။

ဤရာသီတွင် လှူကထိန်သင်္ကန်းနှင့် မဂ်လမ်းကိုဆုပန်ရွယ်သော ကထိန်သင်္ကန်းကပ်လှူပွဲများ ကျင်းပလေ့ရှိပါသည်။ သံဃာတော် အရှင်မြတ်များ ကိုယ်ရုံသင်္ကန်းမညှိုးနွမ်းရလေအောင် ကထိန်သင်္ကန်းကပ်လှူသောဓလေ့ကို ရှေးထုံးစဉ်လာ အတိုင်းဆောင်ရွက်ခဲ့ ကြပါသည်။ ဗုဒ္ဓ၏ ပညတ်တော်အရ တစ်နှစ်တွင်တစ်လ၊ တစ်လတွင်မှတစ်ရက် တစ်ကြိမ်တည်းသာလှူခွင့်ရသောအလှူဖြစ်၍ မွန်မြတ် လှသည်။ ဘုန်းကြီးကျောင်းတိုက်တစ်ခုတွင် နှစ်ကြိမ်မလှူရသော နှစ်မျိုးမလှူရသော ဒါနကုသိုလ်ပါပေ။ ကထိန်အလှူသည် ရဟန်းပုဂ္ဂိုလ် ဂိုဏ်းဂဏတို့ကိုရည်မှန်း၍ လှူဒါန်းသော ပညတ်အလှူမျိုးမဟုတ်ပါ။ သံဃာ့ဂုဏ်ကိုအာရုံပြု၍လှူဒါန်းရသော မြတ်သော အလှူဖြစ်သည်။ သီတင်းကျွတ်လဆုတ် တစ်ရက်မှစခဲ့သောကထိန်အလှူပွဲကာလသည် တန်ဆောင်မုန်းလပြည့်နေ့၌ ပြီးဆုံး တော့သည်။ တန်ဆောင်မုန်းလပြည့်ညတွင်မူ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကျင်းပလေသည်။

ခဝဲပွင့်များ  ဝါစီစီထိန်လင်းအောင်ပွင့်သော တန်ဆောင်မုန်းလပြည့်နေ့တွင် တန်ဆောင်တိုင်ပွဲတော်ကို ကျင်းပမြဲဖြစ်သည်။ ထိုပွဲတော် ၌ ဆီမီးတန်ဆောင်တို့ကိုထွန်းညှိ၍ မြတ်စွာဘုရားအားပူဇော်ကြသည်။ကျောင်းကန်ဘုရား၊ စေတီပုထိုးတို့၌သာ ပူဇော်သည် မဟုတ်။ နေအိမ် အတွင်းအပြင် လမ်းကြီးလမ်းငယ်အသွယ်သွယ်၌ပါ ဆီမီးထွန်းပူဇော်လေ့ရှိသည်။ရှေးသုတေသီတို့က ဗုဒ္ဓသာသနာ မထွန်းကားမီ၌ တန်ဆောင်တိုင်မီးထွန်းပွဲသည် မီးနတ်ပူဇော်ပွဲမျှသာဖြစ်သည်ဟုဆိုကြသည်။ ကြတ္တိကာနက္ခတ်နှင့် စန်းယှဉ်သောလ သည် မိုးသားကင်းစင်၍ ကောင်းကင်၌ နက္ခတ်တာရာတို့ အထူးကွန့်မြူးသောလဖြစ်သည်။ စိတ်နှလုံးကြည်နူးဖွယ် နက္ခတ် အပေါင်းခသည့် တန်ဆောင်မုန်းလပြည့်နေ့ဝယ် မီးနတ်ပူဇော်ပွဲနှင့်နတ်မင်းကြီးပူဇော်ပွဲများကျင်းပကြသည်ဟုအဆိုရှိသည်။

နတ်မင်းကြီးဆိုသည်မှာ ဗိဿနိုးဟူ၍လည်း အမည်တွင်သော မဟာဝိနာယကနတ်မင်းကြီးဖြစ်သည်။ ထိုနတ်မင်းကြီးသည် ဝါဆို လဆန်း ၁၂ ရက်နေ့တွင်စ၍ အိပ်ရာ၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့မှ နိုးသည်ဟုဆို၏။ ထို့ကြောင့် တန်ဆောင်မုန်းလကို နတ်နိုးလဟူ၍လည်းခေါ် ဆိုကြသေးသည်။ တန်ဆောင်မုန်းလသည် ဆေးပေါင်းခသောလလည်းဖြစ်၍ တန်ဆောင်မုန်းလအတွင်း မဲဇလီရွက် မဲဇလီဖူးကိုသုတ်စားလျှင် ရောဂါဘယကင်းသည်ဟုယူဆကြသည်။မီးနက္ခတ်ပူဇော်ပွဲနှင့်အတူ ကျီးမနိုးပွဲကိုလည်းကျင်းပ ကြသည်။ ဤပွဲသည်အပျော်အပါးသက်သက် အချင်းချင်းကျီစယ်သောပွဲပါပေ။ လပြည့်နေ့သန်းခေါင်အချိန်၌လူတို့အိပ်မောကျနေစဉ် အိမ်ပြင်တွင် ထားသော ပန်းအိုးစသည့် လူ့အသုံးအဆောင်ပစ္စည်းတို့ကို နောက်ပြောင်ပျော်ရွှင်လိုသူတို့က တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်း၍ ဝှက်ထားကြသည်။ မတော်မတည့်နေရာတို့၌ အဝတ်အစား၊ ဆိုင်းဘုတ် စသည်ကိုချိတ်ဆွဲပြီးသကာလ နံနက်လင်းသော် ကြည့်ရှုသူအပေါင်း တသောသော တညံညံ အူတက်မတတ်ရယ်ပွဲဖွဲ့သောပွဲလည်းဖြစ်သည်။

ဇာတ်နိပါတ်များတွင် ကြတ္တိကာသဘင်ဆင်ယင်ကျင်းပကြောင်းပြဆိုထားသည်။ ဥမ္မာဒန္တီဇာတ်တွင်သိဝီမင်းကြီး ဥမ္မာဒန္တီကိုတွေ့၍ အရူးတစ်ပိုင်း ဖြစ်သွားသည်မှာ ကြတ္တိကာသဘင်ကျင်းပသော တန်ဆောင်မုန်းလတွင်ဖြစ်သည်။ သို့ရာတွင် သာသနာတွင်းသို့ ကျရောက်သောအခါ ဗုဒ္ဓဘာသာဝင်တို့သည် နက္ခတ်သဘင်ကို မြတ်စွာဘုရားအားဆီမီး ပူဇော်ပွဲအဖြစ်သို့ ပြောင်း၍ယူသည်ဟု သုတေသီ တို့ဆိုကြ၏။ တန်ဆောင်မုန်းလပြည့်နေ့တွင် ကထိန်ပွဲတော်အပြင်သျှင်မာလဲပွဲတော်ကိုလည်း ကျင်းပလေ့ရှိသည်။ ထိုပွဲတော်၏ ဇာစ်မြစ်မှာ ဤသို့ဖြစ်သည်။ သီဟိုဠ်ကျွန်းအဇ္ဇရမြစ်အနီး ကုရောဒနဇနပုဒ်၊ စူဠကဏ္ဍကကျောင်းတော်ကြီး၌ မာလိယ မဟာဒေဝမထေရ်သည်သီတင်းသုံးတော်မူ၏။ ထိုမထေရ်ကို မြန်မာတို့က သျှင်မာလဲ(ငါ) ရှင်မာလဲဟုခေါ်ဆိုကြသည်။

သျှင်မာလဲသည်ဈာန်အဘိညာဉ်နှင့်ပြည့်စုံသောကြောင့် တာဝတိံသာနတ်ပြည်သို့တက်၍ စူဠာမဏိစေတီတော်ကို ဖူးမြော်လေ့ရှိ၏။ တစ်ခါသော်သျှင်မာလဲသည် ပြုမြဲအတိုင်းစူဠာမဏိစေတီတော်သို့ ကြွတော်မူရာ အရိမေတ္တေယျဘုရားလောင်းနတ်သားနှင့်တွေ့၏။ ထိုအခါအလောင်းတော်နတ်သားက သျှင်မာလဲအား လူ့ပြည်၌ တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း ဂါထာတစ်ထောင်ဖြင့် တန်ဆာ ဆင်အပ်သော  ဝေသန္တရာဇာတ်တော်ကိုဟောကြားပါမည့်အကြောင်းလျှောက်ထားသည်။

ဤသည်ကို အကြောင်းပြု၍ သျှင်မာလဲမထေရ်သည် ဝေသန္တရာဇာတ်တော်ကို တန်ဆောင်မုန်းလပြည့်နေ့တိုင်း ဟောကြား တော်မူလေသည်။ ထိုအကြောင်းကိုအစွဲပြု၍ သျှင်မာလဲပွဲတော်ကို လူတို့ ဆင်ယင်ကျင်းပကြသည်ဟူ၍လည်း မှတ်သားရ၏။ တန်ဆောင်မုန်းလ၏ ရာသီပန်းကား “အချိန်လွဲမှခဝဲပွင့်သည်” ဟုဆိုထုံးရှိသောခဝဲပန်းဖြစ်သည်။ ခဝဲပန်း၏အဝါရောင်သည် အခြားမည် သည့်အဝါရောင်နှင့်မျှမတူ။ အလွန်ထူးခြားသည်။ ခဝဲကို အယဉ်၊ အရိုင်းဟုနှစ်မျိုးခွဲခြားကြသည်။ ခဝဲယဉ်ကို ဥယျာဉ်ခြံမြေ တို့တွင် စနစ်တကျစိုက်ပျိုးကြရာ အလွန်ပူပြင်းသောရာသီမှအပ ရာသီမရွေးတွေ့နိုင်သည်။ ခဝဲရိုင်းကားမိုးမှဆောင်းအကူး ရာသီဦး တွင် ပေါက်ရောက်၍တန်ဆောင်မုန်းလတွင် ဖြိုင်ဖြိုင်ပွင့်သည်။ တောထဲ၌ပေါက်သော ခဝဲရိုင်း၏ရနံ့သည် ထုံသင်းလျက်ရှိသည်ဟု လည်း ဆိုကြသည်။

ပြည်စုန်မော်ကွန်းတွင် စစ်လျှင် ထောင်းမှူးရှင်ထွေးညိုသည် “တောခပ်သိမ်းလည်း၊ ရွက်စိမ်းဟုံဟုံ၊ အထွက်စုံသော်၊ ရွှေငုံဆဲ၊ ပွင့်ကျင်မြဲသား၊ နှင်းဖွဲဖျန်းနီး၊ သန်ပြီးကြွမှု၊ ဆောင်းသို့လု၍၊ ရတုသာတုန်း တန်ဆောင်မုန်းဟု” ဟူ၍ခဝဲပန်းနှင့် တန်ဆောင်မုန်း လကိုဖက်တွဲကာ ဖွဲ့ဆိုခဲ့သေးသည်။ ရှင်မဟာသီလဝံသကလည်း “သန်ကျူးစဲက၊ ခဝဲပွင့်ဝါ၊ သို့သောခါတုံ၊ အာကာမထိုင်း၊ မြူမှိုင်း မလည်၊ အလွန်ကြည်လျက်၊ ဆီးရည်လည်းကျ၊ သရဒနှိုက်” ဟူ၍ ဖွဲ့ပြန်ပါသည်။

တန်ဆောင်မုန်းလ၏ သာယာပုံကို “သာထက်သာ သာတဲ့လပေမို့ သရဒရာသီ” အစချီကာ ဦးကြော့ကဖွဲ့သီခဲ့ပါသည်။ ဤလသည် သရဒရာသီဖြစ်သည်။

“တော်သလင်းလပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်အထိ ၂ လရှိသောဥတု။ တန်ဆောင်မုန်းလ”ဟု သရဒရာသီ၏ အဓိပ္ပာယ်ကို မှတ်သားနိုင်ပါသည်။ ဤလသည် သရဒရာသီဖြစ်၍ ဆီးနှင်း၊ မြူတိမ်၊မီးခိုးစသည့် မယှက်မလိမ်ဟုလည်း သိမှတ်ရ၏။ ရှေးခေတ်မြန်မာတို့သည် ဤလပြည့်နေ့ည၌ ကြယ်တာရာများကို အထူးအာရုံစိုက်ကြည့်ခဲ့ကြောင်းလည်း ဖတ်ရှုမှတ်သားရပါသည်။ ဤမျှသာယာကြည်နူးဖွယ်ကောင်းသောတန်ဆောင်မုန်းလ၏ အခင်းအကျင်းဝယ် မကြည်နူးနိုင်သူတစ်ယောက်ရှိခဲ့ဖူးပါသည်။

“သင်သည် အဖကိုသတ်၍ မင်းဖြစ်လော့၊ ငါသည်မြတ်စွာဘုရားကို သတ်၍ဘုရားဖြစ်အံ့” ဟူသောရှင်ဒေဝဒတ်၏စကားကိုယုံစားမိ၍  ခမည်းတော်မင်းတရားကြီးကို သတ်ဖြတ်ခဲ့သော မကောင်းမှုကြီးသည် အဇာတသတ်မင်းအားအစဉ်ခြောက်လှန့်လျက်ရှိသည်။ ရှင်ဒေဝဒတ်မြေမျိုပြီ ဟူသောသတင်းစကားကို အဇာတသတ်မင်းကြားလေလျှင် ဤမြေကြီးသည် ငါ့ကိုလည်းမျိုလိမ့်မည်လောဟု တွေးတောလျက် အတိုင်းထက်အလွန် ကြောက်ရွံ့ထိတ်လန့်လျက်ရှိလေသည်။ အမြင်မှန်ရလာသော အဇာတသတ်ဘုရင်သည် ဘုရားရှင်ထံ ဖူးမြော်ကန်တော့လိုစိတ် ထက်သန်နေသော်လည်း မိမိ၏အပြစ်ကကြီးလှသဖြင့် အခက်တွေ့နေပေသည်။

ထို့ကြောင့် တန်ဆောင်မုန်းလပြည့်ည၏ တင့်တယ်လှပပုံကိုချီးမွမ်းရင်း မှူးမတ်များအား စကားစလိုက်လေသည်။ “အချင်းတို့ ဆီးနှင်း၊ မြူ၊ တိမ်၊ အသူရိန်၊ မီးခိုးကင်းပသော ဤယနေ့ညသည် နှလုံးမွေ့လျော်ဖွယ်ရှိပါပေစွ” အစချီ၍ ငါတို့၏စိတ်ကို သဒ္ဓါကြည်ညို ဖြစ်စေနိုင်မည့် အဘယ်မည်သော သာမဏ၊ ဗြာဟ္မဏခေါ်ဆိုပုဂ္ဂိုလ်သူမြတ်ထံသို့ ယနေ့ငါတို့ဆည်းကပ်ကြပါမည်နည်း”  ဟု ဆိုလေ သည်။

အဖသတ်မင်းသည်  ဖခင်ဗိမ္ဗိသာရမင်းကြီးကိုသတ်ခဲ့သောအပြစ်ကြောင့် ညညအိပ်မပျော်သောဝေဒနာကို ခံစားရ၏။ မျက်လုံးတို့ကို လှံချက်ပေါင်းတစ်ရာ၊ တစ်ထောင်တို့ဖြင့် ထိုးဆွသကဲ့သို့ ခံစားရ၏။ အမတ်များ၏ အကြံပေးချက်အတိုင်း တိတ္ထိဆရာကြီး ခြောက်ဦးထံ ရှေးဦးစွာသွားရောက်ခဲ့သည်။ အဇာတသတ်မင်းက သူသိလိုသော သာမညဖလ(ရဟန်းပြုခြင်း၏အကျိုး) ကို မေးသော အခါ ကျေနပ်လောက်သော အဖြေကိုမရခဲ့ပေ။ နောက်ဆုံးတွင် သမားတော်ကြီးဇီဝက၏  အကူအညီဖြင့် မြတ်စွာဘုရားထံ သွားရောက် ခဲ့သည်။ အဇာတသတ်မင်း၏ ကြောက်ရွံ့မှုသည် များလှပေသော ရဟန်းအပေါင်းခြံရံလျက်ရှိသော မြတ်စွာဘုရားကို ဖူးတွေ့ရသော် အလွန်စိတ်ကြည်လင်သွား၏။ ဘုရားတန်ဆောင်းဝင်းအတွင်းဝယ်မြင်မြင်သမျှတို့သည် ဆိတ်ငြိမ်လျက်ရှိသော ပင်လယ် သမုဒ္ဒရာကြီးကဲ့သို့ဖြစ်၏။ အဇာတသတ်မင်းသည်ရဟန်းပြုခြင်း၏ အကျိုးကိုမေးလျှောက်သော် မြတ်စွာဘုရားသည် သာမညဖလသုတ်ဒေသနာတော်ကို ဟောကြားတော်မူလေသည်။

ဤတရားတော်ကိုနာကြားရသည့်အတွက် အဇာတသတ်မင်းတရားသည်အိပ်မပျော်သောရောဂါ ပျောက်ကင်းသွားပါသည်။ ရတနာ သုံးပါးအပေါ် နှစ်နှစ်ကာကာယုံကြည်လာပါသည်။ တန်ဆောင်မုန်းလပြည့် ညချမ်းအချိန်တွင် သာမညဖလသုတ္တန်တရားတော်ကို ဟောကြားသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကိုသာမညဖလ အခါတော်နေ့ဟုခေါ်ဆိုကြပါသည်။ ဤဖြစ်ရပ်မှ ပါပမိတ္တကိုရှောင်ရှားကာ ကလျာဏမိတ္တကိုဆည်းကပ်မှ ဘဝတစ်လျှောက် အေးချမ်းမည်ဟူသော သင်ခန်းစာရယူနိုင်ပါသည်။

သာယာသော ညချမ်းဝယ် ပံ့သကူပစ်သူပစ်၊ ပံ့သကူရှာသူရှာဖြင့် ကြည်နူးရိပ်များဖြာဝေနေသောကာလသည် တန်ဆောင်မုန်း လဖြစ်သည်။ ဘုရားရင်ပြင်တော်တွင် မသိုးသင်္ကန်းရက်ပြိုင်ပွဲများ၌ အကြိတ်အနယ်ကြိုးစားရက်လုပ်၍ ကုသိုလ်ယူနေသော အချိန်သည် တန်ဆောင်မုန်းလဖြစ်သည်။ စပါးဖုံးများထွက်ဆဲ၊ စပါးပင်များ လုံးဆဲကာလဖြစ်၍ “ဖုံးတုန်း၊ လုံးတုန်းတန်ဆောင်မုန်း” ဟု ခေါ်တွင် သောလသည်လည်း တန်ဆောင်မုန်းလပင်ဖြစ်သည်။    ။

ပါမောက္ခခိုင်ခိုင်ရီ