မျိုးဆက်သစ်ကိုဗစ်ကာကွယ်ဆေးများအတွက် ပစ်မှတ်အသစ်ဖြစ်လာမယ့် ပုံတူပွားပရိုတိန်း

မျိုးဆက်သစ်ကိုဗစ်ကာကွယ်ဆေးများအတွက် ပစ်မှတ်အသစ်ဖြစ်လာမယ့် ပုံတူပွားပရိုတိန်း

ခန္ဓာကိုယ်ထဲကို  ဗိုင်းရပ်တစ်မျိုးဝင်ရောက်ပြီဆိုရင်  သူတို့က  ကိုယ်တွင်းရှိတခြား ကလာပ်စည်းတွေကို ပုံတူပွားခြင်းဖြင့် ရောဂါ ကူးစက်ပျံ့နှံ့မှုဖြစ်ပေါ်လာအောင် စတင်လုပ်ဆောင်ပါတယ်။ ဒါကြောင့် ပုံတူပွားခြင်းအဆင့်ဟာ ဗိုင်းရပ်ကူးစက်မှုစက်ဝန်းရဲ့   ပထမဆုံး အဆင့်တွေထဲကမှ အစောဆုံးဖြစ်ပြီး ရောဂါ ကူးစက်မှုအတွက် အရေးပါတဲ့အဆင့်လည်းဖြစ်ပါတယ်။

တကယ်လို့များ ဗိုင်းရပ်ရဲ့ပုံတူပွားလုပ်ငန်းကို လုပ်ဆောင်တဲ့ပရိုတိန်းအပေါ် အဓိကပစ်မှတ်ထားတိုက်ခိုက်တဲ့ ကိုယ်ခံ အားထွက်ရှိ လာမယ်ဆိုရင်  ဒီပရိုတိန်းဟာ အနာဂတ်မျိုးဆက်သစ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအတွက် ပစ်မှတ်အသစ် ဖြစ်လာနိုင်ပါ တယ်။ ဒါနဲ့ပတ်သက်တဲ့ သုတေသနကိုတော့ လန်ဒန်ကောလိပ်တက္ကသိုလ်မှသိပ္ပံပညာရှင်များကပြုလုပ်တာဖြစ်ပြီး Nature ဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။

သူတို့ရဲ့သုတေသနမှာတွေ့ရှိတာက တီကလာပ်စည်းလို့ခေါ်တဲ့ ကိုယ်ခံအား မှတ်ဉာဏ် ကလာပ်စည်း တွေထွက်ပေါ်စေ နိုင်မယ့် ကာကွယ်ဆေးတွေကိုဖန်တီးခြင်းက ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတဲ့ SARSCoV-2 ဗိုင်းရပ်ကို  အစောဆုံး အဆင့်မှာ တင်ချေမှုန်း နိုင်မှာ ဖြစ်သလို အဲဒီကနေတစ်ဆင့်ဖြစ်လာမယ့် ကူးစက်ပျံ့နှံ့မှုကိုလည်း တားဆီးနိုင်စေမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

တီကလာပ်စည်းဆိုတာကတော့ ဗိုင်းရပ်ရဲ့ကိုယ်တွင်းအစိတ်အပိုင်းပါရှိတဲ့ ကူးစက်ခံကလာပ်စည်းတွေကိုတိုက်ခိုက်တဲ့ ခန္ဓာကိုယ် တွင်းရှိ စစ်သည်တော်တွေပါ။ လက်ရှိထုတ်လုပ်ခွင့်ရရှိထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေက ဗိုင်းရပ်ရဲ့ခန္ဓာကိုယ် အပြင်ဘက်မှာ ထွက်နေတဲ့ စပိုက်ပရိုတိန်းတွေအပေါ် တုံ့ပြန်တဲ့ကိုယ်ခံအားကိုသာ ဖြစ်ပေါ်စေတာဖြစ်ပါတယ်။ ဒါကြောင့် အခုရှာဖွေ တွေ့ရှိတဲ့နည်းလမ်းကိုသာ အသုံးပြုလိုက်မယ်ဆိုရင် လက်ရှိကာကွယ်ဆေးတွေကို  ပိုမိုပြည့်စုံသွားစေပါလိမ့်မယ်။

ဒါ့အပြင် ဒီနည်းလမ်းဟာအမျိုးမျိုးသော ကိုရိုနာဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့အထိ စွမ်းဆောင်နိုင်မယ့် ကာကွယ်ဆေးတွေကိုလည်း ထွက်ပေါ်လာစေနိုင်ပါတယ်။

အကြောင်းရင်းကတော့ အခုသုတေသနပညာရှင်တွေ ရှာဖွေတွေ့ရှိတဲ့ နည်းလမ်းဟာ SARS-CoV-2 ဗိုင်းရပ်နဲ့ သူ့ရဲ့ဗီဇပြောင်းဗိုင်းရပ် တွေကိုသာမက သာမန်အအေးမိ၊ နှာစေးဖြစ်စေတဲ့ တခြားကိုရိုနာဗိုင်းရပ်တွေအပြင် တိရစ္ဆာန်တွေဆီကနေ နောက်ထပ်ထွက်ပေါ် လာနိုင်တဲ့ ကိုရိုနာဗိုင်းရပ်တွေရဲ့ကူးစက်မှုကနေပါ  ကာကွယ်နိုင်မယ့်အတွက်ပါပဲ။

ပညာရှင်တွေရဲ့သုတေသနမှာ ဘယ်အချက်ကိုသွားတွေ့ရလဲဆိုရင် တချို့လူတွေဟာ SARS-CoV-2 ဗိုင်းရပ်ကူး စက်မှုကနေ ခံနိုင်ရည်ရှိတယ်ဆိုတဲ့အချက်ပါ။ အဲဒီလူတွေအနေနဲ့ ဘာကြောင့် အဲဒီဗိုင်းရပ်ကူးစက်မှုကို ခံနိုင်ရည်ရှိရတာလဲဆိုတဲ့အချက်ကို    ဆက်လက်လေ့လာတဲ့အခါမှာတော့ သူတို့ရဲ့ခန္ဓာကိုယ်က ဗိုင်းရပ်ရဲ့ပုံတူပွား ပရိုတိန်းတွေပါဝင်တဲ့ ရောဂါပိုးကူးစက်ခံ ကလာပ် စည်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ တီကလာပ်စည်းတွေ ထုတ်ပေးနိုင်ခြင်းကြောင့် ဖြစ်တယ်ဆိုတာကို တွေ့ရှိကြပါ တယ်။

ဗိုင်းရပ်အနေနဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီးတာနဲ့တစ်ပြိုင်နက် ရောဂါကူးစက်ဖို့အတွက် ဒီလိုပုံတူပွားပရိုတိန်းတွေက ပထမဆုံး လုပ်ဆောင်ပေးတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်အားလုံးမှာပါဝင်ကာ ဘေးပတ်ပတ်လည်ကနေ ခိုင်မာစွာကာရံခံထားရတဲ့ အတွက် ပြောင်းလဲဖို့နဲ့  သန္ဓေပြောင်းဖို့ဆိုတာ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။

ဒါကြောင့် ဗိုင်းရပ်ရဲ့အောင်မြင်မှုအတွက် မရှိမဖြစ်အရေးပါတဲ့ အဲဒီပရိုတိန်းပါကူးစက်ခံ ကလာပ်စည်းတွေကို မှတ်သားသိရှိပစ်မှတ် ထားတိုက်ခိုက်မယ့် တီကလာပ်စည်းတွေ ထွက်ပေါ်စေနိုင်တဲ့ ကာကွယ်ဆေးဟာ SARS-CoV-2 ဗိုင်းရပ်ကို  အစောဆုံးအဆင့်မှာ တင်ထိရောက်စွာ ချေမှုန်းနိုင်စေရုံသာမက လက်ရှိလူသားများကိုကူးစက်နေတဲ့၊ နောင်အနာဂတ်မှာကူးစက်လာနိုင်တဲ့ တခြားကိုရိုနာ ဗိုင်းရပ်တွေကိုလည်း မှတ်သားထားနိုင်တဲ့ အကျိုးကျေးဇူးကိုပါ ခန္ဓာကိုယ်ကရရှိမှာဖြစ်တယ်လို့ အကြီးတန်းသုတေသီ ပါမောက္ခ မာလာမာအီနီကပြောပါတယ်။

ဒါ့အပြင် နည်းပညာကိုနောက်ထပ် တစ်ဆင့်မြှင့်တင်လိုက်မယ်ဆိုရင် မျိုးဆက်သစ်ကာကွယ်ဆေးတွေဟာ ပုံတူပွားပရိုတိန်းများကို ပစ်မှတ်ထားတဲ့ တီကလာပ်စည်းများနဲ့ စပိုက်ပရိုတိန်းကို   ပစ်မှတ်ထားတိုက်ခိုက်မယ့် ပဋိပစ္စည်းတွေကိုပါထွက်ရှိစေနိုင်မယ်လို့ သုတေသီတွေက ပြောပါတယ်။

ဘာကြောင့်လဲဆိုရင် လက်ရှိကာကွယ်ဆေးတွေကြောင့် စပိုက်ပရိုတိန်းကို ပစ်မှတ်ထားတဲ့ ပဋိပစ္စည်းတွေထွက်ပေါ်နေချိန်မှာ ဗိုင်းရပ်ရဲ့ ပုံတူပွားပရိုတိန်းကို မှတ်သားသိရှိတိုက်ခိုက်မယ့် တီကလာပ်စည်းတွေက နောက်ထပ်အလွှာတစ်လွှာအနေနဲ့ကာကွယ် ပေးနိုင်မယ့်အတွက်ပါပဲ။

ဒါတင်မကသေးပါဘူး။  အခုတွေ့ရှိထားတဲ့နည်းလမ်းကို အသုံးပြုပြီး ဖော်စပ်လာမယ့် ကာကွယ်ဆေးဟာ ဗိုင်းရပ်ရဲ့ တခြားဗီဇပြောင်း ဗိုင်းရပ်တွေကိုပါ ကောင်းစွာဟန့်တားနိုင်ဦးမှာဖြစ်တဲ့အပြင် တီကလာပ်စည်းတွေက ခန္ဓာကိုယ်အတွင်း အချိန်ကြာမြင့်စွာ တည်ရှိ နေနိုင်တဲ့အတွက်  ရေရှည်ကိုယ်ခံအားကိုလည်းဖြစ်ပေါ်စေဦးမှာပါ။

ဒီသုတေသနနဲ့ပတ်သက်ပြီး ပညာရှင်တွေကဘယ်လိုနည်းနဲ့လေ့လာမှုတွေလုပ်ခဲ့တာလဲဆိုတာကို ဆက်လက်တင်ပြပါဦးမယ်။

အဓိကအားဖြင့် ဒီသုတေသနမှာပါဝင်ခဲ့သူတွေက လန်ဒန်မြို့ရှိ ကျန်းမာရေးဝန်ထမ်းများဖြစ်ပြီး ဗြိတိန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားပါပြီဆိုကတည်းက သူတို့ကိုလေ့လာမှုတွေလုပ်ခဲ့တာပါ။

ကျန်းမာရေးဝန်ထမ်းအစုတစ်ခုမှာဆိုရင် သူတို့ကို PCR နည်းနဲ့ပဲစစ်စစ်၊ ပဋိပစ္စည်းစမ်းသပ်တဲ့နည်းနဲ့ပဲစစ်စစ်   ဘယ်လိုပင်အကြိမ် ကြိမ်စစ်သော်ငြားလည်း သူတို့မှာကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရခြင်းမရှိဘူးဆိုတာကိုတွေ့ရပါတယ်။ သို့ပေမယ့် သူတို့ခန္ဓာကိုယ် အတွင်းမှာတော့ တီကလာပ်စည်းအရေအတွက် တိုးပွားများပြားလာတာကို ထင်ရှားစွာမြင်တွေ့ရပါတယ်။

ဒီအချက်ကိုကြည့်မယ်ဆိုရင် အဲဒီကျန်းမာရေးဝန်ထမ်းတချို့ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကို အပြည့်အဝရှောင် ရှားနိုင်ခြင်းမရှိ သော်လည်း ပုံမှန်စစ်ဆေးမှုတွေလုပ်ဆောင်ရာမှာမတွေ့ရတဲ့ ယာယီကူးစက်မှုမျိုးကိုတော့   ခံစားရဖွယ်ရှိနိုင်ပါတယ်။

ဒါ့အပြင်   အဲဒီကူးစက်မှုမျိုးကနေ SARS-CoV-2 ဗိုင်းရပ်ကိုပစ်မှတ်ထားတဲ့ တီကလာပ်စည်းတွေထွက်ပေါ်လာစေတာကြောင့် သူတို့ ဟာ ရောဂါပိုးကူးစက်မှုကိုမခံစားရခြင်းဖြစ်နိုင်တယ်လို့ သုတေသီတွေကဆိုပါတယ်။

လူတချို့ဟာ  သူတို့အနေနဲ့  ဗိုင်းရပ်ကူးစက်ခံရနိုင်ခြေရှိသော်လည်း   ထိုသို့ကူးစက်ခံရခြင်းမရှိကြောင်း၊ ဒီလိုဖြစ်ရတာက သူတို့ဟာ   ဗိုင်းရပ်ကိုတကယ်ပဲ ရှောင်လွှဲနိုင်ခဲ့တာလား။  ဒါမှမဟုတ်  ပုံမှန်စစ်ဆေးစမ်းသပ်မှုတွေမလုပ်ခင်မှာဘဲ ဗိုင်းရပ်တွေက သဘာဝ အလျောက် ပျောက်သွားတာလားဆိုတာကိုတော့ မသိရသေးဘူးလို့ ဦးဆောင်သုတေသီတစ်ဦးဖြစ်တဲ့ လီယိုဆွက်ဒလင်းက ပြောပါတယ်။

အဲဒီကျန်းမာရေးဝန်ထမ်းတွေရဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုလက္ခဏာနဲ့ ကိုယ်ခံအားထွက်ရှိမှုတို့ကို   စေ့စေ့ငုငု လေ့လာကြည့်လိုက် တဲ့အခါ လူအနည်းစုဆီမှာ SARS-CoV-2 ဗိုင်းရပ်ကိုသီးခြားပစ်မှတ်ထားတဲ့ တီကလာပ်စည်းတုံ့ပြန်မှု ထွက်ပေါ်တာကို တွေ့ရကြောင်းလည်း လီယိုဆွက်ဒလင်းက ဆက်ပြောပါတယ်။

အဘယ်အတွက်ကြောင့် လူတချို့ဟာတခြားသူတွေထက်ပိုပြီး ရောဂါကူးစက်မှုကိုကောင်းစွာရှင်းလင်းနိုင်တာလဲဆိုတဲ့ အဖြေကို တော့  လီယိုဆွက်ဒလင်းက  အခုလိုဖြေထားပါတယ်။

“အဖြစ်နိုင်ဆုံးကတော့  အဲဒီသူတွေရဲ့ရောဂါကူးစက်မှု ရာဇဝင်ကြောင့်လို့ပြောရပါလိမ့်မယ်။ ဗိုင်းရပ်ကိုမစစ်ဆေးမတွေ့ ရှိနိုင်မီ အဲဒီဗိုင်းရပ်ကို ထိန်းချုပ်လိုက်နိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ ကမ္ဘာ့ကပ်ရောဂါမစတင်မီကတည်းက ဗိုင်းရပ်ရဲ့ကိုယ်တွင်း အစိတ်အပိုင်းကို မှတ်သားသိရှိတိုက်ထုတ်နိုင်တဲ့  တီကလာပ်စည်းတွေရှိနှင့်ပြီးသားဖြစ်နေနိုင်ပါတယ်။  အဲဒီ တီကလာပ်စည်းတွေက  SARS-CoV-2 ဗိုင်းရပ်ကိုလည်း မှတ်သားသိရှိတိုက်ထုတ်ဖို့အတွက်  အသင့်ဖြစ်နေပြီးသားဖြစ်နိုင်ပါတယ်။”

နောက်ထပ်မေးခွန်းတစ်ခုဖြစ်တဲ့ အဲဒီကြိုတင်ဖြစ်နှင့် ပြီးသားတီကလာပ်စည်းတွေက ဘယ်ကလာတာလဲဆိုတာရဲ့အဖြေကိုလည်း   လီယိုဆွက်ဒလင်းက  အောက်ပါအတိုင်းပြန်ဖြေထားပါတယ်။

“နှစ်စဉ်သာမန်အအေးမိ၊ ဖျားနာဝေဒနာတွေကိုဖြစ်စေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်တွေရဲ့ အတွင်းအစိတ်အပိုင်းတွေဟာ အထပ်ထပ် ကာရံခြင်းခံထားရပြီး   အဲဒီအစိတ်အပိုင်းတွေကို တီကလာပ်စည်းတွေက ကောင်းစွာမှတ်သား သိရှိထားနိုင်ပါတယ်။ သူတို့အနေနဲ့ သာမန် အအေးမိဖျားနာဝေဒနာတွေကိုခံစားဖူးတယ်ဆိုရင် အဲဒီတီကလာပ်စည်းကထွက်ပေါ်နေနိုင်ဖွယ်ရှိပြီး အခုကပ်ရောဂါ ဖြစ်ချိန် မှာ ဗိုင်းရပ်ကပုံတူပွားမှုမလုပ်နိုင်ခင်မှာဘဲ တီကလာပ်စည်းတွေက  ဗိုင်းရပ်ကို ချေမှုန်းလိုက်နိုင်တာဖြစ်ပါတယ်။”

အနှစ်ချုပ်ဆိုရမယ်ဆိုရင် လက်ရှိအသုံးပြုနေတဲ့  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေက   ဗိုင်းရပ်ရဲ့စပိုက် ပရိုတိန်းကိုသာ အဓိက ပစ်မှတ်ထားတိုက်ခိုက်တာကြောင့်ရောဂါပိုးကူးစက်မှုအမြစ်ပြတ်နိုင်ခြေနည်းပါတယ်။

ဗိုင်းရပ်ကူးစက်မှုရဲ့မူလအစဖြစ်တဲ့ ပုံတူပွားလုပ်ငန်းစဉ်ကိုသာချေမှုန်းလိုက်နိုင်မယ်ဆိုရင် ရောဂါပျံ့နှံ့မှုလည်းရပ်တန့်သွားမှာပါ။ အဲဒီပုံတူပွားလုပ်ငန်းစဉ်ကိုချေမှုန်းနိုင်တာကတော့ ပုံတူပွားပရိုတိန်းကိုပစ်မှတ်ထားတိုက်ခိုက်တဲ့ တီကလာပ်စည်းတွေပါပဲ။ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါအပါအဝင် တခြားသော ကိုရိုနာဗိုင်းရပ်အမျိုးမျိုးကြောင့် ဖြစ်တဲ့ရောဂါအမျိုးမျိုးကိုတားဆီးနိုင်စေဖို့ တီက လာပ်စည်းတွေကိုထွက်ပေါ်စေမယ့် မျိုးဆက်သစ်ရောဂါ ကာကွယ်ဆေးများအတွက်  အဓိကပစ်မှတ်က ပုံတူပွား ပရိုတိန်းများသာ ဖြစ်လာမှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Source: Scitech Daily

ထက်မြတ်