၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ယခုကာလ အတွင်း လူမှုစီးပွား ဘဝထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်နှင့် ဒေသခံ ပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်ရှိ ကျေးရွာပေါင်း ၁၁ ရွာ၌ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ယခုအခါရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ပုလောမြို့နယ်အတွင်းရှိ နတ်အိမ်ကန်း၊ မီးလောင်အော်၊ ကြပ်ချောင်း၊ မြို့ဟောင်း၊ လယ်ထဲ၊ ဆယ်အိမ်စု၊ ရေရှမ်း၊ သပြုပြင်၊ ကထောင်းနီ၊ ကပတောင်ကြီး၊ ဥယျာဉ်ကမ်းစသည့် ကျေးရွာ ၁၁ ရွာ၌ Cash For Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် မြေသားလမ်းခင်းခြင်းလုပ်ငန်း တစ်ခု၊ ဂဝံမြေသားလမ်းခင်းခြင်းလုပ်ငန်း ခြောက်ခု၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း တစ်ခု၊ Box Culvert သုံးစင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်း နှစ်ခု၊ စာသင်ကျောင်းပြုပြင်ခြင်း လုပ်ငန်း နှစ်ခု၊ ဘောလုံးကွင်းပြုပြင်ခြင်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း တစ်ခုတို့ကို ဇူလိုင် ဒုတိယပတ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံးရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက COVID-19 ရောဂါအကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက် ဒေသများရှိ ပြည်သူများအား အခြေခံအဆောက်အဦဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာများတွင် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အဆိုပါစီမံကိန်းကို ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးလမင်းချစ်ထံမှ သိရသည်။