ယခုတစ်ပတ်အတွင်း ပြည်တွင်း၌ ဆန်ကြမ်းဈေးနှုန်းနှင့် ဆန်ချောဈေးနှုန်း အနည်းငယ် မြင့်တက်လာ သော်လည်း အရောင်းအဝယ်ကောင်းနေကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း (ဝါးတန်းကုန် စည်ဒိုင်) တွဲဖက်အတွင်းရေးမှူး ဦးဇော်ခိုင်၏ ပြောဆိုချက်အရ သိရသည်။ ထိုသို့ ဈေးနှုန်းမြင့်တက်ရာတွင် ပြီးခဲ့သည့် တစ်ပတ်ကထက် ဆန်ကြမ်းနှင့် ဆန်ချော တစ်အိတ်လျှင် ငွေကျပ် ၅၀၀ မှ ၁၀၀၀ ဝန်းကျင် မြင့်တက်နေခြင်းဖြစ်သည်။ ဆန်ဈေးနှုန်းမှာ အမြင့်ပိုင်းတွင် ဆက်လက် ရှိနေနိုင်ပြီး အတက်အကျအနည်းငယ်သာ ရှိနိုင်ကြောင်း သိရသည်။
“လတ်တလော အခြေအနေကတော့ ဆန်ဈေးနှုန်းက အမြင့်ပိုင်းမှာပဲ ဈေးကွက် ခပ်အေးအေးနဲ့ ရှိနေနိုင်ပါတယ်။ လက်ရှိမှာ ဝယ်လိုအားပေါ် အခြေခံပြီးတော့မှ ပြောလို့ ရမယ်။ စပါးဈေးနှုန်းကတော့ အတက်အကျ သိပ်မရှိပါဘူး”ဟု ဦးဇော်ခိုင်ကပြောသည်။ စက်တင်ဘာဒုတိယပတ်တွင် ဧည့်မထအုပ်စုဝင် ဆန်ကြမ်းတစ်အိတ်လျှင် ငွေကျပ် ၂၂၀၀၀ မှ ၂၅၅၀၀၊ ရက် ၉၀ ဆန်တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀ မှ ၂၇၅၀၀ အထိ ဈေးနှုန်းရှိနေပြီး ပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀ မှ ၄၀၀၀၀၊ ကျားပျံ တစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀ မှ ၄၂၀၀၀၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ် ၅၃၀၀၀ မှ ၅၈၀၀၀ အထိ ဈေးနှုန်းရှိသည်။ ရန်ကုန်မြို့ ဝါးတန်းကုန်စည်ဒိုင်သို့ ယခုရက်ပိုင်းအတွင်း တစ်ရက်လျှင် ဆန်အိတ်ရေ ၃၀၀၀၀ မှ ၅၀၀၀၀ ကြားဝင်ရောက်နေပြီး ဧရာဝတီတိုင်းဒေသကြီးမှ အဓိကဝင်ရောက်လျက် ရှိကြောင်း သိရသည်။
နေနေ