အမေရိကန်အတွက် ခြိမ်းခြောက်မှုအဖြစ် ထွက်ပေါ်လာသည့် ဆိုက်ဘာတိုက်ခိုက်မှု

အမေရိကန်အတွက် ခြိမ်းခြောက်မှုအဖြစ် ထွက်ပေါ်လာသည့် ဆိုက်ဘာတိုက်ခိုက်မှု

ကမ္ဘာ့နိုင်ငံအများအပြား၌    ဖြစ်ပွားနေသော ဆိုက်ဘာတိုက်ခိုက်မှုသည် ယခုအခါ စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိလာပြီဟုဆိုနိုင်သည်။

ဟက်ကာတစ်ဦးသည် အမေရိကန်ရှိ ပြည်ထောင်စု ထောက်လှမ်းရေးဗျူရိုမှ အီးမေးလ်စနစ်ကို ဆိုက်ဘာတိုက်ခိုက်ပြီးနောက်   အဆိုပါစနစ် အတွင်းသို့ဝင်ရောက်ခဲ့သည်ဟု  ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရိုမှ  အရာရှိတစ်ဦးက   နိုဝင်ဘာ ၁၂ ရက်တွင် ပြောသည်။

အဆိုပါဆိုက်ဘာ တိုက်ခိုက်မှုအတွင်း ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို၏ ပြင်ပအီးမေးလ်စနစ် တိုက်ခိုက်ခံလိုက်ရပြီး ယင်းတိုက်ခိုက်မှုကို ဆိုက်ဘာတိုက်ခိုက်မှု အထူးကျွမ်းကျင်သူ  ဗင်းနီထရွိုင်လာက  လုပ်ဆောင်ခဲ့သည်ဟု ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို သို့ပေးပို့ခဲ့သည့် အီးမေးလ်တစ်စောင်တွင် ဖော်ပြထားသည်ဟု အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍  Bloomberg သတင်းဌာနက  ဖော်ပြထားသည်။အဆိုပါ ဗင်းနီထရွိုင်လာသည် ခြိမ်းခြောက်၍ ငွေညှစ်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သော The Dark Overlord နှင့်ဆက်စပ်နေသည်ဟု ယူဆရသည်။ အဆိုပါငွေညှစ် ခြိမ်းခြောက်သည့် အဖွဲ့ကို ဥရောပအခြေစိုက် အကျိုးအမြတ် ရယူခြင်းမရှိသည့်     Spamhaus အဖွဲ့က ထောက်လှမ်းခြေရာ ခံနိုင်ခဲ့ခြင်းဖြစ်သည်။

ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို၏ အီးမေးလ်အတုဖြင့် ထောင်ပေါင်း များစွာသော အီးမေးလ်များကို အဖွဲ့အစည်း များထံ ပေးပို့ခဲ့သည်။ ယင်းအချက်ကို အမေရိကန် အာဏာပိုင်များက ထောက်ခံထားသည်။ အဖွဲ့အစည်း ထောင်ပေါင်းများစွာထံ  ပေးပို့ခဲ့သည့်  အီးမေးလ်များတွင် အီးမေးလ်စနစ် အတွင်း၌ ခြိမ်းခြောက်မှုရှိသည်ဟု   ဖော်ပြထားပြီး   ယင်းနောက်ပိုင်းတွင် အလားတူခြိမ်းခြောက် စာတုများကို   အမေရိကန် အင်တာနက်ဆိုင်ရာ ကိန်းဂဏန်းများ လေ့လာရေးအဖွဲ့သို့လည်း  ပေးပို့ခဲ့သည်။  အဆိုပါအဖွဲ့သည် အကျိုးအမြတ်ရယူခြင်း မရှိသည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ပြီး အင်တာနက် အသုံးပြုသည့် IP  လိပ်စာများကို ဖော်ထုတ်ပေးသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ယခုဖြစ်ပွားသည့်ဖြစ်စဉ်သည် အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရိုအား  ပစ်မှတ်ထား လုပ်ဆောင်သော ဆိုက်ဘာတိုက်ခိုက်မှုဖြစ်သည်။ အတိတ်ကို ပြန်လည်လေ့လာမည် ဆိုပါက အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန တို့ထံ ဝင်ရောက်သော အီးမေးလ်များကို ရုရှားအစိုးရက ထောက်ပံ့ပေးထားသည့် ဆိုက်ဘာတိုက်ခိုက်ရေး အဖွဲ့က ၂ဝ၂ဝ ပြည့်နှစ်နှောင်းပိုင်းတွင် စောင့်ကြည့်နေခဲ့သည်ဟု ဆိုထားသည်။

ယင်းဆိုက်ဘာ တိုက်ခိုက်မှုကို APT29  သို့မဟုတ် Cozy Bear  ဟု အမည်ပေးထားသည့် ဆိုက်ဘာတိုက်ခိုက်ရေး အဖွဲ့က လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။ ယင်းအဖွဲ့သည် ရုရှားနိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့ (SVR)  အတွက်  အလုပ်လုပ်ဆောင်ပေးနေသည့်အဖွဲ့ဟုလည်း  ယူဆနိုင်သည်။  အဆိုပါအဖွဲ့သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏  ထောက်လှမ်းရေး အဖွဲ့ဟု အမေရိကန်က ရှုမြင်နေသည်။

ထို့ပြင်  ရုရှားနိုင်ငံ၌ အခြေစိုက်သည့်  အဆိုပါ ဆိုက်ဘာတိုက်ခိုက်ရေး အဖွဲ့သည်   အမေရိကန်ရှိ  နည်းပညာ ကုမ္ပဏီပေါင်း  ၁၄ဝ ခန့်ကို   ဆိုက်ဘာ တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည့်အပြင် အမေရိကန်၏ ဆိုက်ဘာလုံခြုံရေး   အခြေခံအဆောက်အအုံများ အတွင်းသို့ပါ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်ဟု သတင်းဌာနများတွင် ဖော်ပြထားသည်။ အဆိုပါဖြစ်စဉ်သည် အမေရိကန် အစိုးရက ရုရှား သံအမှုထမ်း ၁ဝ ဦးကို နိုင်ငံအတွင်းမှ  နှင်ထုတ်ခြင်းမပြုမီ လအနည်းငယ်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမေရိကန်သည် ယခုအခါ ဆိုက်ဘာခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရပြီဖြစ်သည်။ အမေရိကန်အစိုးရသည် များသောအားဖြင့် နိုင်ငံအတွင်း၌ဖြစ်ပွားသည့် ဆိုက်ဘာ တိုက်ခိုက်မှုများမှာ ပြိုင်ဘက်နိုင်ငံကြီးများ ဖြစ်သော ရုရှား၊ တရုတ်အပြင် အီရန်တို့၏လက်ချက် ဖြစ်သည်ဟု စွပ်စွဲပြောဆိုထားသည်ကို တွေ့ရသည်။ အမေရိကန် ရင်ဆိုင်တွေ့ကြုံနေရသည့်   ဆိုက်ဘာ ခြိမ်းခြောက်မှုများကို  ကြည့်မည်ဆိုပါက အမျိုးမျိုး တွေ့ရမည်ဖြစ်သည်။

ပထမဆုံးသော     ခြိမ်းခြောက်မှု အမျိုးအစားမှာ ကွန်ပျူတာစနစ်တစ်ခုလုံး  လုံးဝချည့်နဲ့ သွားစေနိုင်သည့် သို့မဟုတ် ရပ်ဆိုင်းသွားစေနိုင်သည့် သို့မဟုတ် ဆိုက်ဘာ တိုက်ခိုက်သူများက အဆိုပါ ကွန်ပျူတာစနစ် အတွင်းသို့ တရားမဝင်ဝင်ရောက်ပြီး ကွန်ပျူတာစနစ်အတွင်းရှိ အချက်အလက်များကို ခိုးယူသွားနိုင်သည့် Wiper  ဆော့ဖ်ဝဲလ်သည်  အမေရိကန်အစိုးရနှင့် စီးပွားရေး ကုမ္ပဏီများကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်နေသည်ဟု ဆိုနိုင်သည်။

ဆိုက်ဘာတိုက်ခိုက်ရေး အဖွဲ့အစည်းများသည် ယင်းဆော့ဖ်ဝဲလ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းမရှိသော်လည်း မကြာမီအနာဂတ်တွင် နိုင်ငံတချို့က အသုံးပြုလာမည့် အလားအလာရှိသည်။ အကြောင်းမှာ ယခုအခါ နိုင်ငံအများအပြားသည် ဆိုက်ဘာ နည်းပညာနှင့် လုံခြုံရေးကဏ္ဍတို့တွင်   တက်တက်ကြွကြွ ပါဝင်လာပြီ ဖြစ်သောကြောင့်ပင်ဖြစ်သည်။

ဆိုက်ဘာတိုက်ခိုက်ရန် Wiper ဆော့ဖ်ဝဲလ်ကို အသုံးပြုနိုင်သည့် အဓိကနိုင်ငံတစ်နိုင်ငံမှာ အရှေ့အလယ်ပိုင်း ဒေသရှိ    အီရန်ဖြစ်သည်။  အီရန်နိုင်ငံသည် အစ္စရေးအား  ဆိုက်ဘာတိုက်ခိုက်မှုများ  တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ယင်းနှစ်နိုင်ငံကြား  အပြန်အလှန်

ဆိုက်ဘာတိုက်ခိုက်မှုများမှာ ၂ဝ၂ဝ ပြည့်နှစ်တွင် သိသိသာသာမြင့်တက်လာသည်။  ထို့ကြောင့် အီရန်၏ ဆိုက်ဘာတိုက်ခိုက်မှုသည် တစ်ချိန်ချိန်တွင် အမေရိကန်ကိုပါ ပစ်မှတ်ထားလာနိုင်သည်ဟုဆိုနိုင်သည်။

ယနေ့တွင်  အမေရိကန်က  ပြိုင်ဘက်နိုင်ငံကြီး တစ်နိုင်ငံအဖြစ် သဘောထား ရှုမြင်နေသည့် တရုတ်နိုင်ငံ၏ ဆိုက်ဘာနည်းပညာ၊ မှတ်ဉာဏ်တုနည်းပညာ မှာလည်း    အလျင်အမြန် တိုးတက်လာပြီဖြစ်သည်။ တရုတ်နိုင်ငံသည်    အမေရိကန် ကုမ္ပဏီများအား ဆိုက်ဘာတိုက်ခိုက်ပြီး ယင်းကုမ္ပဏီများထံမှ နည်းပညာများကို တရားမဝင် ယူဆောင်နေသည်ဟု အမေရိကန်က ထပ်တလဲလဲ စွပ်စွဲထားသည်။

ထို့ကြောင့် အချုပ်အားဖြင့်ဆိုရပါမူ အမေရိကန်၏ ပြိုင်ဘက်များအနေဖြင့် ဆိုက်ဘာနည်းပညာ တိုးတက်လာမှုကို အမေရိကန်အစိုးရက အနီးကပ်စောင့်ကြည့် နေပြီး နိုင်ငံအတွက်အရေးပါသည့် အခြေခံအဆောက် အအုံများဖြစ်သော  လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကွန်ရက်များ၊ ရေဆိုးသန့်စင်ရေး စနစ်များနှင့် စက်ရုံများ၊ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ရေးလုပ်ငန်းများ၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများကို ကာကွယ်နိုင်ရေး အတွက် ကြိုးပမ်း လုပ်ဆောင် နေပြီဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။      ။