ရုရှားနှင့်နေတိုး တပ်ဖွဲ့တို့ကြား ဆက်ဆံရေးအကြောင်း တစ်စေ့တစ်စောင်း

ရုရှားနှင့်နေတိုး တပ်ဖွဲ့တို့ကြား ဆက်ဆံရေးအကြောင်း တစ်စေ့တစ်စောင်း

ရုရှားနိုင်ငံအနီးတစ်ဝိုက်တွင်  နေတိုးတပ်ဖွဲ့က လုပ်ဆောင်နေသည့် စစ်ရေးလုပ်ဆောင်နေမှုသည်  ရုရှားနှင့်နေတိုး တို့ကြားရှိ   ရှိရင်းစွဲ မယုံကြည်မှုများကို မြင့်တက်လာစေနိုင်သည့် အလားအလာများ ထွက်ပေါ်လာစေလျက်ရှိသည်ကို တွေ့ရသည်။  အဖွဲ့ဝင်နိုင်ငံပေါင်း ၃ဝ ပါဝင်သည့် နေတိုးတပ်ဖွဲ့သည် ၎င်းတို့အနေဖြင့် ခက်ခဲရှုပ်ထွေးသည့် လုံခြုံရေး ဝန်းကျင်နှင့် ရင်ဆိုင်နေရသည်ဟု ယူဆထားသည်။

ထို့ကြောင့်  ကြိုတင်မျှော်မှန်းထားနိုင်ခြင်း မရှိသည့်   စိန်ခေါ်မှုများအတွက် ပြင်ဆင်ရန်  NATO 2030 မူဝါဒတစ်ရပ်ကို ချမှတ်ဖော်ဆောင်နေသည်ကိုလည်း တွေ့ရသည်။    အဓိကရည်မှန်းချက်မှာ  ရုရှားမှ ထွက်ပေါ်လာနိုင်သည့်  ခြိမ်းခြောက်မှုများ အတွက် ပြင်ဆင်ရေး ပူးပေါင်း လုပ်ဆောင်ရန် ဖြစ်သည်။  ထို့ပြင်နေတိုးတပ်ဖွဲ့သည်  ရုရှားနိုင်ငံအနီးတွင် စစ်ရေးလေ့ကျင့်မှုများကိုပါ  လုပ်ဆောင်လာသောကြောင့်   ရုရှားထံမှ တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့ရသည်။

ပင်လယ်နက်အတွင်း  နေတိုးတပ်ဖွဲ့က လုပ်ဆောင်သည့် စစ်ရေးလေ့ကျင့်မှုသည် နိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်း၌ ပြောကြားလိုက်သည်။ နေတိုးတပ်ဖွဲ့သည် ယခုအခါ  ၎င်းတို့၏ စစ်ရေးအရဖြန့်ကြက်မှုကို   မြေထဲပင်လယ်ကိုဖြတ်၍   ရုရှားနိုင်ငံ၏ နယ်စပ်အထိ တိုးမြှင့်လာသည်ကို တွေ့ရကြောင်း၊ ပင်လယ်နက်အတွင်း  ၎င်းတို့ လုပ်ဆောင်ခဲ့သည့် စစ်ရေးလေ့ကျင့်မှု၌   လေတပ်ကို အသုံးပြု၍လုပ်ဆောင်ခြင်းသည်   နိုင်ငံအတွက် စိန်ခေါ်မှု တစ်ရပ်ပင်ဖြစ်သည်ဟု သမ္မတ ပူတင်ကပြောသည်။ 

ရုရှားအား  ပြိုင်ဘက်နိုင်ငံ တစ်နိုင်ငံအဖြစ် သဘောထားသည့်  အမေရိကန်နိုင်ငံနှင့်    ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက် နိုင်ငံများသည် စစ်ရေးလေ့ကျင့်မှုကို စီစဉ်ထားခြင်းမရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု    ရုရှားက ဆိုထားသည်။

ပင်လယ်နက်ဒေသအတွင်း ထိုသို့သော စီစဉ်ထားခြင်းမရှိသည့် စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်လာသည့်အပြင် စစ်ရေးလေ့ကျင့်မှု အတွင်းမှာလည်း တိုက်ခိုက်ရေး စွမ်းဆောင်မှုမြင့်မားသည့် ရေတပ်သင်္ဘော အုပ်စုကိုသာမက   မဟာဗျူဟာမြောက်ပျံသန်းရေး တပ်ဖွဲ့ကိုပါ အသုံးပြုခြင်းကြောင့်  ယင်းလုပ်ဆောင်ချက်သည်   ရုရှားနိုင်ငံအတွက်   စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ဟု  သမ္မတပူတင်က ရည်ညွှန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံအနေဖြင့် အမေရိကန်ဦးဆောင်သည့် နေတိုးတပ်ဖွဲ့ကစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ခဲ့ရာ ဒေသများ၌  စစ်ရေးလေ့ကျင့်မှုများကို ကြိုတင်ပြင်ဆင်ခြင်းမရှိဘဲ လုပ်ဆောင်သွားရန် စီစဉ်ထားသည်ကို တွေ့ရသည်။ ယင်းလုပ်ဆောင်မှုသည်  အမေရိကန် ဦးဆောင်သည့် နေတိုးတပ်ဖွဲ့၏ ဆောင်ရွက်ချက်ကို တုံ့ပြန်ရန်ဖြစ် သော်လည်း အခြားအကျိုး သက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သည်။ 

ထို့ကြောင့် နေတိုးအနေဖြင့် ပင်လယ်နက် ဒေသရှိသည့်နေရာများ၌  ရုရှားက စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ခြင်းသည် သင့်တော်မှု မရှိဟု ယူဆထားကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည်  ရုရှားနှင့် နေတိုးတပ်ဖွဲ့တို့ကြား တင်းမာမှုကို ပိုမိုမြင့်တက်လာစေနိုင်သည်ဟု ရုရှားက ဆိုထားခြင်းဖြစ်သည်။

အမေရိကန်နှင့် နေတိုးတပ်ဖွဲ့တို့သည် ရုရှားရေပိုင်နက်အနီးတွင် စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့သည့်အပြင်  ယခင်ကလည်း  အမေရိကန်ရေတပ်မှ USS Mount Whitney သည်   ပင်လယ်နက် အတွင်းသို့   ဝင်ရောက်ခဲ့ဖူးသောကြောင့် နေတိုးနှင့်အမေရိကန်တို့၏ စစ်ရေးလေ့ကျင့်မှုများကို အနီးကပ်စောင့်ကြည့် နေဖွယ်ရှိသည်ဟုလည်း ဆိုနိုင်သည်။  ထို့ကြောင့် ရုရှားအစိုးရသည် ၎င်းတို့၏ စောင့်ကြည့်ရေး လေယာဉ်များကို စေလွှတ်၍ အမေရိကန်စစ်သင်္ဘော၏ အခြေအနေကို စောင့်ကြည့်ခဲ့ရသည်။

ရုရှားအစိုးရသည် အမေရိကန် ဦးဆောင်သည့် နေတိုးတပ်ဖွဲ့က  တိုးမြှင့် လုပ်ဆောင်လာသည့် စစ်ရေး လုပ်ဆောင်ချက်များနှင့် စပ်လျှဉ်း၍အကြိမ်ကြိမ် သတိပေးထားပြီး ဖြစ်သည်။ နေတိုးတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို ကြည့်မည်ဆိုပါက    ၎င်းတို့သည် ပင်လယ်နက်ဒေသအတွင်း ရန်လိုမှုများကို ဖန်တီးနေသည့်အပြင် ရုရှားထိန်းချုပ်ရေး မူဝါဒကို အကောင်အထည်ဖော်ဆောင်လျက် ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ရုရှားနိုင်ငံအနီးရှိ နယ်စပ်များသို့ နေတိုးနှင့် အမေရိကန်တို့က  စစ်ရေယာဉ်များကို စေလွှတ်ခြင်းသည်  တင်းမာမှုများကိုသာ မြင့်တက်လာစေနိုင်ပြီး   အလွန်အန္တရာယ်များသည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု သမ္မတ ပူတင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ယခင်ကတည်းက သတိပေးထားပြီး ဖြစ်သည်။

အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများ၏ အမြင်ကို  လေ့လာဆန်းစစ်မည် ဆိုပါက  ရုရှားကယူကရိန်းနိုင်ငံမှ ခရိုင်းမီးယားဒေသကို  နိုင်ငံ့ပိုင်နက် အတွင်းသို့ သွတ်သွင်းလိုက်ပြီးနောက်    ယင်းနိုင်ငံကို ဆက်လက် ကျူးကျော်ရန် စီစဉ်နေသည်ဟုယူဆနေသည်ကို တွေ့ရသည်။ အထူးသဖြင့် ယူကရိန်းနိုင်ငံ  ဒွန်ဘက်ဒေသ၌  ရုရှားကစစ်ရေးအရ ဆက်လက်ပါဝင် နေမည်ကို စိုးရိမ်နေသည်ဟုလည်း ဆိုနိုင်သည်။ သို့သော်ရုရှားအစိုးရသည်  ၎င်းတို့၏တပ်များကို  ဒွန်ဘက်ဒေသတွင် ပါဝင်ရန် ခွင့်ပြုထားခြင်းမရှိဟုဆိုထားသည်။ ဒွန်ဘက်ဒေသတွင် ယူကရိန်း အစိုးရတပ်များကို တိုက်ခိုက်နေသည့် အတိုက်အခံတပ်များမှာ ရုရှားဘာသာ စကားပြောသူများဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏နယ်မြေကို  ရုရှားနှင့်ပေါင်းစည်းရေးအား   ထောက်ခံနေသူများ ဖြစ်သည်။ထို့ကြောင့် အနောက်နိုင်ငံများနှင့် ရုရှား တို့ကြား သဘောထားကွဲလွဲမှုများ မြင့်တက်လာခြင်းဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံက ယခင်ဆိုဗီယက် သြဇာလွှမ်းမိုးခြင်း ခံခဲ့ရသည့်    အရှေ့ဥရောပရှိ နိုင်ငံတချို့ကိုလည်း ယူကရိန်းနည်းတူ ကျူးကျော်မည် သို့မဟုတ် နိုင်ငံရေးအရ  လွှမ်းမိုးလာမည်ကို  စိုးရိမ်လျက်ရှိသည်ဟု ဆိုနိုင်သည်။  ထို့ကြောင့် နေတိုးတပ်ဖွဲ့က   အရှေ့ဥရောပရှိ   ၎င်းတို့၏ အဖွဲ့ဝင်နိုင်ငံများ၌   တပ်ဖွဲ့ဝင်များကို သာမက  စစ်လက်နက် ခဲယမ်းများကိုပါ ဖြန့်ကြက်ထားခြင်းဖြစ်သည်။   နေတိုးက ထိုသို့တပ်ဖွဲ့များ တိုးမြှင့်ဖြန့်ကြက်ခြင်းသည် နိုင်ငံအတွက်ခြိမ်းခြောက်မှု အဖြစ်ရှိနေသည်ဟု ရုရှားအစိုးရက ဝေဖန်ပြောဆိုထားသည်။ ယင်းအချက်ကိုကြည့်မည်ဆိုပါက နေတိုးတပ်ဖွဲ့နှင့် ရုရှားတို့ကြား အပြန်အလှန်ယုံကြည်မှု   တည်ဆောက်နိုင်ရန် လိုအပ်နေခြင်းကို ပြသလျက်ရှိသည်ဟု ဆိုနိုင်သည်။

တစ်ချိန်တည်းမှာပင်   စစ်ရေးအရ လွှမ်းမိုးမှုကြီးထွားလာသည့်  ရုရှားနိုင်ငံ၏ သြဇာအာဏာ ကြီးထွားလာမှုသည် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများအတွက် စိန်ခေါ်မှုဖြစ်သည်ဟု အနောက်နိုင်ငံများကရှုမြင်နေသည်။ အထူးသဖြင့် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံမှ ခရိုင်းမီးယား ဒေသအားနိုင်ငံ၏ ပိုင်နက်အတွင်းသို့ သွတ်သွင်းလိုက် သည့်နည်းတူ အရှေ့ဥရောပရှိ   နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့်ပိုလန်အပါအဝင်အခြားနိုင်ငံငယ်များကို ကျူးကျော် တိုက်ခိုက်လာမည်ကို အမေရိကန်နှင့် နေတိုးတပ်ဖွဲ့က စိုးရိမ်နေဖွယ်ရှိသည်။  

ထို့ကြောင့်  နေတိုးတပ်ဖွဲ့က ၎င်းတို့၏ စစ်အင်အားကို ရုရှားနယ်စပ်အနီးတွင် တိုးမြှင့်ဖြန့်ကြက်လာခြင်း ဖြစ်သောကြောင့် နေတိုးနှင့်ရုရှားတို့အနေဖြင့် နှစ်ဦးနှစ်ဖက်ကြားသဘောထား ကွဲလွဲမှုများကို နိုင်ငံရေးအရဖြေရှင်း၍  အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရန် အရေးတကြီး လိုအပ်လျက်ရှိကြောင်း  ရေးသား တင်ပြလိုက်ရပါသည်။   ။