စာပေဆုချီးမြှင့်ခြင်းဖြင့် စာပေကဏ္ဍ မြှင့်တင်စို့

စာပေဆုချီးမြှင့်ခြင်းဖြင့် စာပေကဏ္ဍ မြှင့်တင်စို့

ကျွန်တော်တို့မြန်မာနိုင်ငံတွင် စာဆိုများအား နှစ်စဉ်နှစ်တိုင်း အခမ်းအနားဖြင့်ဂုဏ်ပြုချီးမြှင့်လာခဲ့သည်မှာ  ယနေ့တိုင်ဖြစ်သည်။  စာဆိုတို့သည် မိမိတို့နိုင်ငံ၏  နိုင်ငံရေး၊  စီးပွားရေး၊ လူမှုရေး၊ ဘာသာသာသနာရေးနှင့် စာပေယဉ်ကျေးမှု အသိပညာ ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာအောင် စာပေဖြင့်  လမ်းပြစွမ်းဆောင်ခဲ့ကြသည်၊၊ ဤသို့ စာပေသမားများက နိုင်ငံတော်အတွက်၊ ပြည်သူလူထု အတွက် စွမ်းစွမ်းတမံစွမ်းဆောင်ခဲ့ကြသကဲ့သို့  နိုင်ငံတော်ကလည်း  စာပေသမားပညာရှင်များကို ရိုရိုသေသေလေးလေးစားစား ဂုဏ်ပြုခဲ့ကြသည်။

မြန်မာစာပေသည် ပုဂံခေတ်မှ ယနေ့မျက်မှောက်ခေတ်တိုင် သက်တမ်းရှည်ကြာစွာတင့်တယ်ဝင့်ထည်စွာဖြတ်သန်းလာခဲ့သည်။ ခေတ်အဆက် ဆက်ပေါ်ထွန်းခဲ့သော မြန်မာစာပေလက်ရာများသည် ဂုဏ်ယူဖွယ်ရာမြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ အဖြစ်တည် ရှိခဲ့သည်။ မြန်မာစာပေသမိုင်းတစ်လျှောက် ရဟန်းစာဆို၊လူစာဆိုတို့သည် စာကောင်းပေမွန်များစွာကိုရေးသားခဲ့ကြသည်။ မြန်မာ စာပေသည် ပုဂံခေတ်၊ ပင်းယခေတ်၊အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်အထိ ဖွံ့ဖြိုးတိုး တက်လာခဲ့သည်။

ကိုလိုနီခေတ်တွင် သူ့ကျွန်ဘဝရောက်ခဲ့ရသော်လည်း မျိုးချစ်စာဆိုတို့က မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်စွမ်းသမျှ ကြိုးပမ်း အားထုတ်ခဲ့ကြသည်။ ယနေ့မျက်မှောက်ခေတ်တွင်လည်း စာဆိုတို့သည် စာပေဖြင့် နိုင်ငံနှင့်ပြည်သူ့အကျိုးသယ်ပိုးနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိသည်။ စာပေမြင့်မှလူမျိုးတင့်မည်ဟူသောအသိဖြင့် စာပေယဉ်ကျေးမှုအဆင့်အတန်းမြင့်မားအောင် ရေးသား လမ်းပြမြှင့်တင်ပေးလျက်ရှိသည်။

နိုင်ငံတော်ကလည်း မြန်မာ့ယဉ်ကျေးမှု အနုပညာအဖြာဖြာ ဖွံ့ဖြိုးတိုးတက်အောင်၊ မြန်မာ့ဓလေ့ မြန်မာ့ဟန်ကို လေးစားမြတ် နိုးတတ်အောင်၊ မြန်မာ့အရေး၊ မြန်မာ့အတွေးတို့ကို ထင်ဟပ်ဖော်ကျူးနိုင်အောင် ကြိုးစားရေးသားခဲ့ကြသည့် စာကောင်းပေမွန်များ ကိုနိုင်ငံတော်အဆင့် အမျိုးသားစာပေဆုများ ရွေးချယ်၍ စာဆိုတော်နေ့ အခမ်းအနားများတွင် ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိသည်။  နိုင်ငံတော် က အမျိုးသားစာပေဆုကိုပုံသဏ္ဌာန်အမျိုးမျိုးဖြင့်ပြောင်းလဲချီးမြှင့်လာခဲ့သည်မှာနှစ်ပေါင်း ၇၀ ကျော်လာခဲ့ပြီဖြစ်သည်။ ၁၉၄၇ ခုနှစ် သြဂုတ်လတွင် စာပေဗိမာန်ကို  တည်ထောင်ခဲ့ပြီး ၁၉၄၈ ခုနှစ်မှစ၍ စာပေဗိမာန်ကာလပေါ်ဝတ္ထုဆုကို ချီးမြှင့်ခဲ့သည်။ ထို့နောက် စာပဒေသာဆု၊ ဘာသာပြန်ဆုများတိုးတက်ချီးမြှင့်ခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် စာပေဗိမာန်ဆု အမျိုးအစား ခုနစ်မျိုးအထိ ရှိလာသည်။

၁၉၆၂ ခုနှစ်တွင် စာပေဗိမာန်ဆုကို အနုပညာဆိုင်ရာ စာပေဆုဟုပြောင်းလဲသတ်မှတ်ပြီး ဘာသာရပ်ကိုးမျိုးအထိ တိုး၍ချီးမြှင့်ခဲ့ သည်။ ၁၉၆၃ ခုနှစ်တွင်မူ ပုံနှိပ်ပြီးစာအုပ်များနှင့် ပုံမနှိပ်ရသေးသော စာမူများ ပူးတွဲယှဉ်ပြိုင်ရသည့်စနစ်ကို ကျင့်သုံးခဲ့သည်။ ၁၉၆၅ ခုနှစ်တွင်မူ အမျိုးသားစာပေဆု အမည်ဖြင့်သာ ပြောင်းလဲချီးမြှင့်ခဲ့သည်။ တစ်ဖန် ၁၉၆၉ ခုနှစ်တွင် ပြိုင်ပွဲဖြင့်ယှဉ်ပြိုင် ရသည့် စနစ်ကိုဖျက်သိမ်း၍ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ပထမအကြိမ်ထုတ်ဝေသည့် စာအုပ်များမှ ဘာသာရပ်အလိုက် အကောင်းဆုံး တစ်အုပ်ရွေးချယ်ကာ အမျိုးသားစာပေဆုအဖြစ်ချီးမြှင့်ခဲ့သည်။ ပုံမနှိပ်ရသေးသောစာမူများကိုကား စာပေဗိမာန်စာမူ ဆုအဖြစ် ရွေးချယ်ချီးမြှင့်ရန် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ဤသို့ချီးမြှင့်သည့်စနစ်ကို ကျင့်သုံးလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ထိုသို့  စာပေ ဗိမာန်ဆုများ ရွေးချယ်ချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်မှာ ပုံနှိပ်ဖော်ပြခြင်းမပြုရသေးသော ကလောင်ရှင်တို့၏  ကောင်းမွန်သည့် စာမူများကို စာအုပ်အဖြစ်ပုံနှိပ်ထွက်ပေါ်လာနိုင်ရန်ဖြစ်သည်။

နိုင်ငံတော်က အမျိုးသားစာပေဆုကိုဘာသာရပ်များတဖြည်းဖြည်းတိုးချဲ့ချီးမြှင့်လာခဲ့ရာ ယခုအခါ ဘာသာရပ်ကိုးမျိုးမှ ၁၈ မျိုးအထိရှိ လာခဲ့ပြီဖြစ်သည်။စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင်လည်း ဘာသာရပ်ကိုးမျိုးမှ  ၁၃ မျိုးအထိတိုးတက်ချီးမြှင့်လာခဲ့ပြီဖြစ်သည်။ ထို့ပြင် မြန်မာစာပေအကျိုးကို တစ်သက်တာလုံး ထူးချွန်ပြောင်မြောက်စွာ အားထုတ်ရေးသားခဲ့ကြသည့် စာရေးဆရာပုဂ္ဂိုလ်ကြီးများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုလျက် နိုင်ငံတော်က အမျိုးသားစာပေတစ်သက်တာဆုကို ၂၀၀၁ ခုနှစ်မှစ၍ ချီးမြှင့်ခဲ့ သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အမျိုးသားစာပေတစ်သက်တာဆုကို တစ်နှစ်လျှင်စာပေပညာရှင်တစ်ဦးမှ သုံးဦးအထိ ရွေးချယ် ချီးမြှင့်ခဲ့သည်။ ၂၀၁၈ ခုနှစ်မှစ၍ မိမိဘဝတစ်လျှောက် သုတရသစာပေများကို တစိုက်မတ်မတ် ရေးသားခဲ့သည့် စာရေးဆရာကြီးတစ်ဦးနှင့် စာပေဆိုင်ရာသုတေသနလုပ်ငန်းများကို အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ခဲ့သည့် စာပေပညာရှင်ကြီး တစ်ဦးတို့ကို အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်ခဲ့သည်။

နိုင်ငံတော်က စာပေပညာရှင်များကိုဆုချီးမြှင့်ရာ၌ ဆုငွေများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်ချီးမြှင့်ခဲ့ရာ အမျိုးသားစာပေ တစ်သက်တာဆုကို ငွေကျပ်သိန်း ၁၀၀၊ အမျိုးသားစာပေဆုကို ငွေကျပ်သိန်း ၃၀၊ စာပေဗိမာန်စာမူဆုများကို ဘာသာရပ်အလိုက် ပထမဆုငွေကျပ် ၁၅ သိန်း၊ ဒုတိယဆု ငွေကျပ် ၁၀ သိန်း၊ တတိယဆု ငွေကျပ် ၇ သိန်းအထိ တိုးတက်ချီးမြှင့်ပေးရန် စီစဉ်ဆောင်ရွက် ထားပြီဖြစ်သည်။

စာပေဆုများရွေးချယ်ရာ၌  စာပေကဏ္ဍနယ်ပယ်စုံမှ အတွေ့အကြုံပြည့်ဝသည့် ပုဂ္ဂိုလ်များပါဝင်သည့် ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်း ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေစိစစ်ရွေးချယ်ရေးကော်မတီကိုလည်းကောင်း၊စာပေဗိမာန်စာမူဆု   စိစစ်ရွေးချယ် ရေးအဖွဲ့ကို လည်းကောင်း ၂၀၂၁ ခုနှစ်တွင် အချိန်မီဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ ဆုများကို  ရွေးချယ်ရာ၌  ပဏာမအဆင့်၊  ဆန်ခါ တင်အဆင့်၊  အတည်ပြုအဆင့်ဟူ၍  အဆင့်ဆင့်စိစစ်ရွေးချယ်ကြမည်ဖြစ်သည်။

စာပေပညာရှင်များသည်ပြည်ထောင်စုတည်ဆောက်ရေးအတွက် စွမ်းရည်မြင့်မားထက်မြက်သည့်  လူချွန်လူမွန်များ၊ အရည်အချင်း ပြည့်ဝသည့် လူငယ်မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ်များ၊ အတွေးအခေါ်နှင့်ဆင်ခြင်တုံတရား၊ စာနာစိတ်ထား၊ ဗဟုသုတများ ပြည့်ဝသည့်  ကိုယ်ရည်ကိုယ်သွေး  ကိုယ်စွမ်းကိုယ်စဖွံ့ဖြိုးတိုးတက်သောလူငယ်များထွန်းကားလာစေရန်  စာပေဖြင့် ပညာပေး၍ ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ လူငယ်များအတွက် စာကောင်းပေမွန်များသည်  ရတနာထက်ပိုမို အဖိုးတန်ပြီး ဘဝအတွက် လိုအပ် သော  စိတ်ဓာတ်ခွန်အားနှင့် မှန်ကန်သော ဘဝအမြင်များ ဖြစ်ထွန်း၍  ဘဝခရီးတွင် စိန်ခေါ်မှုမှန်သမျှ  ရင်ဆိုင်ဖြေရှင်းနိုင်ရန် များစွာ အကျိုးပြုပေသည်။ ကိုယ်ခန္ဓာအတွက်  အစားအသောက်အာဟာရအမှန်တကယ်လိုအပ်သကဲ့သို့  ဦးနှောက်အတွက်  အသိဉာဏ် ဗဟုသုတ အာဟာရလိုအပ်သည်။ စာဖတ်ခြင်းဖြင့် ဦးနှောက်အာဟာရကို ဖြည့်စွမ်းပေးနိုင်မည်ဖြစ်သည်။ ဦးနှောက် အာဟာရပြည့်ဝ မှသာ ကမ္ဘာလောကကြီး၌  ကြုံတွေ့နေရသောအခက်အခဲမှန်သမျှကို  ကျော်လွှားအောင်မြင်နိုင်ပြီး တန်ဖိုးမြင့်မားသည့် လူ့အဖွဲ့ အစည်းကို ဖန်တီးဖော်ဆောင်နိုင်ပေမည်။

ထို့ကြောင့် လူငယ်များအသိဉာဏ်ပညာပြည့်ဝစေရန် စာပေဖြင့် ထိန်းကျောင်းမြှင့်တင်ပေးရန်လိုသည်။ အသိဉာဏ်ပညာ မြင့်မား သော လူငယ်များကသာ အနာဂတ်ဒီမိုကရေစီနိုင်ငံတော်ကို  ဆက်လက်ထိန်းကျောင်း ပုံဖော်နိုင်ပေမည်။ လူငယ်များ စာကောင်း ပေမွန်များ ဖတ်ခြင်းဖြင့် ကောင်းမွန်သော စရိုက်လက္ခဏာ၊ အပြောအဆို၊ အပြုအမူ၊ အတွေးအမြင်များ ပြောင်းလဲပြီး  မှန်ကန်တိုး တက်သော  ပြောင်းလဲခြင်းသို့  ဦးတည်နိုင်မည်ဖြစ်သည်။ ထို့ပြင်  အကြေးညှိတက်နေသည့်   စိတ်ဓာတ်များ၊ ဟောင်းနွမ်းနေသည့်  အစွဲအလမ်းမှားများ၊ အဆိုးမြင်စိတ်များ၊ ကြမ်းတမ်းခက်ထန်မှုများကို ဆေးကြောသန့်စင်နိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ  မြန်မာ့သမိုင်း တစ်လျှောက် စာပေစွမ်းအားဖြင့် မြန်မာ့ဂုဏ်မြင့်မားတိုးတက်အောင်၊ အကျိုးစီးပွားများ ဖြစ်ထွန်းအောင် ရေးသားစွမ်း ဆောင်ခဲ့ကြ သော  ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် စာဆိုစာရေးဆရာကြီးများသည်  ရိုသေလေးမြတ်စွာပူဇော်ချီးမြှင့်ထိုက်သူများဖြစ်သဖြင့် နှစ်စဉ်မပျက်  ပူဇော်ချီးမြှင့် သင့်ပေသည်။ ထိုသို့ ပူဇော်ချီးမြှင့်ခြင်းသည် စာပေကဏ္ဍမြင့်မားတိုးတက်စေရန် ချီးမြှောက်ပေးခြင်းလည်း မည်သကဲ့သို့ နိုင်ငံတိုးတက် ဝင့်ထည်ရေးအတွက် စွမ်းဆောင်နိုင်မည့် လူသားမျိုးဆက်သစ်များ မွေးထုတ်ပေးရာလည်းရောက်ကြောင်း တင်ပြ လိုက်ရပေသည်။   ။

ညွန့်ဝင်း(နတ်တလင်း)