ယမန်နေ့မှအဆက်
ပင်စိမ်းပင်သည် ငှက်ဖျားရောဂါ ပျောက်စေ၍ အိန္ဒိယနိုင်ငံတွင် ၁၉ဝ၇ ခုနှစ် Imperial Malaria Conferenc တွင် ပင်စိမ်းကို ငှက်ဖျားရောဂါ ပျောက်စေသော ဆေးပင်အဖြစ် ကြေညာခဲ့သည်။ ငှက်ဖျားသာမက နာတာရှည် အဖျားရောဂါ၊ တုပ်ကွေးနှင့် ကာလဝမ်းရောဂါတို့အတွက် နံနက်စောစောအိပ်ရာထတွင် ပင်စိမ်းရွက် သတ္တုရည်ကို ကြွေဇွန်းဖြင့် တစ်ဇွန်း သောက်ပေးနိုင်သည်။ ရင်သွေးငယ်လေးများ သူငယ်နာ ကျောပူခေါင်းပူခြင်းအတွက် ပင်စိမ်းရွက် သတ္တုရည်ဖြင့် ဦးခေါင်းမှခြေဖျားထိ သပ်ချပေးခြင်းဖြင့် ချမ်းသာရာရစေနိုင်သည်။
မကြာသေးခင်ကာလက အနောက်တိုင်း ဆေးသိပ္ပံ ပညာရှင်များ၏ သုတေသနပြုချက်အရ ပင်စိမ်းပင်ထဲတွင်ပါရှိသော သဘာဝယူဂျီနော ဓာတ်က ခန္ဓာကိုယ်တွင်း ကိုယ်ပရောင်ရမ်းမှုကို ၆၃ ရာခိုင်နှုန်းထိ ကျဆင်းစေကြောင်း၊ အရိုးအဆစ်ရောင်နာ အမျိုးမျိုး၊ အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက် ကြွက်သားများ ရောင်ရမ်းမှုများ၊ မုန့်ချိုအိတ်နှင့် တစ်သျှူးများ ရောင်ရမ်းမှုတို့ကို ပျောက်ကင်းစေနိုင်ကြောင်း လေ့လာသိရှိရသည်။
ဆီးချို၊ ဆီးအောင့်၊ ဆီးပုပ်ခြင်းများ အတွက် ပင်စိမ်းရွက်ကို သကြားရည်ဖြင့် ဖျော်ရည်လုပ်သောက်နိုင်သလို ပင်စိမ်းရွက် သတ္တုရည်ကို ဆီးခုံတစ်လျှောက် ပွတ်လိမ်းပေးခြင်းဖြင့် ဆီးရွှင်စေသည်။ ပင်စိမ်းရွက်က အစာခြေစနစ်နှင့် အူလမ်းကြောင်း ကျန်းမာရေးတို့ကို တိုးတက်ကောင်းမွန်စေသည့်အပြင် အစာအိမ်မှ အက်စစ်များ အလွန်အကျွံ ထွက်ရှိလာမှုကိုလည်း ထိန်းညှိပေးနိုင်သည်။ ထိုမျှမက ပင်စိမ်းရွက်ကို ရေနွေးကြမ်းထဲစိမ်ပြီး လက်ဖက်ရည်ကြမ်းအဖြစ် သောက်ပေးခြင်းဖြင့် ဝမ်းသွားခြင်း၊ အစာအိမ်နာဖြစ်ခြင်း၊ ခံတွင်းပျက်၍အစာစားချင်စိတ်မရှိခြင်း၊ ပျို့ချင်အန်ချင်စိတ်ကို သက်သာစေခြင်း စသည်ဖြင့် ကောင်းကျိုးပြုသည်။
အိန္ဒိယနိုင်ငံ မဟာရမ်စစ်ပြည်နယ် Bandorawala Leprosy Hospital ခေါ် အနာကြီးရောဂါဆေးရုံတွင် အနာကြီးရောဂါအစို၊ အခြောက်နှစ်မျိုးစလုံး ဝေဒနာရှင်များကို ပင်စိမ်းရွက်ရိုးရာ ကုထုံးအဖြစ် ရက်ပေါင်း ၁၅ဝ တိတိကျွေးခဲ့ရာ သိသိသာသာ သက်သာလာခဲ့ကြောင်း တွေ့ရသည်။ ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူ၊ မိတ်စသော အရေပြားယားနာ အမျိုးမျိုးအတွက် ပင်စိမ်းတစ်ပင်လုံးကို ထောင်း၍ သံပရာရည်ရောပြီးလိမ်းကျံပေးသင့်သည်။ ကိုယ်ဝန်ဆောင်များ ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်းရွက် အခြောက်မှုန့်ဖြူး၍ အသာအယာ ပွတ်သပ်လိမ်းပေးနိုင်သည်။ ပင်စိမ်းရွက်တွင်ပါရှိသော ဗီတာမင်အေက အင်တီအောက်ဆီးဒင့် (ဓာတ်တိုးဆန့်ကျင်) အစွမ်းရှိသဖြင့် အရေပြားနှင့် အမြှေးပါးများကို ကျန်းမာစေရုံသာမက အဆုတ်နှင့် ခံတွင်းကင်ဆာများ မဖြစ်အောင် ကာကွယ်ပေးနိုင်သည်။
ထိပ်ကပ်နာရောဂါ၊ Ozoena ခေါ် နှာခေါင်းအတွင်း မြှေးခြောက်ရောဂါ ဝေဒနာများအတွက် ပင်စိမ်းရွက် အခြောက်မှုန့်ကို ရှူပေးခြင်းဖြင့် သက်သာပျောက်ကင်းစေသည်။ ပင်စိမ်းရွက်ကို ရေသန့်သန့်ဖြင့် ရောနယ်ထုထောင်းပြီး အမြစ်မထွက်နိုင်သော အနာဆွေး၊ အနာလုံးအကျိတ်များပေါ် လိမ်းအုံပေးပါက အရောင်လျော့ကျသွားပြီး အမြစ်မြန်မြန်ထွက်စေသည်။ အသားနုတက်ပြီး အနာကျက်လည်း မြန်စေသည်။
ပင်စိမ်းအဆီနှင့် ကျန်းမာရေး ပင်စိမ်းပင်မှအဆီထုတ်ယူနိုင်ပါသည်။ ပင်စိမ်းရွက်မှာ Eugenol,Citronellol, Linalool, Citral, Limonene နဲ့ Terpineol ဟူသော ကျန်းမာရေးအကျိုးပြုမရှိမဖြစ် အဆီတွေပါနေကြသည်။ ဒီဓာတ်ပေါင်းများက ရောင်ရမ်းမှုကျစေသည့် အစွမ်းနှင့် ဗက်တီးရီးယားများကို ဆန့်ကျင်တိုက်ထုတ်သော ဂုဏ်သတ္တိတွေရှိကြသည်။ အထူးသဖြင့် ဥရောပ၊ အိန္ဒိယနှင့် တရုတ်ရိုးရာ တိုင်းရင်းဆေးကုထုံးများတွင် ပင်စိမ်းဆီကို အသုံးပြုလေ့ရှိကြသည်။ Spa များတွင်လည်း ပင်စိမ်းဆီကို Aroma Therapy နည်းဖြင့် တွင်ကျယ်စွာ အသုံးပြုလာကြပြီဖြစ်သည်။
အလွန်အမင်း အာရုံစူးစိုက်ရသဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊ နှာခေါင်းပိတ်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ခဲခြင်းတို့ အတွက် ပင်စိမ်းဆီကို ရှူရှိုက်ကာ နားထင်ပတ်ဝန်းကျင်တွင် အသာအယာ ပွတ်နယ်လိမ်းကျံပေးနိုင်သည်။ ထူးခြားကောင်းမွန်သော ပင်စိမ်းဆီရနံ့ကလည်း လူကို လန်းဆန်းလာစေပါသည်။
ကြွက်သားများတင်းမာခြင်း၊ အကြောတက်ခြင်း၊ လေဖြတ်ခြင်း၊ ဒူလာပါဒရက်ကြောင့် အဆစ်အမျက်များ နာကျင်ကိုက်ခဲရောင်ရမ်းခြင်း၊ ခါးကိုက်ခါးနာခြင်း၊ တင်ပါးဆုံရိုးနာ့ဗ်ကြောများ ညောင်းညာကိုက်ခဲခြင်း စသည့် ဝေဒနာများအတွက် ပင်စိမ်းဆီဖြင့် တစ်ကိုယ်လုံးကို နှိပ်နယ်ပေးခြင်းဖြင့် သွေးကြောများပွင့်ကာ သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်လာစေသည်။
ပြတ်ရှဒဏ်ရာများကို သွေးထွက်မလွန်စေရန် အတွက် ပင်စိမ်းဆီဖြင့် လိမ်းပေးနိုင်သည်။ အနာအကျက် မြန်စေသည်။ ရေယုန်ပေါက်ခြင်း၊ လိင်အင်္ဂါ အနာပေါက်ခြင်း၊ အရေပြားပေါ်တွင် အနီအပိမ့်များ ထကာ အရေပြား ကြမ်းထော်ခြင်းစသည့် အရေပြားရောဂါ အမျိုးမျိုးတို့ကို ပင်စိမ်းဆီက လွန်စွာကောင်းကျိုးပြုသည်။ ၎င်းဆီလိမ်းထားခြင်းဖြင့် မှက်၊ ခြင်များလည်း မကိုက်စေနိုင်တော့ပေ။
ချွဲသလိပ်ထခြင်း၊ အအေးမိ၍ ချောင်းဆိုးခြင်း၊ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း၊ ဝမ်းကိုက်ရောဂါများ၊ အသည်းနှင့် သရက်ရွက်တို့ ရောင်ကိုင်းခြင်း အတွက် ပင်စိမ်းဆီကို ရင်ခေါင်းနှင့် ဝမ်းဗိုက်တစ်လျှောက် အသာအယာ ပွတ်နယ်လိမ်းကျံ ပေးနိုင်သည်။
နားထဲတွင်ပိုးဝင်၍ မှိုစွဲကပ်ပါက ပင်စိမ်းဆီ အနည်းငယ်ထည့်၍ နားကျပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။ ဆီးလမ်းကြောင်း ပိုးဝင်ပါက ပင်စိမ်းဆီ အနည်းငယ်ကို ရေနွေးနွေးဖြင့် သောက်သုံးပေးနိုင်သည်။ ရေနွေးအကြမ်းပန်းကန် တစ်လုံးထဲသို့ ပင်စိမ်းဆီ နှစ်စက်၊ သုံးစက်ချပေးပြီး ပူပူလေးမှုတ်၍ သောက်ပေးပါက အအေးမိ၊ နှာစေး၊ ချောင်းဆိုးစသည့် အနာရောဂါများကို ပျောက်စေသည်။
ပင်စိမ်းရွက်ဖြင့် မျက်နှာအသားအရေ ထိန်းသိမ်းနည်း ပင်စိမ်းရွက်က ဝက်ခြံဖြစ်စေသော ဗက်တီးရီးယား ပိုးတွေကို ကင်းစင်စေကာ အရေပြားဆီသို့ သွေးလည်ပတ်မှုကို ကောင်းမွန်စေသဖြင့် ဝက်ခြံပေါက်လွယ်သော အရေပြား ပိုင်ရှင်များအတွက် အထူးသင့်လျော်ပါသည်။
ရေနွေးဆူဆူ တစ်ခွက်ထဲသို့ ပင်စိမ်းရွက် အခြောက်မှုန့် ထမင်းစားဇွန်း သုံးဇွန်းခန့်ရောမွှေပြီး အေးအောင်ထားပါ။ ပြီးနောက် အရွက်တွေကို စစ်ထားပြီး ထိုအရည်ဖြင့် မျက်နှာပြင်အနှံ့ လိမ်းပေးခြင်းဖြင့် မျက်နှာသန့်စင် လာပါလိမ့်မည်။ ဝက်ခြံသာမက တင်းတိပ်၊ ညှင်း၊ မှည့်ခြောက်၊ ခရုသင်းပေါက်သူများလည်း လိမ်းပေးနိုင်သည်။
ပျိုပျိုမေတို့အတွက် သတင်းကောင်းလေးပါ။ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနဲ့ ပါကစ္စတန်နိုင်ငံတွေက ရုပ်ရှင်မင်းသား၊ မင်းသမီးနဲ့မော်ဒယ်များသည် အသားအရေ နူးညံ့ချောမွတ်စေရန်အတွက် ပင်စိမ်းကို ပျားရည်နှင့် ဖျော်ရည်သောက်လေ့ရှိကြကြောင်း လေ့လာမှတ်သားရပါသည်။
သတိပြုရန်
- ပင်စိမ်းရွက်ထဲတွင် ပါရှိသော Thujone ခေါ် ဓာတုဓာတ်ပေါင်းစုသည် သားအိမ်ကို ကျဉ်းခြင်း၊ ကျုံ့ခြင်းတို့ဖြင့် လှုံ့ဆော်ပေးနိုင်စွမ်းရှိ၍ ကိုယ်ဝန်ဆောင် မိခင်များ သားလျှောစေနိုင်သည်။ ပင်စိမ်းက ဆေးဖက်ဝင်သည် မှန်သော်လည်း တချို့သောသူများတွင် မွေးရာပါ ဓာတ်မတည့် ရောဂါရှိတတ်ကြ၍ ပင်စိမ်းရွက်နှင့် ပင်စိမ်းဆီကို တစ်ကြိမ်တစ်ခါမျှ မစားဖူးသူများသည် စဦးပိုင်းတွင် အနည်းငယ်မျှလောက်သာ စမ်းသပ်သုံးစွဲသင့်ပါသည်။
အချုပ်အားဖြင့်ဆိုသော် အရှေ့တိုင်း၊ အနောက်တိုင်း ဆေးပညာရှင်များက ပင်စိမ်းပင်သည် လူသားတို့ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ ကောင်းကျိုးပြုကာ အသက်ရှည်စေကြောင်း ညွှန်းဆိုထားကြသည်။
သို့ပါ၍ မိုးရာသီမှသာ ပေါပေါများများ ရနိုင်သည့် ကျန်းမာရေးအတွက် ဘေးထွက် ဆိုးကျိုးနည်းလှသော ပင်စိမ်းကို ''အစာလည်းဆေး၊ ဆေးလည်းအစာ'' ဆိုသလို သင့်တင့်လျောက်ပတ်စွာ အကျိုးရှိရှိ စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကို များစွာ အထောက်အကူပြုနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။ ။
ပေါက်ပေါက်