တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၁၉
    
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲ့မြို့ရှိ လွယ်စေကျောင်းတိုက်၊ မွန်ပြည်နယ်၊ သထုံမြို့ရှိ ပဉ္စဂီရိချမ်းမြေ့ စည်သီလရှင်ကျောင်း၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ရှိ မြို့မပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ ရန်အောင်မြေကျောင်းတိုက်နှင့် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်ရှိ စည်ရှင်ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။
    
ထို့အပြင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီးသို့ သွားရောက်ဖူးမြော်ပြီး ပန်း၊ ဆီမီး၊ ရေချမ်းနှင့် အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက အဆိုပါဘုရားကြီး၌ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများနှင့် အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။