နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၄) ကျောင်းဆင်းမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ အမှာစကာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၄) ကျောင်းဆင်းမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ အမှာစကား ပြောကြား

နေပြည်တော် နိုဝင်ဘာ ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၄) ကျောင်းဆင်းမည့် ကျောင်းသား ကျောင်းသူများကို  ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီ ယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာညွန့်ဖေနှင့် ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅နှစ်သင်တန်း အမှတ်စဉ်(၄) ကျောင်းဆင်းမည့် ကျောင်းသား ကျောင်းသူ ၇၂ ဦးတို့ တက် ရောက်ကြပြီး ကျောင်းသား၊ ကျောင်းသူ ၂၀၀ တို့သည်  ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး ရေးတက္ကသိုလ်(စစ်ကိုင်း)ဘွဲ့နှင်းသဘင်ခန်းမနှင့် ပင်လုံခန်းမတို့မှ  Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် တက္ကသိုလ်၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရန်၊ ပါတီနိုင်ငံရေးကင်းစင်ပြီး စာရိတ္တနှင့်ကိုယ်ကျင့်တရား ကောင်းမွန်သော ပညာရေးဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန်၊ နယ်စပ်ဒေသဖွံ့ဖြိုး ရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေး အတွက်ဆောင်ရွက်ရာတွင် လိုအပ်သည့် ဦးဆောင်နိုင်မှု စွမ်းရည်မြှင့်တင်ရန်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများအတွက် ဖွံ့ဖြိုးမှုလုပ်ငန်းများ အောင်မြင်ရေးကိုရှေးရှု၍ သုတေသနလုပ်ငန်းများ ဆောင်ရွက် လိုသည့် စိတ်ဓာတ်မွေးမြူပေးရန်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်းစောင့်ရှောက် သောလူငယ်များ ဖြစ်လာစေရန် စသည်တို့ပင် ဖြစ်ကြောင်း။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် အနေဖြင့် ယနေ့အထိ မဟာပညာရေးဘွဲ့၊ မဟာဒဿနဘွဲ့၊ ပညာရေးဘွဲ့၊ ဆရာအတတ်ပညာဒီပလိုမာ၊ အလယ်တန်းဆရာအတတ်သင်၊ မူလတန်းဆရာအတတ်သင်၊ အထူးမူလတန်းဆရာ အတတ်သင်၊ စုစုပေါင်း ၁၃၇၈၆ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၁၀၀ ကျော်တက်ရောက် သင်တန်းဆင်းခဲ့ကြပြီး ဖြစ်သကဲ့သို့ ယခု သင်တန်းဆင်းကြမည့် ကျောင်းသား၊ ‌ကျောင်းသူ ၂၇၂ ဦးသည်လည်း တိုင်းရင်းသား မျိုးနွယ်စု ၄၆ မျိုးမှ တိုင်းရင်းသား၊ တိုင်းရင်းသူ လူငယ်များ စုံစုံလင်လင်ပါဝင်ကြောင်း သိရသည့်အတွက် များစွာဝမ်းသာအားရ ဖြစ်မိပါကြောင်း။

ပညာရေးကဏ္ဍနှင့် သင်တန်းဆင်းသူများ၏ တာဝန်နှင့်ပတ်သက်၍ ပြောကြား ရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည် အလွန်အရေးကြီး လှကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု စစ်ဆေးရာမှ ပိုးတွေ့လူနာတွေ့ရှိမှု ရာခိုင်နှုန်းများသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်များရှိ စာသင်ကျောင်း များမှအပ ကျန်မြို့နယ်များအားလုံးမှ အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ ရက်မှစ၍ ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြား ပေးနေပြီဖြစ်ပါကြောင်း၊ အခြေခံကျောင်းများ ဖွင့်လှစ်မှုရလဒ်အပေါ်မူတည်ပြီး တက္ကသိုလ်များကိုလည်း အဆင့်လိုက် စတင်ဖွင့်လှစ် သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် အဆိုပါကိစ္စများအား နားလည်သဘောပေါက်ခြင်း မရှိသည့်သူများသည် ကျောင်းများကို ပြန်မဖွင့်နိုင်ရန်နှင့် ပညာရေးစနစ်ကို အနှောင့်အယှက်ဖြစ်စေရန် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက် နေကြသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။

ပညာသင်ကြားခြင်းသည် ကလေးသူငယ်၊ လူငယ်လူရွယ်များအတွက် အခွင့်အရေး တစ်ရပ်ဖြစ်သကဲ့သို့ တာဝန်လည်းဖြစ်ကြောင်း၊ ကုလသမဂ္ဂက ချမှတ်ထားသည့် ကလေး သူငယ်များအခွင့်အရေးတွင် ကျန်းမာရေးနှင့် ပညာသင်ကြားခွင့်သည် ထိပ်ဆုံးကပါ ဝင်ကြောင်း၊ ကျောင်းမတက်ရေးတားမြစ်ခြင်းသည် ကုလသမဂ္ဂ၏ ကလေးသူငယ်များ အခွင့်အရေးကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း၊ မိဘများနှင့် ဆရာ၊ ဆရာမများ အပါအဝင် တာဝန်ရှိသူများအားလုံးသည် ကျောင်းနေအရွယ် ကလေးများကို ပညာ သင်ကြားခွင့်ရအောင် ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

ပညာသင်ကြားရေးတွင် စာသင်ကျောင်းသည် စာပေ သင်ကြားပေးသည့်နေရာ သက်သက်သာမဟုတ်ဘဲ ပညာရေး၏အနှစ်သာရဖြစ်သည့် အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများပေးအပ်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အမှားအမှန်ခွဲခြားသုံးသပ် နိုင်စွမ်း နှင့် နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြားပေး သည့် နေရာမျိုးဖြစ်ရန် လိုကြောင်း၊ သို့မှသာမိမိကိုယ်မိမိ အကျိုးပြုနိုင်သည့်၊ လူမှုပတ်ဝန်းကျင်ကို အကျိုးပြု နိုင်သည့်၊ နိုင်ငံတော်ကို အကျိုးပြုနိုင်သည့်၊ စိတ်ရောကိုယ်ပါ ကြံ့ခိုင်ကောင်းမွန်ကြသည့် လူကောင်းလူတော် နိုင်ငံသားကောင်းများကို မွေးထုတ် ပေးနိုင်မည်ဖြစ်ကြောင်း။

ထို့ကြောင့် မောင်တို့၊ မယ်တို့သည် လူငယ်များလမ်းမှားမရောက်စေရန်၊ ပညာရေး တစ်ပိုင်းတစ်စဖြင့် အနာဂတ်ဘဝများ မပျောက်ပျက်စေရန်၊ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် ကျောင်းနေအရွယ်အားလုံး ပညာရေးအဆင့်တိုင်း မည်သည့်ခွဲခြားမှုမျှ မရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး၊ ကျောင်းထွက်သူမရှိစေရေး ဆိုသည့် မူဝါဒများနှင့်အညီ တိုင်းရင်းသားလူငယ်များကို စာရိတ္တနှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရန် သင်ကြားလေ့ကျင့်ပြုစု ပျိုးထောင် ပေးကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်၏မူဝါဒသည် ပညာသင်ကြားနိုင်သူအားလုံး အခြေခံ ပညာအလယ်တန်းအဆင့် (KG +9) ကို တတ်မြောက်အောင် သင်ကြားရေး ပင်ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ကျောင်းနေသူအားလုံးသည် အနည်းဆုံး KG + 9 အထိ တက်ရောက်သင်ကြားရေး တာဝန်ရှိသူအားလုံး ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ မိမိတို့၏ တပည့်ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားပေးသည့် နေရာတွင်လည်း အတန်းအောင်ရန်၊ စာမေးပွဲအောင်ရန်ထက် အမှန်တကယ်စာတတ်ရန်၊ ပညာတတ်ရန် ဆရာ့ကျင့်ဝတ်နှင့်အညီ သင်ကြားပေးကြရန် တိုက်တွန်းမှာကြားလို ကြောင်း။

ထို့ပြင် မိမိတို့တပည့် ကျောင်းသား၊ကျောင်းသူများကို ကျန်းမာကြံ့ခိုင်သည့် လူငယ်များဖြစ်လာစေရန် ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြား ပေးကြရန်လည်း လိုအပ်ကြောင်း၊ နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားခြင်းသည် နိုင်ငံ၏ အနာဂတ်အတွက် အကောင်းဆုံး အာမခံချက်ပင်ဖြစ်ကြောင်း၊ ယခုအချိန်၌ မိမိတို့နိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ပြန်လည်တွေ့နေရသည့်အတွက် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရောဂါကာကွယ် ရေးအတွက် လုပ်ငန်းလမ်းညွှန် များကို တိတိကျကျလိုက်နာကြရန်၊ အသိပညာပေးကြရန် လိုအပ်ကြောင်း။

နိုင်ငံ၏အနာဂတ်လှပရန်အတွက် လူငယ်များသည် ကိုယ်ကျန်းမာရုံ သာမက စိတ်ကျန်းမာရန်လည်း လိုအပ်ကြောင်း၊ ထို့ကြောင့် မောင်တို့၊ မယ်တို့ အနေဖြင့် မိမိတို့၏ တပည့်ကျောင်းသား လူငယ်လေးများကို ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန် နှင့်ပြည့်စုံသည့် လူငယ်များဖြစ်စေရန် လေ့ကျင့်ပြုစုပျိုးထောင်ပေးကြပါရန် အလေးအနက် မှာကြားလို ကြောင်း။

တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍနှင့်ပတ်သက်၍ ပြောကြား ရာတွင် မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော်နှင့် စုစည်းတည်ထောင် ထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊ မိမိတို့တိုင်းရင်းသား ညီအစ်ကို မောင်နှမများ သည် ပြည်ထောင်စုအတွင်း၌ အေးအတူပူအမျှ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် နေထိုင်ခဲ့ကြကြောင်း၊ ထိုသို့နေထိုင်ကြရင်းဖြင့် နယ်ချဲ့လက်အောက်ကို ကျရောက်သွား သည့်အချိန်တွင် ဆုံးရှုံးခဲ့သည့် လွတ်လပ်ရေးကို ပြန်လည်ရယူရန်အတွက် မိမိတို့ တိုင်းရင်းသားများအားလုံး အတူတကွ လက်တွဲတိုက်ပွဲဝင်ခဲ့ကြကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် ယှဉ်တွဲပေါ်ပေါက်လာသည့် တပ်မတော်သည် လွတ်လပ်ရေးရပြီး နောက်ပိုင်း သမိုင်းကြောင်း၏ တောင်းဆိုမှုအခြေအနေများနှင့် အမျိုးသားရေး လိုအပ် ချက်များအရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် မလွှဲမရှောင်သာသည့် အခြေအနေများကြောင့် ပါဝင်ဆောင်ရွက်ခဲ့ရသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

ပြီးခဲ့သည့်အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့် တစ်ပါတီ အာဏာရှင် စနစ်တည်ဆောက်ရန် အဓမ္မဆောင်ရွက်ခဲ့ပြီး စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်း မှသွေဖည်သည့် အခြေအနေများနှင့် နိုင်ငံတော်အတွက် အန္တရာယ်ကျရောက်နိုင်မည့် အခြေအနေများ ပေါ်ပေါက်လာခဲ့သည်ကို မောင်တို့မယ်တို့ အသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံတော်ကို ပြန်လည် တည်ဆောက်နိုင်ရေးအတွက် တာဝန်ပေးအပ်လာခြင်းကြောင့် တပ်မတော်က ကြား ကာလ အခြေအနေကို ယာယီထိန်းသိမ်းပေးနေခြင်းဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်းချက်နှင့်ပတ်သက်၍ ပြောကြားရာ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန် အရပ်ရပ်ကို ရယူခဲ့သည့် အချိန်ကစပြီး ရှေ့လုပ်ငန်းစဉ် ( ၅ )ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်၍ နိုင်ငံတော်အတွက် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး ဦးတည်ချက် နံပါတ်(၁) တွင် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည် ဆောက်နိုင်ရေး” ဟု ချမှတ်ထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊  ထို့ကြောင့် မိမိတို့နိုင်ငံတွင်စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်း ဖြစ်ပေါ်လာရေးအတွက် တပ်မတော်အနေနှင့် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချထားပြီးဖြစ်သည်ကို အလေးအနက် ထား ပြောကြားလိုကြောင်း၊ ထိုသို့စစ်မှန်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် တပ်မတော်နှင့်အတူ နိုင်ငံ့ဝန်ထမ်းများ အားလုံး၊ အရပ်ဖက်အဖွဲ့အစည်းများအားလုံး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမှသာ မျှော်မှန်းသည့် ပန်းတိုင်ကို အချိန်တိုအတွင်း အောင်အောင်မြင်မြင် ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း။

ထိုပန်းတိုင်သို့ ရောက်ရှိရန် အဓိကကျသည့် အချက်မှာ မိမိတို့တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်ကြရေးနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးပင်ဖြစ်ကြောင်း၊ ယခု လတ်တလောအခြေအနေတွင် ပြည်ပနိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများ၊ သဘောထား ကွဲလွဲသည့် အချို့အဖွဲ့အစည်းများ၏ ခြေထိုးမှုများ၊ CRPH, NUG, PDF အစရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးဆောင်စည်းရုံးမှုနှင့် အကြမ်းဖက်လုပ်ရပ်များ ကြောင့် ဒေသအချို့တွင်ရှိသည့် ပြည်သူလူထုအကြား အသိအမြင်များမှားပြီး ညီညွတ်မှု များပြိုကွဲကာ မငြိမ်းမချမ်းဖြစ်နေသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ထမ်း များအဖြစ် တာဝန်ထမ်း ဆောင်ကြမည့် ဆရာ၊ ဆရာမလောင်းများဖြစ်သည့်အတွက် မိမိကိုယ်တိုင်က နိုင်ငံ့သားကောင်း စိတ်ဓာတ် မွေးမြူထားရှိရန်လိုသကဲ့သို့ မိမိတို့တပည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း နိုင်ငံ့သားကောင်း(Good Citizen) များ ဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် မှာကြား လိုကြောင်း၊ နိုင်ငံ့သားကောင်းဆိုသည်မှာ မိမိနေထိုင်သည့် လူ့ဘောင်အဖွဲ့အစည်း အကျိုးစီးပွားအတွက် နိုင်ငံသားများ ထမ်းဆောင် ရမည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရန် တတ်စွမ်းသမျှ ကြိုးစားသည့် နိုင်ငံသားများကိုဆိုလိုခြင်းဖြစ်ကြောင်း။

နိုင်ငံ့သားကောင်းဆိုင်ရာနှင့် လူ့စွမ်းအားအရင်းအမြစ်နှင့်ပတ်သက်၍ ပြောကြားရာ တွင် ထို့ပြင် မိမိတို့တာဝန်ကျရာဒေသများမှ တိုင်းရင်းသားလူငယ်များကို နိုင်ငံက အားထားရသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေး ကြရန်လည်း မှာကြားလိုကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ တွင် နိုင်ငံအတွင်းတွင်ရှိသည့် ငွေကြေးအင်အား၊ ရုပ်ဝတ္ထုအင်အားနှင့် လူ့အရင်းအမြစ် အင်အားဆိုသည့် အရင်းအမြစ်သုံးခုကို ထိထိရောက်ရောက် စုစည်းအသုံးပြုရမည် ဖြစ် ကြောင်း၊ အဆိုပါအရင်းအမြစ်သုံးခုတွင် အဓိကအကျဆုံးမှာ လူ့စွမ်းအား အရင်းအမြစ် များဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် လူ့စွမ်းအားအရင်းအမြစ်များ ကြွယ်ဝသည့် နိုင်ငံဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင် ခန့်မှန်း တွက်ချက်ထားမှုများအရ ၂၀၂၁ ခုနှစ် ခန့်မှန်း လူဦးရေ၏ အသက် ၁၅ နှစ်မှ ၃၅ နှစ် အတွင်း ရှိနိုင်မည့် လူဦးရေကို ၁၈ သန်းကျော်ခန့်ဟု ခန့်မှန်းတွက်ချက် ထားသည့်အတွက် နိုင်ငံ့လူဦးရေ၏ ၃၃ ရာခိုင်နှုန်း ခန့်ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယင်းလူ့စွမ်းအားအရင်းအမြစ်များသည် အရည်အချင်းပြည့်ဝပြီး နိုင်ငံသားကောင်းစိတ်ဓာတ်နှင့် နိုင်ငံ့အကျိုးအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံသည် အလျင်အမြန်တိုးတက် လာမည်ဖြစ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များကို အဓိကလေ့ကျင့်ပျိုးထောင်ပေးရမည်မှာ မောင်တို့၊ မယ်တို့ ပညာရေး ဝန်ထမ်းများပင်ဖြစ်ကြောင်း။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးသည်လည်း အလွန်အရေးကြီးကြောင်း၊ ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်မှု မျှတမှုရှိမှသာ ယုံကြည်မှုပိုမိုတိုးတက်ခိုင်မာ လာမည်ဖြစ် ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို စတင်ထမ်းဆောင်ခဲ့သည့်အချိန်ကစပြီး တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် မျှော်မှန်းဆောင်ရွက်ခဲ့သကဲ့သို့ နိုင်ငံရေးဦးတည် ချက်သည် လည်း “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံ လုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ပါအတိုင်းအလေးထား လုပ်ဆောင်ရေး” ဆိုသည့်အချက်ကိုထည့်သွင်းချမှတ်ထား ခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းမှ မိမိတို့တိုင်းရင်းသားများ မျှော်မှန်းသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။

တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရန်အတွက် နိုင်ငံသားတိုင်းတွင် ပြည်ထောင်စု စိတ်ဓာတ် ထားရှိမွေးမြူသွားကြရန် အလွန်အရေးကြီးကြောင်း၊ “ပြည်ထောင်စု စိတ်ဓာတ်” ဆိုသည်မှာ ပြည်ထောင်စုကြီးတစ်ခုလုံးကို မိသားစုတစ်စုတည်း၊ အိမ်ထောင်စုတစ်ခု တည်းဟု စွဲမြဲခိုင်မာစွာလက်ခံမှတ်ယူထားသည့် သဘောထားခံယူချက်ပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုသားအချင်းချင်း တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီလိုခြင်း၊ အခက်အခဲတွေ့ ကြုံလျှင် ကူညီဖြေရှင်းပေးလိုခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်လိုခြင်း၊ အချင်းချင်း စာနာထောက်ထားခြင်းနှင့် နားလည်သည်းခံတတ်ခြင်းတို့သည် ပြည်ထောင်စု စိတ်ဓာတ်၏ ကောင်းမြတ်သည့် အခြေခံကောင်းများဖြစ်၍ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသမျှ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြရန်အထူး အလေးထား မှာကြားလိုကြောင်း။

နိုင်ငံ့ဝန်ထမ်းကောင်းဆိုင်ရာနှင့်ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်း ဆိုသည်မှာ နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားအတွက် ခေတ်စနစ်နှင့် လျော်ညီစွာ အကောင်အထည်ဖော်ကြရမည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် မောင်တို့၊ မယ်တို့ အနေ ဖြင့် ပါတီနိုင်ငံရေးကင်းစင်ပြီး ဒို့တာဝန်အရေးသုံးပါးကို အလေးထား စောင့်ရှောက် ကာ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ရန် လိုအပ်ကြောင်း၊    “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဆိုသည့် ဆောင်ပုဒ်အတိုင်း ဝန်ထမ်းကောင်းများရှိမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း။

မောင်တို့၊ မယ်တို့သည် နိုင်ငံတော်က ပြုစုပျိုးထောင်ထားသည့် သားသမီးများ ပီသစွာ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိပြီး နိုင်ငံတော်က မျှော်မှန်းထားသည့် အတိုင်း မိမိတို့တာဝန်ကျရာ နယ်စပ်ဒေသတွင်ရှိသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ထမ်းဆောင်ကြရန်နှင့် ပြည်ထောင်စု စိတ်ဓာတ်ကို တိုင်းရင်းသားများအကြား ထွန်းကားပြန့်ပွား အောင်လည်း ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။

ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန် အရေး(၃)ပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသားပြည်သူများအကြား တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် အခြေခံကောင်းများ ပွားများဖြစ် ထွန်းလာအောင် စည်းရုံးဦးဆောင်ပေးကြရန်၊ မိမိတို့တာဝန်ကျရာ ရပ်ရွာဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်းဆောင်ရွက်ကြရန်၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြရန်၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံကျသည့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားရန် တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုများနှင့် တာဝန်ကျေပွန်အောင်ထမ်းဆောင်သွားကြရန်၊ ပညာတတ်သည့် မျိုးဆက်နှင့် တိုးတက်သည့် နိုင်ငံတော်ကို ထူထောင်နိုင်ရေးသည် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ အားကြိုးမာန်တက် တာဝန်ထမ်းရွက်သည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ကြပါစေဟု ဆုတောင်း မေတ္တာပို့သအပ်ပါကြောင်းဖြင့် ပြောကြားသည်

ထို့နောက် ကျောင်းသား ကျောင်းသူများကိုယ်စား ကယားတိုင်းရင်းသူ မဆုမြတ်နိုး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်ထံ ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့က အမှတ်တရလက်ဆောင်ပစ္စည်း ဂါရဝပြု ပေးအပ်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်သည် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။