အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခြင်းကြောင့် နိုင်ငံ့ဝန်ထမ်း ၃၈ ဦးခန့်သေဆုံး၊ ၇၉ ဦးခန့် ဒဏ်ရာရရှိခဲ့
နေပြည်တော် နိုဝင်ဘာ ၁၉
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများသည် မရှိမဖြစ် အရေးပါသည့် အဓိက စွမ်းအားစုကြီးတစ်ခုပင်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေး လုပ်ငန်းများအပြင် အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍ ပေါင်းစုံတို့ကို ပြန်လည်ကုစား သွားနိုင်ရေးဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နိုင်ငံ့ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်သူများ အားလုံးတို့ကလည်း အားတက်သရော ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ နိုင်ငံတော်အစိုးရ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နေမှုအပေါ် မလိုလားသော အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH၊ NUG ၊ PDF စသည့် အဖွဲ့အစည်းများသည် ၎င်းတို့ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်၍ အကြောင်းမဲ့ သတ်ဖြတ်မှုများ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့အကျိုးတာဝန် ထမ်းဆောင်နေသော ဝန်ထမ်းကောင်းများကိုလည်း ရက်စက်စွာ သတ်ဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ နိုင်ငံ့ဝန်ထမ်း ၃၈ ဦးခန့် သေဆုံးခဲ့ရပြီး ၇၉ ဦးခန့် ဒဏ်ရာရခဲ့မှုများကို ဖော်ပြပါဇယားအတိုင်း တွေ့ရှိရသည်-
အကြမ်းဖက်အဖွဲ့များ အနေဖြင့် နိုင်ငံ့အကျိုးတာဝန် ထမ်းဆောင်နေသော ဝန်ထမ်းကောင်းများကို ယခုကဲ့သို့ အကြမ်းဖက်သတ်ဖြတ်နေမှုများအပေါ် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် ရှေးရှု၍ဝိုင်းဝန်းပူးပေါင်း ကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု သတင်းများကို ရရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည် အထိ ပူးပေါင်းဆောင်ရွက် သွားကြပါရန် မေတ္တာရပ်ခံ သတင်းထုတ်ပြန်အပ်ပါသည်။