တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထပ်မံ၍လှူဒါန်းသည့် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၃)သန်းdoses အနက် ဒုတိယအသုတ်(၁)သန်းdoses ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထပ်မံ၍လှူဒါန်းသည့် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၃)သန်းdoses အနက် ဒုတိယအသုတ်(၁)သန်းdoses ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိ

နေပြည်တော်၊ ၂၀-၁၁-၂၀၂၁

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်ထောင်စု နယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ဦးစားပေး အစီအစဉ်များအလိုက်ထိုးနှံပေးလျက်ရှိပါသည်။ ထိုသို့ထိုး နှံပေးရန်အတွက်(၁၂-၁၁-၂၀၂၁) ရက်နေ့ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၃)သန်း doses ထပ်မံ၍ လှူဒါန်းပေးအပ်ခဲ့ရာ ၎င်းနေ့တွင်ပင် ပထမအသုတ်အဖြစ် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁)သန်း doses ရောက်ရှိပြီးဖြစ်ပါသည်။
ဆက်လက်၍ ဒုတိယအသုတ်အဖြစ် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး(၁)သန်း dosesနှင့် ဆေးထိုးအပ်(၁.၅)သန်း သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (၂၀-၁၁-၂၀၂၁)ရက်နေ့ ညနေ(၄:၀၀)နာရီတွင် ရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်သည့်အဖွဲ့မှလက်ခံရယူခဲ့ပါသည်။ ယခုထပ်မံရောက်ရှိ လာသည့် ကာကွယ်ဆေးများကို အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် အခြား သတ်မှတ်လူအုပ်စုများကို ထိုးနှံပေးသွားမည်ဖြစ်ပါသည်။ အဆိုပါ ကာကွယ်ဆေးများကို တိုင်းဒေသ ကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ) နှင့်မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်း မပျက် ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်ပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၉-၁၁-၂၀၂၁) ရက်နေ့အထိ လူဦးရေစုစုပေါင်း(၁၅.၂)သန်းအားထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ (၁၀.၃)သန်း နှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ(၄.၉)သန်း ရှိပြီဖြစ်ပါသည်။
သို့ဖြစ်ပါ၍ (၁၉-၁၁-၂၀၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၂၅.၅) သန်းထိုးနှံပြီးဖြစ်ပါသည်။
မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင်(သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ထိုးနှံမှုခံယူခြင်း စသည့်…ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင် ရွက်ကြပါရန်နှင့် မိမိကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုဝင်များ၊ မိတ်ဆွေများတွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူရခြင်းမရှိသေးပါက ကာကွယ်ဆေး ထိုးနှံခြင်းကို မပျက်မကွက် အကြိမ်ပြည့် ခံယူမှုပြုကြစေရေး တိုက်တွန်းနှိုးဆော်ပေးကြပါရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးနှိုးဆော်ထားကြောင်းသိရှိရပါသည်။