မကွေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသော ဗိဿနိုး PDF အဖွဲ့တာဝန်ခံ ဝင်းမြင့်လှိုင် (NLD ပါတီ၊ တောင်တွင်းကြီးမြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)အား ဖမ်းဆီးရမိ

မကွေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသော ဗိဿနိုး PDF အဖွဲ့တာဝန်ခံ ဝင်းမြင့်လှိုင် (NLD ပါတီ၊ တောင်တွင်းကြီးမြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)အား ဖမ်းဆီးရမိ

နေပြည်တော် ၊ နိုဝင်ဘာ ၂၁
    
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ မိုင်းခွဲ တိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင် ခဲ့သည့် NLD ပါတီဝင်၊ တောင်တွင်းကြီးမြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း၊ ဗိဿနိုးနယ်မြေ PDF အဖွဲ့တာဝန်ခံ ဝင်းမြင့်လှိုင်အား နိုဝင်ဘာလ ၈ ရက်နေ့ နေ့လည်ပိုင်းတွင် ရပ်စောက်မြို့နယ်၊ နောင်ဘိုကျေးရွာအနီး နောင်ဘိုပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့သည်။
    
တရားခံ ဝင်းမြင့်လှိုင်နှင့်အတူ အကြမ်းဖက်တိုက်ခိုက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှု များတွင် အသုံးပြုလျက်ရှိသည့် Sig Sauer P320 အမျိုးအစား ပစ္စတို ၂ လက်၊ ကျည်အိမ် ၄ ခု၊ ၉ မမ ကျည် ၁၁၆ တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။
    
တရားခံ ဝင်းမြင့်လှိုင်၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလအတွင်း တောင်တွင်းကြီးမြို့ပေါ်၌ ဆူပူဆန္ဒပြမှုများတွင် ဦးဆောင် ပါဝင်ခဲ့ကြောင်း၊  မေလအတွင်း KNU တပ်မဟာ(၂)နယ်မြေသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ပြီး တပ်မဟာ(၂)မှ MA-3 သေနတ် ၁ လက်နှင့်၊ လက်ပစ်ဗုံး ၄ လုံးအား ယူဆောင်၍ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့သို့ ပြန်လာခဲ့ကြောင်း၊ အဆိုပါယူဆောင်လာသည့် လက်နက်ခဲယမ်းများအား တောင်တွင်းကြီး PDF အဖွဲ့ဝင်များဖြစ်သည့် ကျီးကန်း၊ ဇော်ရင် တို့အားပေးအပ်၍ တောင်တွင်းကြီးမြို့နယ် ပညာရေးမှူးရုံး၊ မြန်မာ့စီးပွားရေး ဘဏ်နှင့် ရဲစခန်းတို့အား ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် ဇွန်လအတွင်း   KNU အဖွဲ့ဝင် ကိုကျော်နှင့်ချိတ်ဆက်၍ ပစ္စတို ၄ လက်၊ ကျည်အိမ် ၈ ခု၊ ၉ မမ ကျည် ၂၁၆ တောင့်အား ဝယ်ယူ၍ တောင်တွင်းကြီး PDF အဖွဲ့ဝင် ပါလေးထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။
    
တရားခံ ဝင်းမြင့်လှိုင်သည် ဇူလိုင်လတွင် တောင်တွင်းကြီးမြို့၊ မကွေးမြို့၊ မြို့သစ်မြို့၊ နတ်မောက်မြို့၊ ရေစကြိုမြို့၊ အောင်လံမြို့များတွင် တာဝန်ခံများခန့်အပ်၍ ဗိဿနိုးနယ်မြေ PDF အဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း၊ ထို့အပြင် တရားခံပြေး ဇော်ဝေစိုး၊ တရားခံပြေး ရည်မွန်တို့နှင့် ချိတ်ဆက်၍ ငွေကြေးများတောင်းခံခဲ့ပြီး လက်နက် ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ဝယ်ယူခဲ့ကြောင်း၊ ရရှိလာသည့် လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများအား အသုံးပြု၍ မကွေးတိုင်းဒေသကြီးအတွင်း  ဖောက်ခွဲဖျက်ဆီး မှုနှင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
    
ဗိဿနိုးနယ်မြေ PDF အဖွဲ့သည် မကွေးတိုင်းဒေသကြီးအတွင်း လူသတ်၊ မီးရှို့၊ မိုင်းထောင်၊ ဗုံးခွဲ စသည့်အကြမ်းဖက်လုပ်ရပ်များအား ဗုံးခွဲတိုက်ခိုက်မှု(၂၆)ကြိမ်၊ လုပ်ကြံသတ်ဖြတ်မှု(၁၁)ကြိမ်၊ စုစုပေါင်း(၃၇)ကြိမ်အား အောက်ပါအတိုင်း လုပ်ဆောင် ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်-
-    တောင်တွင်းကြီးမြို့နယ်အတွင်း အပြစ်မဲ့အရပ်သားနေအိမ်များ၊ တပ်စခန်း အနီးနေရာများ၊ ရဲစခန်းဝန်ထမ်းအိမ်ရာများ၊ ဈေးဆိုင်နှင့် ကွမ်းယာဆိုင်များ၊ စစ်ဆေးရေးဂိတ်စခန်းများအား ဗုံးခွဲတိုက်ခိုက်မှု(၆)ကြိမ်နှင့် အပြစ်မဲ့အရပ်သား နှစ်ဦးအား လုပ်ကြံသတ်ဖြတ်ခြင်း(၂)ကြိမ်။
-    မကွေးမြို့နယ်အတွင်း လုံခြုံရေးအခြေစိုက်နေရာအနီးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအနီး၊ လျှပ်စစ်ရုံးအနီး၊ ပညာရေးမှူးရုံး အနီးနှင့် Mytel တာဝါတိုင်တို့အား ဗုံးဖောက်ခွဲမှု(၅)ကြိမ်။
-    မြို့သစ်မြို့နယ်အတွင်း လျှပ်စစ်ရုံး၊ စည်ပင်သာယာရေးရုံး၊ ရဲစခန်း၊ ဆက်သွယ်ရေး ကေဘယ်တိုင်တို့အား ဗုံးဖောက်ခွဲမှု(၄)ကြိမ်၊ အုပ်ချုပ်ရေးမှူး ၅ ဦးအား လုပ်ကြံ သတ်ဖြတ်မှု (၅)ကြိမ်။
-    ရေစကြိုမြို့နယ်အတွင်း ရဲစခန်းများ၊ စည်ပင်ဝန်ထမ်းနေအိမ်၊ အပြစ်မဲ့ အရပ်သားနေအိမ်တို့အား ဗုံးခွဲတိုက်ခိုက်မှု(၄)ကြိမ်။
-    နတ်မောက်မြို့နယ်အတွင်း မြန်မာ့စီးပွားရေးဘဏ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်များ၊ Mytel တာဝါတိုင် ၂ ခုတို့အား ဗုံးခွဲတိုက်ခိုက်မှု (၅)ကြိမ်၊ အုပ်ချုပ်ရေးမှူး ၃ ဦးအား လုပ်ကြံသတ်ဖြတ်မှု(၃)ကြိမ်။
-    နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ အမျိုးသမီးတစ်ဦးအား ဒလန် အဖြစ် စွပ်စွဲလုပ်ကြံသတ်ဖြတ်ခြင်း(၁)ကြိမ်။
-    အောင်လံမြို့နယ်အတွင်း လဝကရုံးအား ဗုံးဖောက်ခွဲမှု(၁)ကြိမ်။
-    ကျောက်ပန်းတောင်းမြို့နယ်အတွင်း ပညာရေးမှူးရုံးအား ဗုံးဖောက်ခွဲမှု (၁)ကြိမ်။
    သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီးအတွင်း ဗိဿနိုးနယ်မြေ PDF အဖွဲ့ ဖွဲ့စည်း၍  အကြမ်းဖက်လုပ်ရပ်များအား ဦးဆောင်ပြုလုပ်ခဲ့သူ တရားခံဝင်းမြင့်လှိုင်အား ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိမ်းရှောင်ထွက်ပြေးနေသည့် အကြမ်းဖက်သမားများအား ဆက်လက်ဖမ်းဆီးရမိနိုင်ရေးအတွက် မိဘပြည်သူများမှ နီးစပ်ရာလုံခြုံရေးအဖွဲ့အစည်းများသို့ လျှို့ဝှက်စွာသတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။