လေထုထဲက ကာဗွန်တန်ချိန် ၁ဝဝဝ ကိုဖယ်ရှားပေးနိုင်မယ့် မိုးမျှော်တိုက်များ

လေထုထဲက ကာဗွန်တန်ချိန် ၁ဝဝဝ ကိုဖယ်ရှားပေးနိုင်မယ့် မိုးမျှော်တိုက်များ

ယနေ့ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးသော စိန်ခေါ်မှုကတော့   ကမ္ဘာကြီးပူနွေးလာမှုနဲ့  ရာသီဥတု ပြောင်းလဲမှုပါပဲ။ ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်ဖို့အတွက် တတ်သိပညာရှင်တွေက အမျိုးမျိုး ကြံစည်တွေးတော အကောင်အထည်ဖော် လာကြပေမယ့်   လက်တွေ့ အခြေအနေမှာတော့ အမှန်တကယ် အလုပ်ဖြစ်တာ နည်းပါတယ်။

ဒါပေမဲ့ မကြာသေးမီက ကျင်းပသွားတဲ့ ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံမှာ SOM ကုမ္ပဏီက မြို့ပြစီမံကိန်း ပုံစံတစ်ရပ်ကို တင်သွင်းခဲ့ပါတယ်။  အဲဒီစီမံကိန်းရဲ့ အမည်ကိုတော့ မြို့ပြသစ်နီပင်လို့ ပေးထားပါတယ်။

ဒီစီမံကိန်းရဲ့  အဓိကအားသာချက်က လေထုထဲမှာရှိတဲ့ ကာဗွန်တန်ချိန် ၁ဝဝဝ ကို ဖယ်ရှားပေးနိုင်မယ်လို့    ဆိုထားခြင်း ဖြစ်ပါတယ်။ ဒီလောက်ပမာဏရှိတဲ့ ကာဗွန်ကို ဖယ်ရှားပေးနိုင်ဖို့ဆိုတာ သစ်ပင်ပေါင်း ၄၈၅ဝဝ ရဲ့ ကာဗွန်စုပ်ယူနိုင်စွမ်းနဲ့ ညီမျှပါတယ်။

ကမ္ဘာကြီးပူနွေးမှုကိုဖြစ်စေတဲ့ ကာဗွန်ဓာတ်ငွေ့တွေရဲ့ ၄ဝ ရာခိုင်နှုန်း ထွက်ရှိလာတဲ့ နေရာက ဆောက်လုပ်ရေး ကဏ္ဍပါ။ တစ်ချိန်တည်းမှာပဲ ဒီလို ဆောက်လုပ်ရေး ကဏ္ဍကနေ    ကာဗွန်တွေကို စုပ်ယူဖို့ လုပ်ဆောင်မယ်ဆိုတော့    ဒီစီမံကိန်းဟာ လူအများအပြားရဲ့ အာရုံကို  ဖမ်းစားလိုက်နိုင်ပါတယ်။

ကုမ္ပဏီရဲ့    ပြောဆိုချက်အရဆိုရင် စီမံကိန်းစတင်မှုကာလ၊ ဒီဇိုင်းရေးဆွဲမှု ကာလနဲ့ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ဆောင်စဉ်ကာလ တစ်လျှောက်လုံးတို့မှာ ကာဗွန်ထွက်ရှိမှုကို လျော့ကျစေမယ်လို့ သိထားပါတယ်။

ဒီစီမံကိန်းရဲ့ ဆောက်လုပ်ရေး လုပ်ငန်းကနေ ထွက်ရှိလာမယ့် ကာဗွန်တွေကိုလည်း စီမံကိန်းပြီးသွားတဲ့ အခါမှာ အလွန်လျင်မြန်တဲ့ နှုန်းနဲ့ စုပ်ယူသွားနိုင်ဦးမှာဖြစ်တယ်လို့ ကုမ္ပဏီရဲ့သတင်းစာ ရှင်းလင်းပွဲမှာ အတိအလင်း ကြေညာထားတာကိုလည်း တွေ့ရပါတယ်။

အခုလို ကာဗွန်ထွက်ရှိမှု လျော့ကျစေဖို့ အတွက်ဖန်တီးထားတဲ့ သူမတူဒီဇိုင်းက အစိမ်းရောင်တည်ဆောက်ရေး လုပ်ငန်း ရဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ထားတာပါ။ အဲဒီထဲမှာ ကုန်ကြမ်းပစ္စည်း လျှော့ချမှု၊  ကာဗွန်စုပ်ယူနည်းပညာ အသုံးပြုမှု၊ ဇီဝကုန်ကြမ်းပစ္စည်းတွေကိုသာ အသုံးပြုမှုနဲ့ ဒီဇိုင်းပိုင်းကို အကောင်းဆုံးဖြစ်အောင် ဖန်တီးမှုတို့ပါဝင်ပါတယ်။

ဒီစီမံကိန်းကနေ  ထွက်ပေါ်လာမယ့် အဆောက်အအုံတွေက ကာဗွန်တွေကို စုပ်ယူရတဲ့  အကြောင်းနှစ်ရပ် ရှိပါတယ်။ တစ်ခုကတော့ ဆောက်လုပ်ရေး လုပ်ငန်းမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေပါ။

အဲဒီကုန်ကြမ်းပစ္စည်းတွေထဲမှာ ဇီဝအုတ်၊ လျှော်ပင်နဲ့ထုံးကျောက်တို့ ပေါင်းစပ်ထားတဲ့ အုတ်၊ သစ်နဲ့ ဇီဝကွန်ကရစ်တို့ ပါဝင်ပါတယ်။

ဒီပစ္စည်းတွေကို အသုံးပြုထားခြင်းကြောင့် သံမဏိနဲ့ကွန်ကရစ်တို့လိုမျိုး သမားရိုးကျဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေထက် ကာဗွန်ထွက်ရှိမှု  နည်းပါးစေပါတယ်။ ဒီအတွက်ကြောင့် ဒီစီမံကိန်းဟာ ကာဗွန်လုံးဝ မထွက်တဲ့ စီမံကိန်းတော့ မဟုတ်ပါဘူး။

အဲဒီအဆောက်အအုံတွေဟာ ကာဗွန်ကို စုပ်ယူနိုင်စွမ်းရှိတာကြောင့် ဂေဟစနစ်နဲ့ လိုက်လျောညီထွေရှိတဲ့ အဆောက်အအုံတွေ ဖြစ်လာပါမယ်။

ဒီအချက်ကို   ကြည့်ခြင်းအားဖြင့်  ဒီအဆောက်အအုံတွေဟာ   ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပေမယ့် ဒီအဆောက်အအုံတွေကပဲ ပြဿနာအတွက် အဖြေဖြစ်တယ်ဆိုတာကို မြင်နိုင်ပါတယ်။

SOM ကုမ္ပဏီက သူတို့ရဲ့စီမံကိန်းဟာ ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို လေ့လာသုံးသပ်ဖို့ အတွက် ရှေ့ပြေးပုံစံတစ်ခုနဲ့ တင်ပြခဲ့ပါသေးတယ်။

အဲဒီရှေ့ပြေးပုံစံကတော့    အထပ်မြင့် အဆောက်အအုံတစ်ခုပါပဲ။

ရှေ့ပြေးပုံစံကို    တည်ဆောက်ရာမှာ သဘာဝကိုအခြေခံတဲ့ ကုန်ကြမ်းပစ္စည်းတွေကိုသာ   အသုံးပြုထားတာကြောင့် ဒီအဆောက်အအုံကြောင့် ကာဗွန်ထွက်ရှိမှုကို လျှော့ချလိုက်နိုင်တာဟာ နှစ်စဉ်ကာဗွန်တန်ချိန် ၁ဝဝဝ ကို စုပ်ယူနိုင်စွမ်းနဲ့ ညီမျှနေတာကို တွေ့ရပါတယ်။

တကယ်တမ်းတည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်တဲ့ အခါမှာဆိုရင် ဒီထက်သုံးဆပိုတဲ့ ကာဗွန်ပမာဏကို စုပ်ယူနိုင်မယ်လို့လည်း ကုမ္ပဏီက ဆိုထားပါသေးတယ်။

ဒါ့အပြင် အဆောက်အအုံဆောက်ပြီး သွားတဲ့အခါ အထပ်တိုင်းမှာ ပါဝင်မယ့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေကို စစ်ထုတ်ပေးနိုင်တဲ့ လေထုစုပ်ယူမှု စနစ်ကြောင့်လည်း လေထုအတွင်းမှာရှိတဲ့   ကာဗွန်ဓာတ်ငွေ့တွေ လျော့ပါး သွားစေနိုင်ပါတယ်။

SOM ကုမ္ပဏီရဲ့  အန္တိမရည်မှန်းချက်ကတော့ မြို့ကြီးတွေကို သစ်တောအဖြစ် ပြောင်းနိုင်စေမယ့် အဆောက်အအုံတွေ ထွက်ပေါ်လာစေဖို့ပါပဲ။

သူတို့ကုမ္ပဏီရဲ့  ရည်မှန်းချက်ကတော့ တကယ်ကောင်းပါတယ်။ အဲဒီရည်မှန်းချက် အတိုင်းသာ အမှန်တကယ် အကောင်အထည် ဖော်နိုင်ရင်တော့ ကျွန်တော်တို့ ကမ္ဘာကြီးလည်း တစ်ဖန်ပြန်လည် စိမ်းလန်းလာမှာပါ။