ပင်လယ်နီထဲမှာရှိနေမယ့် အဋ္ဌဂံစက်မှုဇုန်မြို့

ပင်လယ်နီထဲမှာရှိနေမယ့် အဋ္ဌဂံစက်မှုဇုန်မြို့

ကမ္ဘာကြီးပူနွေးမှုကို လျှော့ချဖို့အတွက် လိုအပ်ချက်တစ်ခုကတော့   ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှုကို လျှော့ချခြင်းပါပဲ။ ရုပ်ကြွင်းလောင်စာတွေကို အများဆုံး အသုံးပြုကြတာက စက်မှုဇုန်တွေဖြစ်ပြီး သူတို့ဆီကနေ ထွက်ရှိလာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ကလည်း ရာသီဥတု ပြောင်းလဲမှုကို တွန်းအားပေးနေပါတယ်။

ဒါကြောင့်    စက်မှုဇုန်တွေအတွက် လိုအပ်တဲ့စွမ်းအင်ကို ရုပ်ကြွင်းလောင်စာတွေဆီက မဟုတ်ဘဲ သန့်ရှင်းစွမ်းအင်ဆီက သာရရှိခဲ့မယ်ဆိုရင်    ကမ္ဘာကြီးမှာ စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုရှိသလောက် ဖန်လုံအိမ်ဓာတ်ငွေ့  ထွက်ရှိမှုကလည်း လျော့ကျလာမှာ အမှန်ပါပဲ။

ဒီလိုစိတ်ကူးကို အကောင်အထည်ဖော်သူကတော့   ဆော်ဒီအာရေဗျနိုင်ငံပါ။

သူတို့က အနားရှစ်ခု၊ ထောင့်ရှစ်ထောင့်နဲ့ အဋ္ဌဂံမြို့တစ်မြို့ကို တည်ဆောက်ပါမယ်။

အဲဒီမြို့က စက်မှုဇုန်မြို့ဖြစ်လာမှာပါ။ အဋ္ဌဂံမြို့ရဲ့တည်နေရာက ပင်လယ်နီထဲမှာဖြစ်ပြီး ရေပေါ်မြို့လေးတစ်မြို့ ဖြစ်လာမှာ ဖြစ်သလို အဲဒီမြို့အတွက် လိုအပ်တဲ့ စွမ်းအင်အားလုံးကိုလည်း  သန့်ရှင်းစွမ်းအင်ကနေသာ ရယူသွားမှာဖြစ်ပါတယ်။

အဋ္ဌဂံမြို့က   ဆော်ဒီအာရေဗျက အကောင်အထည်ဖော်နေတဲ့    မဟာမြို့တော်ကြီး တစ်ခုရဲ့အစွန်မှာရှိမှာပါ။ မဟာမြို့ကြီးရဲ့ နာမည်ကတော့ နီယွန်လို့ခေါ်ပါတယ်။

နီယွန်မြို့ကို တည်ဆောက်ရတဲ့ ဆော်ဒီအာရေဗျတို့ရဲ့ ရည်ရွယ်ချက်က အနာဂတ်မှာ   လူသားတွေရဲ့ နေထိုင်မှုနဲ့ လုပ်ငန်းဆောင်ရွက်မှု ပုံစံတွေကို ပြန်လည်သတ်မှတ်ပြီး လက်ရှိနေထိုင်မှု ဘဝအတွက် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကိုလည်း ထောက်ပံ့ပေးနိုင်ဖို့ဖြစ်ပါတယ်။

ဒီအတွက် အဋ္ဌဂံမြို့က နီယွန်မြို့ကြီးနဲ့ ဆော်ဒီအာရေဗျနိုင်ငံရဲ့  စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနဲ့  မတူကွဲပြားမှုတို့ အတွက် အထောက်အပံ့ပေးမှာ ဖြစ်တယ်လို့ ဆော်ဒီအိမ်ရှေ့စံ မိုဟာမတ်ဘင်ဆယ်မန်က ပြောပါတယ်။

ဒါ့အပြင် အဋ္ဌဂံမြို့က အနာဂတ်စက်မှု လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ကမ္ဘာ့နိုင်ငံတွေရဲ့  ချဉ်းကပ်မှု လမ်းကြောင်းကိုလည်း ပြန်လည်သတ်မှတ် ပေးပါလိမ့်မယ်။

သဘာဝနဲ့ ဟန်ချက်ညီစွာ နေထိုင်ရေး စည်းမျဉ်းတွေကို  ဦးစားပေးပြီး အကောင်အထည်ဖော်မယ့် အဋ္ဌဂံမြို့ဟာ နောက်ဆုံး ပေါ်နည်းပညာမြင့်ဆိပ်ကမ်းတွေ၊ လေဆိပ်တွေနဲ့အတူ    ကမ္ဘာ့အဆင့် အမြင့်ဆုံး ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက် ဖြစ်လာနိုင်ဦးမှာပါ။

အဲဒီအဋ္ဌဂံမြို့မှာ ဘာတွေပါဦးမလဲ ဆိုရင် လက်ရှိအသုံးပြုနေတဲ့ အင်တာနက်သုံး ပစ္စည်းတွေ၊ လူသားနဲ့စက်ပစ္စည်း ပေါင်းစပ်ဆောင်ရွက်မှု၊ လူတူအသိဉာဏ်နဲ့ ကြိုတင်ခန့်မှန်းနိုင်တဲ့ စွမ်းရည်အပြင်    စက်ရုပ်တွေလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

အဋ္ဌဂံမြို့မှာ စက်မှုဇုန်စုစုပေါင်း ခုနစ်ခုထည့်သွင်း  တည်ဆောက်သွားမှာ ဖြစ်ပြီး အဲဒီစက်မှုဇုန်တွေ အတွက် စဉ်ဆက်မပြတ် ရရှိမယ့်စွမ်းအင်ကို အသုံးပြုကာ  အလိုအလျောက် သွားလာရေးစနစ်၊   ရေကိုဆန်းသစ်ပြောင်းလဲမှု၊ စဉ်ဆက်မပြတ်ရရှိနိုင်မယ့်    စားနပ်ရိက္ခာ ထုတ်လုပ်ရေး၊ ကျန်းမာရေး၊ နည်းပညာနဲ့ ဒစ်ဂျစ်တယ် ထုတ်လုပ်မှုတို့လည်း ပါဝင်မယ့် အပြင် ခေတ်သစ်ဆောက်လုပ်ရေး နည်းလမ်းတွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။

အဋ္ဌဂံမြို့ကိုတည်ဆောက်ရေးအတွက် ငွေကြေး ရင်းနှီးမြှုပ်နှံမှုပမာဏ ဘယ်လောက်အထိသုံးမယ် ဆိုတာကိုတော့ အတိအကျ ဖော်ပြထားခြင်း မရှိပေမယ့်    ဒီမြို့ကြီးသာ အမှန်တကယ် အကောင်အထည်ပေါ်လာရင် အနာဂတ်မှာ သန့်ရှင်းစွမ်းအင်ကိုသာသုံးပြီး စက်မှုလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။