ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုစာရင်းသွင်းခြင်း

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုစာရင်းသွင်းခြင်း

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံလာခြင်းနှင့်အတူ ကာကွယ်ဆေးထိုးနှံရန် စာရင်းသွင်းခြင်း၊ ထိုးနှံပြီးစီးမှုအား မှတ်တမ်း တင်ခြင်း၊ ထိုးနှံပြီးစီးကြောင်း အထောက်အထားများ  ထုတ်ပေးခြင်းစသည့် လုပ်ငန်းစဉ်များသည် မရှိမဖြစ် အရေးကြီးလာပါသည်။ ထိုသို့စာရင်း ဇယား များရေးသွင်းခြင်းကို  လူလုပ်အားဖြင့် ဆောင်ရွက်မည်ဆိုပါက  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရ ခြင်းကြောင့် ဝန်ထုပ်ဝန်ပိုးများစွာဖြစ်စေပါသည်။

အဘယ် ကြောင့်ဆိုသော် လူတစ်ဦးချင်းစီ၏ အချက်အလက်များကို ရေးသွင်းရခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံအများစု သည် အွန်လိုင်းစနစ်ဖြင့်လည်းကောင်း၊ Mobile Application များဖြင့်လည်းကောင်း၊ လူတစ်ဦးချင်းစီကိုယ်တိုင် စာရင်းသွင်း နိုင်ရေးဆောင်ရွက်လျက်ရှိသည်။  

သို့မှသာ ကာကွယ်ဆေးထိုးနှံမှု လျင်မြန်လွယ် ကူခရီးရောက်မည်ဖြစ်ပါသည်။  ကိုဗစ်ကာကွယ်ဆေးဆိုသည်မှာလည်း ကာကွယ်ဆေး အသစ်ဖြစ်သောကြောင့် လူတိုင်းအား မဖြစ်မနေထိုးနှံပေးရန် လိုအပ်ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဒစ်ဂျစ်တယ်နည်း ပညာနှင့် အင်တာနက်လိုင်းများ လွှမ်းခြုံမှု အားကောင်းသောကြောင့် ဤကဲ့သို့အွန်လိုင်း စနစ်ဖြင့်  ကာကွယ်ဆေးထိုးနှံပေးရေး ဆောင်ရွက်မှု များ အကောင်အထည်ဖော်နိုင်ရေးလွယ်ကူသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနောက်ကျသောနိုင်ငံများတွင် အွန်လိုင်းစနစ် ဆောင်ရွက်နိုင်ရန်မှာ အခက်အခဲများနှင့် စိန်ခေါ်မှုများ များစွာရှိပါသည်။ မိမိတို့ အိမ်နီးချင်းနိုင်ငံအချို့တွင်  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး စာရင်းသွင်းဆောင်ရွက်မှုများကို အွန်လိုင်းစနစ်ဖြင့် လုပ်ဆောင်နေမှု အခြေအနေများအား ဖော်ပြအပ်ပါသည်။

ဗီယက်နမ်နိုင်ငံ

ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံမှုကို နိုင်ငံခြားသားများအပါအဝင် ဗီယက်နမ်နိုင်ငံသားများသည် အွန်လိုင်း မှတ်ပုံတင်ခြင်းစနစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်းသိရှိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် Application အသုံးပြု၍ ဆောင် ရွက်နိုင်ပြီး ၎င်း Application အား အွန်လိုင်း မှ Download လုပ်နိုင်ပါသည်။ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ အနေဖြင့်လည်း ကာကွယ်ဆေး ထိုးနှံရန် စာရင်းပေးသွင်းထားမှု အခြေအနေ၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊ ထိုးနှံရန်ကျန်ရှိမှု၊ ကာကွယ် ဆေးများဖြန့်ဖြူး ပေးမှု စသည့် အခြေအနေများကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင်သည်။ ကာကွယ်ဆေး ထိုးနှံရန်အတွက် စာရင်း ပေးသွင်းရာတွင် သွားရောက်ရန် မလိုဘဲ အွန်လိုင်းမှတစ်ဆင့် လျင်မြန်စွာဆောင်ရွက်နိုင်သည်။ စောစော စာရင်းသွင်းသူအား စောစော ထိုးနှံပေးခြင်းမျိုးမဟုတ်ဘဲ ကျန်းမာရေး ဝန်ကြီးဌာနမှ ချမှတ်ထားသည့် ဦးစားပေးအစီအစဉ်အတိုင်း ထိုးနှံသွားခြင်းဖြစ်သည်။

အွန်လိုင်းမှ စာရင်းပေးသွင်းရာတွင် နည်းလမ်းနှစ်မျိုးဖြင့် ပေးသွင်းနိုင်ပါသည်။ ပထမတစ်မျိုးမှာ Website တွင် တိုက်ရိုက်စာရင်း ပေးသွင်းခြင်းဖြစ်ပြီး ဒုတိယတစ်မျိုးမှာ မိမိ၏မိုဘိုင်းဖုန်းတွင် E-Health Application အား Download လုပ်ပြီး စာရင်းပေးသွင်း ခြင်းဖြစ်သည်။  Apps ဖြင့် စာရင်းသွင်းမည်ဆိုပါက ဖုန်းနံပါတ်တစ်ခုလိုအပ်မည်ဖြစ်သည်။ စာရင်းသွင်းသူ၏ အချက်အလက်များ အား စိစစ်ပြီးပါက ကာကွယ်ဆေးထိုးနှံရန်အတွက် ညွှန်ကြား ချက်များ   ရရှိမည်ဖြစ်သည်။  အဆိုပါ အချက်အလက်များအား ကာကွယ်ဆေး ထိုးနှံမည့်ဌာနများသို့  ဖြန့်ဝေသွားမည်ဖြစ်ပြီး အဆိုပါဌာနများမှ ထပ်မံစိစစ်ကာ ဦးတည်အုပ်စုများအလိုက် စာရင်းသွင်းမည် ဖြစ်သည်။ စာရင်းသွင်းပြီးသည်နှင့် မိမိ ထိုးနှံရမည့်  အစီအစဉ်နှင့်ပတ်သက်၍ အချက်အလက်များ  ရရှိမည်ဖြစ် သည်။ အဆိုပါ Website နှင့် E-Health Application တို့ကို အင်္ဂလိပ်ဘာသာဖြင့်လည်း ရရှိနိုင်မည်ဖြစ်သည်။   စာရင်းသွင်းသူ တစ်ဦးချင်းစီသည် စာရင်းသွင်းပြီးသည်နှင့် အဖြူ၊ အမည်း QR Code တစ်ခု ရရှိမည်ဖြစ်သည်။   ပထမအကြိမ်ထိုးနှံပြီးပါက အဆိုပါ QR Code သည် အဝါရောင် သို့ပြောင်းမည်ဖြစ်ပြီး ဒုတိယအကြိမ် ထိုးနှံပြီးစီးပါက အစိမ်းရောင်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ အဆိုပါ Online Vaccination Database တွင် ကာကွယ်ဆေးထိုးနှံပြီးစီးသူ တစ်ဦးချင်းစီ၏ ကာကွယ်ဆေးအမျိုးအစား၊ ထိုးနှံပြီးစီးမှု အကြိမ်တို့အား သိမ်းဆည်းထားမည်ဖြစ်သည်။ အကယ်၍ ကာကွယ်ဆေးထိုးနှံပြီးစီးသူတစ်ဦးသည် ခရီးသွားလာမည်ဆိုပါက မိမိ၏ မိုဘိုင်းဖုန်းတွင် အဆိုပါ Application မှ QR Code ကိုပြသ၍ အစစ်ဆေးခံနိုင်မည်ဖြစ်သည်။ အနာဂတ်တွင် အဆိုပါ QR Code သည် Vaccine Passport တစ်ခုဖန်တီးရန်အတွက် အခြေခံဖြစ်လာမည်ဖြစ်သည်။ Viettel ဆက်သွယ်ရေး ကုမ္ပဏီအနေဖြင့် အဆိုပါ အွန်လိုင်း မှတ်ပုံတင်ခြင်းလုပ်ငန်းအား မျှဝေထမ်းဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ဗီယက်နမ်အနေဖြင့် ၂၀၂၁ အကုန်နှင့် ၂၀၂၂ အစောပိုင်းတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို ထိုးနှံပြီးဖြစ်ရန် မျှော်မှန်းထားသည်။ ဗီယက်နမ်နိုင်ငံတွင် ကာကွယ်ဆေး ထိုးနှံရန်အတွက် ဦးတည်အုပ်စု ၁၆ စု ရှိသည်။ ကာကွယ်ဆေးထိုးနှံပေးရန်အတွက် ဦးစားပေးအစီအစဉ်ဖြင့် သတ်မှတ်ထားသော  နေရာဒေသ  လေးခုရှိသည်။ ၎င်းတို့မှာ လတ်တလော Outbreak ဖြစ်ပွားနေသော နေရာဒေသများ၊ စီးပွားရေးဖွံ့ဖြိုးမှု စီမံကိန်းများနှင့် စမ်းသပ် စီမံကိန်းများရှိသော နေရာဒေသများ၊ လူဦးရေထူထပ်သော စက်မှုဇုန် နေရာဒေသများနှင့်  နယ်စပ်ဒေသများတို့ဖြစ်ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်လည်း ကာကွယ်ဆေးထိုးနှံရန် စာရင်းသွင်းခြင်း လုပ်ငန်းကို အွန်လိုင်းစနစ်ဖြင့် စတင်ဆောင်ရွက် နေပြီဖြစ်သည်။  Website တွင် စာရင်းသွင်းခြင်းနှင့် Application (Surokkha) တွင် စာရင်းသွင်းခြင်း နှစ်မျိုးဖြင့် ဆောင်ရွက် နိုင်ကြောင်း သိရှိရပြီး စာရင်းသွင်းရာတွင် စာရင်းသွင်းသူအနေဖြင့် အမည်၊ နေရပ်လိပ်စာ၊ နိုင်ငံသားကတ်အမှတ်၊ ရောဂါရာဇဝင်၊  ကာကွယ်ဆေးထိုးနှံရန် သဘောတူညီမှု အစရှိသည့်အချက်အလက်များ ပေးသွင်းရန် လိုအပ်ပါသည်။ ထိုသို့ စာရင်း သွင်းပြီးသည်နှင့် (One Time Password) တစ်ခုအား ဖြည့်သွင်းသူ၏ မိုဘိုင်းဖုန်းသို့  ပေးပို့သွားမည်ဖြစ်သည်။ အဆိုပါ (One Time Password) ရရှိပါက စာရင်းသွင်းခြင်းလုပ်ငန်း ပြီးစီးမည်ဖြစ်သည်။ အဆိုပါ အချက်အလက်များကို Database ထဲတွင် သိမ်းဆည်းသွား မည်ဖြစ် သည်။

အိန္ဒိယနိုင်ငံ

အိန္ဒိယနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံရန်စာရင်းသွင်းခြင်းကို  Web Portal (Co-WIN) တွင် ကိုယ်တိုင်စာရင်း ပေးသွင်း နိုင်ပါသည်။ သို့ရာတွင် Mobile Application ဖြင့် စာရင်းပေးသွင်းသည့် စနစ် မရှိသေးပါ။ အသက် ၁၈ နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်းသည် အဆိုပါ အွန်လိုင်းစနစ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။ ၎င်းစနစ်သည် မဖြစ်မနေဆောင်ရွက်ရမည့် စနစ်တော့မဟုတ်ပါ။ နေ့စဉ်ကာကွယ် ဆေး ထိုးပေးမည့်နေရာတွင် စာရင်းပေးသွင်းခြင်း အကန့်အသတ်ရှိပါသည်။  အွန်လိုင်းမှ တစ်ဆင့် စာရင်းပေးသွင်းခြင်းအားဖြင့် မိမိထိုးနှံမည့် နေ့ရက်နှင့် အချိန်တို့ကို အတိအကျသိရှိရသောကြောင့် သက်တောင့် သက်သာစွာ ဖြင့် ထိုးနှံနိုင်ပါသည်။ Walk In စနစ်ဖြင့်လည်း အစိုးရကာကွယ်ဆေး ထိုးနှံသည့်  ဌာနများတွင်  စာရင်းသွင်း ထိုးနှံနိုင်ကြောင်း သိရှိရသည်။ ပုဂ္ဂလိက ကာကွယ်ဆေး ထိုးနှံသည့် စင်တာများတွင် အွန်လိုင်းစနစ်ဖြင့်သာ  စာရင်းသွင်းရန် လိုအပ်ကြောင်း သိရှိရသည်။ မိုဘိုင်းဖုန်း မရှိသူများ အနေဖြင့် လည်း မိုဘိုင်းဖုန်းနံပါတ် တစ်ခုလျှင် လူလေးဦးအထိ စာရင်းသွင်းနိုင်ကြောင်း  သိရှိရသည်။  နိုင်ငံသားစိစစ်ရေး ကတ်မရှိလျှင်လည်း ယာဉ်မောင်းလိုင်စင်၊ ပတ်စပို့၊ မဲဆန္ဒရှင်လက်မှတ်တို့ဖြင့် စာရင်း သွင်းနိုင်ကြောင်း  သိရှိရသည်။ မိမိထိုးနှံ လိုသည့်အချိန်ကိုလည်း အွန်လိုင်းမှတဆင့် Booking ရယူနိုင်ကြောင်း သိရှိရသည်။ အသက်အုပ်စုမတူညီသူများအနေဖြင့် တစ်ချိန်တည်းတွင် အတူတကွ ထိုးနှံလိုပါက အစိုးရက သတ်မှတ်ထားသည့် ပုဂ္ဂလိက ကာကွယ်ဆေးထိုးစင်တာများတွင် ထိုးနှံနိုင်ကြောင်း သိရှိရသည်။ အကယ်၍ မိမိချိန်းဆိုထားသည့်အချိန်တွင် အကြောင်း အမျိုးမျိုးကြောင့် ထိုးနှံနိုင်ခြင်းမရှိပါက အွန်လိုင်းမှတစ်ဆင့်ရက်ချိန်း ပြန်လည်ရယူ နိုင်ကြောင်း  သိရှိရသည်။  အွန်လိုင်းမှတစ်ဆင့် စာရင်းသွင်းခြင်းဆောင်ရွက်ပြီးပါက ထိုးနှံရမည့်နေရာနှင့် အချိန်ကို SMS မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံတွင်လည်း ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို Mobile Application (Mor Prom) ဖြင့် စာရင်းသွင်း ဆောင်ရွက် နိုင်ကြောင်း သိရှိရသည်။ အဆိုပါ Application တွင် ကာကွယ်ဆေးထိုးနှံပေးသည့် နေရာများ၊ ကာကွယ်ဆေး အမျိုးအစား များနှင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နောက်ဆုံးရ သတင်းအချက်အလက်များကိုလည်း မျှဝေထားကြောင်းသိရှိရသည်။

အဆိုပါ Application တွင် စာရင်းပေးသွင်းပြီးသည်နှင့် ကာကွယ်ဆေးထိုးနှံရမည့် နေရာနှင့် အချိန်တို့ကို Appointment ရယူနိုင် ကြောင်း သိရှိရသည်။ ဦးတည် အုပ်စုများအလိုက် ဦးစားပေးအစီအစဉ်ဖြင့် ထိုးနှံပေးနေကြောင်း သိရှိရသည်။ ထို့ပြင် ဆေးရုံများ၊ ကျန်းမာရေး လုပ်သားများထံတွင်လည်း  စာရင်းပေးသွင်း၍ ထိုးနှံနိုင်ကြောင်း သိရှိရသည်။

လာအိုနိုင်ငံ

လာအိုနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးသည့်အချိန်မှစ၍ လာအို ကျန်းမာရေးဝန်ကြီးဌာနသည် ဗီယက်နမ်နိုင်ငံ  ဆက်သွယ်ရေးကုမ္ပဏီ (HISP Vietnam)၏ အကူအညီဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများပါ  လုပ်ဆောင်နိုင် သော အွန်လိုင်းစနစ် (DHIS-2)အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါစနစ်တွင် ကာကွယ်ဆေး ထိုးနှံလိုသူအနေဖြင့်  Website  တွင်သာမက Mobile Application ဖြင့်လည်း  မိမိကိုယ်တိုင်စာရင်းသွင်းနိုင်ပြီး ကာကွယ် ဆေးထိုးရန် အတွက် ရက်ချိန်းများယူနိုင်ကြောင်း သိရှိရသည်။ QR Code စနစ်ပါရှိပြီး ကာကွယ်ဆေးထိုးနှံပြီးစီးမှု မှတ်တမ်း (Vaccination Certifi cate)ကိုလည်း  ရယူနိုင်ကြောင်း သိရှိရသည်။ ဦးတည်အုပ်စုများအလိုက်   ဦးစားပေးအစီအစဉ်အတိုင်း အွန်လိုင်းမှတစ်ဆင့် ကြိုတင် ရက်ချိန်းနှင့် ကာကွယ်ဆေးထိုးနှံပေးမည့် နေရာစသည်တို့ကိုရယူကာ သွားရောက်ထိုးနှံခြင်းဖြင့် လူစုလူဝေးဖြစ်မှုကို လျှော့ချ ပေးရုံသာမက ကာကွယ်ဆေးထိုးနှံရာတွင်လည်း လျင်မြန်လွယ်ကူစေကြောင်း သိရှိရပါသည်။ Mobile Application သို့မဟုတ် အွန်လိုင်း (Website)မှ တစ်ဆင့် စာရင်းပေးသွင်းရာတွင် QR Code တစ်ခု ရရှိမည်ဖြစ်သည်။ ၎င်း QR Code အား မိမိကာကွယ်ဆေးထိုးနှံမည့်နေရာတွင် ပြသရန်လိုအပ်ပါသည်။   သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းကလည်း အဆိုပါ QR Code အား Scan ဖတ်ပြီး ကာကွယ်ဆေးထိုးနှံလိုသူ၏ အချက်အလက်များအား စိစစ်နိုင်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် လူထူထပ်ရာ နေရာရှိ ကာကွယ်ဆေးထိုးစင်တာတစ်ခုလျှင် တစ်ရက်လူ ၂၀၀၀ ကျော်ခန့် ကာကွယ်ဆေးထိုးနှံပေးနိုင်ကြောင်း သိရှိရသည်။ ထို့ပြင် ရက်ချိန်းပြောင်းလဲရယူခြင်း ဦးတည်အုပ်စု ပြောင်းလဲခြင်း စသည်တို့ကို လိုအပ်သလို အွန်လိုင်းမှတစ်ဆင့်ပြောင်းလဲနိုင်ပြီး ပွင့်လင်း မြင်သာမှုလည်းရှိကြောင်း သိရှိရသည်။

ကမ္ဘောဒီးယားနိုင်ငံ

ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းအတွက် စာရင်းပေးသွင်းခြင်း၊ ကာကွယ်ဆေးထိုးပေးမည့် နေရာနှင့်အချိန် သတ်မှတ်ပေးခြင်းတို့ကို အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။ အထူးသဖြင့် Mobile Application မှတစ်ဆင့် ဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့   ကာကွယ်ဆေးထိုးနှံနိုင်ရေး စာရင်းသွင်းခြင်း၊ ထိုးနှံပြီးစီးမှုမှတ်တမ်းများ ထုတ်ပေးခြင်း စသည့်လုပ်ငန်းစဉ်များအား Digital Immunization Registry စနစ် ဆောင်ရွက်ခြင်းဖြင့် လွယ်ကူလျင်မြန်ပြီး ထိရောက်မှုရှိပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း လူစုလူဝေးပြုလုပ်ခြင်းဖြင့် ကူးစက်မှုဖြစ်နိုင်ခြေများကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ ထို့ပြင် အများပြည်သူအနေဖြင့် Digital နည်းပညာများ အသုံးပြု၍ နိစ္စဓူဝလုပ်ငန်းများ ဆောင်ရွက်ခြင်းကိုလည်း လက်ပွန်းတတီးဖြစ်လာမည်ဖြစ်ပါကြောင်း ရေးသားဖော်ပြ လိုက်ရပါသည်။   ။

ကိုဇေ