ပြည်သူများနှင့်ပြည်သူ့ဆက်ဆံရေး
ပြည်သူ့ဆက်ဆံရေးလုပ်ငန်း (Public Relations)သည် ပြည်သူများအတွက် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ပြည်သူများ သည် ဤလုပ်ငန်းဖြင့်ကင်းကွာ၍မရ။ တစ်ဆင့်စကားတစ်ဆင့်နားကြားရလေအောင် ဆောင်ကြဉ်းပေးမှုသည်ပင် ပြည်သူ့ဆက်ဆံ ရေးလုပ်ငန်း (Public Relations) ဆောင်ရွက်မှုပြုခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူ့ ဆက်ဆံရေး လုပ်ငန်း (Public Relations) သည် မိမိပေးပို့လိုသည့် သတင်းအချက်အလက် (Information) များကို ပြည်သူများထံ ပေးပို့ဖြန့်ချိ သည့် လုပ်ငန်းရပ်ပင်ဖြစ်သည်။ သို့သော် သတင်းပေးရုံ သက်သက်မျှမဟုတ်မူဘဲ သတင်းလက်ခံသူ၏ သဘောထားကို သိရှိနား လည်ရန် လည်းလိုပေသည်။ နှစ်ဖက်မျှတစွာ ချိန်ဆဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သည်။ ထို့ကြောင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း (Public Relations) သည် တစ်ဖက်သွားမဟုတ် အပြန်အလှန်ဆက်သွယ်မှုရှိသည့် သဘောတရားများပါဝင်ကြောင်း နားလည်ထားရ မည်ဖြစ်သည်။ ထပ်မံ၍ရှင်းလင်းတင်ပြလိုပေသေးသည်။ ပြည်သူ့ဆက်ဆံရေးလုပ်ငန်း (Public Relations) သည် မိမိအသိပေးလို သည့် သတင်းအချက်အလက်များအား ပြည်သူများထံသို့ အစီရင်ခံခြင်း၊ ပြည်သူများစိတ်ဝင်စားလာမှုရှိရန်နှင့် အယုံအကြည်ရှိစေရန် ပြုမူခြင်း စသည့်ဆွဲဆောင်ခြင်းသက်သက်လုပ်ငန်းမျိုးမဟုတ် မိမိပြောဆိုပြုမူချက်များအပေါ် ပြည်သူများက မည်သို့သဘောထား သည်၊ မည်သို့ယူဆသည်ကို နှစ်ဖက်မျှတစွာ စဉ်းစားချိန်ဆဆောင်ရွက်မှသာလျှင် ပြည်သူ့ဆက်ဆံရေး၏ သဘောသဘာ ဝအပြည့်အဝ ပေါ်လွင်မည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့ဆက်ဆံရေးဟူသည် ဝါဒဖြန့်ချိရေးကဲ့သို့ တစ်လမ်းသွား၊ တစ်ဖက်သွား မဟုတ်ဘဲ နှစ်လမ်းသွား လုပ်ငန်းဖြစ်၍ အပြန်အလှန်သဘောတရားများ ပါဝင်သည်ဟုဆိုရခြင်း ဖြစ်သည်။ မိမိပေးလိုသည့် သတင်း အချက်အလက်များအား ပြည်သူများထံတင်ပြရမည်၊ ပညာပေးရမည်၊ တိုးတက်မှုဖြစ်စဉ်ကိုရှင်းလင်းပြရမည်၊ အမှန်တရားကို သိစေရမည်။ ထို့ပြင် ပြည်သူတို့၏စိတ်နေသဘောထားမည်သို့ရှိသည်ကို လေ့လာသုံးသပ်၍ အမှန်သဘောတရားသို့ရောက်ရှိစေရန် လုပ်ဆောင်မှု သဘောသည် ပြည်သူ့ဆက်ဆံရေး၏ အနှစ်သာရပင်ဖြစ်သည်။
သတင်းစာဆရာ (Journalist) သည် သတင်းဟူသည့် ပုံမှန်မဟုတ်သော (Unusual)၊ ပြည်သူအများအကျိုးသက်ရောက်မှုရှိသော (Impact)၊ အချိန်နှင့်တစ်ပြေးညီ လတ်ဆတ်မှုရှိသော (Timeliness)၊ စာဖတ်သူနှင့်နီးကပ်သော အဖြစ်အပျက် (Proximity)၊ ဖျော်ဖြေမှုပါသော (Entertainment)၊ ပဋိပက္ခဆောင်သော (Conflict)၊ ထင်ရှားကျော်ကြားသည့်ပုဂ္ဂိုလ်များပါဝင်ပတ်သက်သော (Prominent People) စသည့်အချက်များအပေါ် မူတည်၍ စာဖတ်သူများအတွက် သတင်းသက်သက်ကိုသာ ရေးသားနိုင်သည်။ ပြည်သူ့ ဆက်ဆံရေးလုပ်ငန်း (Public Relations) ကို ဆောင်ရွက်သူသည် အဆိုပါသတင်းအပြင် မိမိပေးလိုသည့် အချက် အလက်များစွာ ပေးနိုင်ခွင့်ရရှိသည်။
ပြည်သူ့ဆက်ဆံရေးလုပ်ငန်း (Public Relations) အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူထုဆက်သွယ်ရေး (Media) နည်းလမ်းများကို အသုံးပြုဆောင်ရွက်ရသည်။ ဤနေရာတွင် Media အကြောင်းကို အနည်းငယ်တင်ပြလိုပေသည်။ Media ဟူသည့် စကား၏ အဓိပ္ပာယ်မှာ လူထုဆက်သွယ်ရေးနည်းလမ်းများ (Means of Mass Communication) ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် မီဒီယာသည် ကြားခံပစ္စည်း၊ ကြားခံကိရိယာ၊ ကြားခံဆက်သွယ်ခြင်းဟူ၍လည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ မီဒီယာကို အမျိုးအစား ခွဲကြည့်မည်ဆိုပါက လူထုအားဟောပြောခြင်း၊ တီးတိုးဝါဒဖြန့်ခြင်း၊ ကောလာဟလသတင်းများထုတ်လွှင့်ခြင်း စသည့်နည်းလမ်းများ ကို အနီးကပ်မီဒီယာ (Direct or Close Media)၊ ပုံနှိပ်ဖြန့်ချိသည့်နည်းလမ်းကို ပုံနှိပ်မီဒီယာ (Print Media)၊ ခေတ်မီဆက် သွယ်ရေးပစ္စည်းများ အသုံးပြုသည့် နည်းလမ်းကို အီလက်ထရွန်နစ်မီဒီယာ (Electronic Media)၊ ပြတိုက်၊ ပြပွဲ၊ ကြော်ငြာ၊ ဆိုင်းဘုတ်၊ စာကြည့်တိုက် စသည့်နည်းလမ်းများကိုသုံးလျှင် တည်ငြိမ်မီဒီယာ (Static Media) နှင့် ယာဉ်များအတွင်း ကြွေးကြော်သံ စာသားများ ရေးသားခြင်း၊ အားကစားဝတ်စုံများ တံဆိပ်ရိုက်နှိပ်ဝတ်ဆင်ခြင်းမျိုးစသည့် နည်းလမ်းများကို လှုပ်ရှားမီဒီယာ (Mobile Media) ဟူ၍ ခွဲခြားမှုပြုနိုင်သည်။ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် မီဒီယာနည်းလမ်းများဖြစ်သည့် သတင်းထုတ်ပြန်ခြင်း လုပ်ငန်း (News Release)၊ သတင်းလွှာများ ထုတ်ဝေခြင်းလုပ်ငန်း (News Letters)၊လက်ကမ်းစာစောင်များ ထုတ်ဝေခြင်း လုပ်ငန်း (Pamphlets and Brochures)၊ ဆောင်းပါးများရေးသားခြင်းလုပ်ငန်း (Opposive of Editiotial)၊ မိန့်ခွန်းများရေးသားခြင်းလုပ်ငန်း (Speeches)၊ သတင်းစာကွန်ဖရင့်များ (Press Conferences) နှင့် အခြားအခမ်းအနားလုပ်ငန်းများဖြင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း (Public Relations) ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည်။ လူထုဆက်သွယ်ရေး (Media) လုပ်ငန်းများကို ဆောင်ရွက်မည် ဆိုပါက စီမံအုပ်ချုပ်မှုနှင့်ဆိုင်သော အင်အားစု (Administrative Mobilization)၊ လုပ်ငန်းခွင်စွမ်းအားမြှင့်တင်မှု (Point of Service Promotion)၊ စုပေါင်းပိုင်ဆိုင်မှုအင်အားစု(Community Mobilization)၊ ကိုယ်ပိုင်ပေးဆပ်နိုင်မှု (Interpersonal Communication) နှင့်ကြေညာမှု (Advertising) စသည့်အစိတ်အပိုင်းငါးခု (The Five Integrative Communication Actions) လိုသည်။ ပြည်သူ့ ဆက်ဆံရေးလုပ်ငန်း (Public Relations) ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် နေရာ(Hear)၊ တတ်သိလိမ္မာမှု (Informed)၊ ထင်ရှားသိမြင်စေခြင်း (Convinced)၊ ဆုံးဖြတ်ချက် (Decision)၊ ပြုလုပ်ချက် (Action)၊ ထပ်မံအတည်ပြုချက် (Re-Confi rmation) နှင့် အခိုင်အမာပြောဆိုနိုင်မှု (Maintain) ရှိရန်လိုပေသည်။ အခြေခံအချက်များဖြစ်သည့် အချက်အလက်ရယူခြင်း၊ တစ်နည်းအားဖြင့် သတင်း/ဆိုလိုချက် (Messages)၊ အတွေးအခေါ်အယူအဆများဖြစ်ပေါ်ရာမူလအခြေခံ (Source)၊ ပေးပို့ရာလမ်းကြောင်း (Channel)၊ သတင်းဆိုလိုချက်ကိုလက်ခံရရှိသူ (Receiver)၊ အကျိုးဆက် (Effect)၊ သတင်းလက်ခံသူ၏တုံ့ပြန်မှု (Feedback)၊ အတွေး အခေါ်အယူအဆများကို ဆက်သွယ်ပေးပို့ရန်ဖန်တီးမှု (Encoding)၊ ခံစားနားလည်နိုင်သော ပုံသဏ္ဌာန်အဖြစ်ပြန်လည်ဖော်ထုတ်ခြင်း (Decoding)၊ ထားသိုမှုပုံစံ (Setting)နှင့် အနှောင့်အယှက်ပြုနိုင်သည့်အရာ(Noise) စသည့်အခြေအနေများကို သိရှိနားလည် ဖန်တီး နိုင်မှုစွမ်းရည် ပြည့်ဝရန်လည်းလိုပေသည်။ သို့မှသာ ထိရောက်အောင်မြင်သော ပြည်သူ့ဆက်ဆံရေးလုပ်ငန်း (Public Relations)ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို နယ်ပယ်များစွာတွင် အသုံးပြုဆောင်ရွက်လျက်ရှိသည်။ အဓိကအားဖြင့် တင်ပြရသော် စီးပွားရေး လုပ်ငန်းနယ်ပယ်၊ အစိုးရနှင့်နိုင်ငံရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ ကျန်းမာရေးနယ်ပယ်၊ လူမှုဝန်ထမ်း အဖွဲ့အစည်း နယ်ပယ်၊ အသက်မွေးဝမ်းကျောင်းအဖွဲ့အစည်းများနယ်ပယ်၊ ဖျော်ဖြေရေးနှင့်အားကစားနယ်ပယ်တို့ပင်ဖြစ်သည်။ ယနေ့အချိန်အခါ တွင် လူ့အဖွဲ့အစည်းအသီးသီး၌ ပြဿနာရပ်များ၏ စိန်ခေါ်မှုများသည် တစ်မျိုးမဟုတ် တစ်မျိုးပေါ်ပေါက်လျက်ရှိသည်။ ထို့ကြောင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းမပါဘဲ မည်သည့်အဖွဲ့အစည်းမျှ ရေရှည်ရပ်တည်၍ရမည်မဟုတ်ပေ။ ထို့အတူ လူထုသဘောထား အမြင်ကို လျစ်လျူရှု၍လည်း မည်သည့်လုပ်ငန်းမျှအောင်မြင်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ အောင်မြင်သော လူ့အဖွဲ့အစည်း တစ်ခုတည်ဆောက်မည်ဆိုပါက ပြည်သူ့ဆက်ဆံရေးနည်းလမ်းများကိုမလွဲမသွေသိရှိနားလည်ထားရန်လိုအပ်ပေသည်။
အချုပ်အားဖြင့်ဆိုရသော် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းဆောင်ရွက်သူသည် “အမျိုးသားအကျိုးစီးပွားဘက်တော်သား အရည်အသွေး မြင့်မားသည့် မီဒီယာသမားကောင်း” တစ်ယောက်ဖြစ်ရန်လိုသည်။ အသိပညာ ဗဟုသုတပြည့်စုံရန်လိုသည်။ အမှန်နှင့်အမှားကို ခွဲခြားနိုင်၊ ပိုင်းဖြတ်နိုင်ပြီး ပြည်သူ့အကျိုးကိုရှေးရှု၍ ခိုင်မာစွာရပ်တည်ဆောင်ရွက်နိုင်ရန် လိုသည်။ ပြည်သူ့ဆက်ဆံရေးမှူး ကောင်းများစွာ လိုအပ်နေသည့် အချိန်အခါဖြစ်သည်။ ဤဆောင်းပါးက ပြည်သူ့ဆက်ဆံရေးလုပ်ငန်းဆောင်ရွက်မည့်သူများအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်မည်ဆိုပါက စာရေးသူအနေဖြင့် ကျေနပ်ပီတိဖြစ်မိမည်မှာ မလွဲဧကန်အမှန်ပင် ဖြစ်ပေသည်။ ။
ကိုချမ်းမြေ့