နေပြည်တော် နိုဝင်ဘာ ၂၂
အစွန်းရောက် အကြမ်းဖက် သောင်းကျန်းသူများသည် အေးချမ်းစွာ နေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေး တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ ပြုလုပ်ခဲ့ရာတွင် နိုဝင်ဘာလ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြိုင်-မန္တလေးကားလမ်းမပေါ်ရှိ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်၌ ကျန်းမာရေး ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ဆေးခြင်းများ ဆောင်ရွက်ရန်အတွက် အဆိုပါဂိတ်အနီး ပတ်ဝန်းကျင်အား ရှင်းလင်းစစ်ဆေးနေစဉ် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ဆေးရေးဂိတ်၏ အရှေ့ဘက် ၁၅ ပေခန့်အကွာရှိ သဲပုံအတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါ နေရာအနီးမှ ဆိုင်ကယ်မောင်းနှင်လာသည့် အမှတ်(၁)ရပ်ကွက်နေ ဦးဇော်အောင်(ခ) ဝင်းဇော်အောင်(၃၅)နှစ် (ဘ)ဦးစိန်လှ၏ နဖူးနှင့် အောက်နှုတ်ခမ်းတို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် မြိုင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် သဲပုံအတွင်းစစ်ဆေးရန်ပြုလုပ်စဉ် နံနက် ၁၀ နာရီခန့်တွင် ထပ်မံပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရှင်းလင်းစစ်ဆေးခဲ့ရာ အဆိုပါ သဲပုံအတွင်း မြှုပ်နှံထားသည့် သံပိုက်ဖြင့်ပြုလုပ်ထားပြီး ဆိုင်ကယ်ဘက်ထရီအိုးဖြင့် ချိတ်ဆက်ထားသည့် လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲထားသည်ကို တွေ့ရှိရကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။