NUG အကြမ်းဖက်အဖွဲ့ရဲ့ “ Hit List ”ဘာလဲ၊ ဘယ်လဲ?

NUG အကြမ်းဖက်အဖွဲ့ရဲ့ “ Hit List ”ဘာလဲ၊ ဘယ်လဲ?

ယခုရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာပေါ်မှာ  Hot  ဖြစ်နေတဲ့ ကိစ္စတစ်ခုကတော့ NUG အကြမ်းဖက်အဖွဲ့ရဲ့ အကြမ်းဖက် သတ်ဖြတ်မယ့် အမည်စာရင်း ''Hit List''  ထွက်လာပြီး လက်အောက်ခံ PDF အဖွဲ့တွေကို NUG ရဲ့ ပြည်ထဲရေး ဝန်ကြီးဆိုသူက တိုက်ရိုက်ညွှန်ကြား ဆောင်ရွက်နေတယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စက နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေအကြားမှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့တာပါ။ ဒီသတင်းထွက်ပေါ်လာပြီးနောက်မှာ NUG အကြမ်းဖက်အဖွဲ့က ဆာဆာနဲ့ ဇင်မာအောင်တို့က ထွက်ပေါ်နေတဲ့ ''Hit List'' စာရင်းက သူတို့လုပ်တာ မဟုတ်ကြောင်း  နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကို အသည်းအသန် ဖြေရှင်းချက်ပေးနေရတာကို တွေ့ရပါတယ်။

၂ဝ၂၁  ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ဆာဆာက  NUG  အဖွဲ့အနေနဲ့ အကြမ်းဖက်သတ်ဖြတ်ရမယ့်  အမည်စာရင်း ''Hit List'' ကို ၎င်းရဲ့မဟာမိတ် လက်အောက်ခံ အကြမ်းဖက်အဖွဲ့များဆီကို ပေးပို့ခဲ့တယ်ဆိုတဲ့ သတင်းက သတင်းမှားများသာ ဖြစ်တယ်ဆိုပြီး သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁ဝ ရက်နေ့မှာလည်း NUG အကြမ်းဖက်အဖွဲ့က ဇင်မာအောင်ကလည်း   အလားတူဖြေရှင်းချက်မျိုး  VOA   မီဒီယာကို ဘူးခံပြီး ငြင်းဆိုဖြေကြားခဲ့တာကို တွေ့ရပါတယ်။

သို့သော်လည်း   ဒီလိုငြင်းဆိုနေတဲ့ အချိန်မှာ  ''Hit List''  ထဲမှာပါဝင်တဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်နေသူ တစ်ဦးက နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းဆီကို အကူအညီ တောင်းထားတဲ့ စာတစ်စောင်က ထပ်မံထွက်ပေါ်လာပါတယ်။ ဒီစာထဲမှာ NUG ရဲ့ လမ်းစဉ်က နိုင်ငံတကာက စံထားတဲ့ တန်ဖိုးတွေနဲ့ ဆန့်ကျင်နေတယ် ဆိုတဲ့အကြောင်း၊ NUG/PDF တွေအနေနဲ့ အောက်တိုဘာလ တစ်လအတွင်းမှာတင် အပြစ်မဲ့ပြည်သူ ၁၈၈ ဦးကို သတ်ဖြတ်ခဲ့ကြကြောင်း၊ ယခုအချိန်ထိ သတ်ဖြတ်ခံရတဲ့ အပြစ်မဲ့ပြည်သူ ၆ဝဝ ကျော်ပြီဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မကောင်းဆိုးဝါး ဖြစ်လာနေတဲ့  NUG/PDF  ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို   ရပ်တန့်ပေးနိုင်ဖို့  စိတ်ဓာတ်နဲ့ နိုင်ငံရေးသြဇာအာဏာ ရှိပါကြောင်း၊ ဒီ ''Hit List'' မှာ စစ်တပ်ကို ထောက်ပံ့ပေးနေတယ်လို့ NUGအနေနဲ့ ယူဆထားတဲ့ စီးပွားရေးသမားတွေ၊ နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေအပြင်၊  ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေတဲ့ ပညာရှင်တွေပါ ပါဝင်နေကြောင်း၊ ပြည်သူ့ပါတီမှ ဦးကိုကိုကြီး၊ မွန်ညီညွတ်ရေး ပါတီက ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာအောင်နိုင်ဦးနဲ့ ပါတီဝင်တွေကိုလည်း အကြိမ်ပေါင်းများစွာ အကြမ်းဖက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နေကြောင်း၊ ၎င်းတို့က  ဘက်မလိုက်သူ (ကြားနေ)  မှန်သမျှကို   ခြိမ်းခြောက် သတ်ဖြတ်နေကြကြောင်း၊ အကြမ်းဖက် NUG အဖွဲ့တွင် ပစ်မှတ်ထားသတ်ဖြတ်သည့် ပုံစံ (၃) မျိုးရှိကြောင်း၊ ပထမတစ်မျိုးမှာ NUGမှ တိုက်ရိုက် ထိန်းချုပ်စေခိုင်းခြင်း ဖြစ်ကြောင်း၊ ဒုတိယတစ်မျိုးမှာ လိုအပ်တဲ့ သတင်းအချက်အလက်များနဲ့ လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့မှုကို NUG က စီစဉ်ပေးပြီး  ၎င်းတို့နဲ့ဆက်စပ်အဖွဲ့များက ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  တတိယတစ်မျိုးကတော့ ဒေသအလိုက် PDF  များက ဆောင်ရွက်နေခြင်းဖြစ်ပြီး NUGမှ လွင်ကိုလတ်(တရားခံပြေး)က ကြိုးကိုင်နေကြောင်းနဲ့ ၎င်းအနေနဲ့ PDF အဖွဲ့ ၆ဝ ကျော်နဲ့ အွန်လိုင်းတွေ့ဆုံပွဲ လုပ်နေတဲ့ အထောက်အထား ဓာတ်ပုံကိုပါ တွဲဖက်ပြီး ပေးပို့ပါကြောင်းစသဖြင့် ဖော်ထုတ်ရေးသားထားပြီး    နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းကို အကူအညီတောင်းခံခဲ့တာကို တွေ့ရပါတယ်။

NUG အကြမ်းဖက်အဖွဲ့အနေနဲ့ ဗြောင်လိမ်နေပေမယ့်လည်း ဒီလိုနိုင်ငံရေးနဲ့ သံတမန် အသိုင်းအဝိုင်းကို ရောက်ရှိခဲ့တဲ့ ''Hit List''  ဆိုတာက အမှန်တကယ်ရှိနေတာဖြစ်လို့ NUGကိုထိတွေ့ဆက်ဆံပြီး ထောက်ပံ့ပေးနေတဲ့ အချို့နိုင်ငံတကာ အသိုင်းအဝိုင်းက သတိပြုမိလာပြီး သူတို့အကြမ်းဖက် လုပ်ရပ်တွေ မဖုံးနိုင်မဖိနိုင် ဖြစ်လာရတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၁ဝ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်မှာတောင်  ယခုဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ အရပ်သားတွေရဲ့လုံခြုံရေး သေချာ အောင်ဆောင်ရွက်ဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းထားတဲ့ အချက်တွေ ပါဝင်လာတာကို တွေ့ရပါတယ်။ NUG/PDF တွေရဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံနိုင်ကြတော့တာကြောင့် ၎င်းတို့ကို ထိတွေ့ဆက်ဆံနေကြတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီ ''Hit List''  အကြောင်းကို ထုတ်ဖော် သတိပေးလာကြတာ ဖြစ်ပါတယ်။

NUG အဖွဲ့ရဲ့အကြမ်းဖက် သတ်ဖြတ်မယ့် 'Hit List''  သတင်း online ပေါ်မှာ ပျံ့နှံ့နေပြီး  တကယ့်လက်တွေ့မှာလည်း အကြမ်းဖက် NUG/ PDF  အဖွဲ့တွေအနေနဲ့    ရုပ်ပိုင်းဆိုင်ရာ အရကော စိတ်ဓာတ်ပိုင်းဆိုင်ရာ အရပါ အကြမ်းဖက်မှုတွေ ကျူးလွန်နေကြောင်းကို ပြည်သူလူထုရဲ့ နေ့စဉ်လူမှုဘဝမှာ ထင်ရှားစွာမြင်တွေ့ ကြားသိနေရပါတယ်။ အပြစ်မဲ့ပြည်သူတွေနဲ့  သံဃာတော်တွေကို ဒလန်လို့စွပ်စွဲ သတ်ဖြတ်နေမှုတွေ၊   ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေကို အကြောင်းမဲ့သတ်ဖြတ်နေမှုတွေ၊ ကျောင်းဆရာ၊ ဆရာမနဲ့ ပညာရေးဝန်ထမ်းတွေကို ရက်ရက်စက်စက် မိသားစုလိုက် လုပ်ကြံသတ်ဖြတ်မှု တွေ၊ အရပ်ဘက်ပစ်မှတ်တွေနဲ့ စာသင်ကျောင်းတွေကို  ဗုံးခွဲတိုက်ခိုက်နေမှုတွေ၊ ကိုဗစ်ရောဂါကာကွယ်၊ တားဆီး၊ တိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့နေရာတွေကို အကြမ်းဖက်ခဲ့ကြတာတွေ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတဲ့ ကိစ္စတွေကို NUG ကမွေးဖွားခဲ့တဲ့ PDF နဲ့အစွန်းရောက် NLD ထောက်ခံသူတွေက နေ့စဉ်လုပ်ဆောင်နေကြတာကို   အားလုံးအသိပဲဖြစ်ပါတယ်။

အဆိုးဆုံးကတော့  ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြတဲ့ မြန်မာနိုင်ငံလို     လူ့အဖွဲ့အစည်းမှာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ဆရာသမား အနန္တောအနန္တဂိုဏ်းဝင် သံဃာတော်တွေကို  ဒလန်လို့စွပ်စွဲပြီး သတ်ဖြတ်နေကြတာနဲ့  အပြစ်မဲ့ဆရာ/ ဆရာမတွေကို သတ်ဖြတ်နေကြတာက လောကီရေးအရရော၊ လောကုတ္တရာ အရပါ ဘယ်လိုမှ လက်ခံလို့မရတဲ့ အကြမ်းဖက်မှုတွေဖြစ်ပါတယ်။ ၂ဝ၂၁ ခုနှစ် မေလ ၃ ရက်နေ့ကနေ နိုဝင်ဘာလ ၂ဝ ရက်နေ့အထိ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ သံဃာတော် ၁၂ ပါးနဲ့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တဲ့ သံဃာ ၁၃ ပါး ရှိပြီဖြစ်ပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြု ထားရတဲ့ မြန်မာနိုင်ငံမှာ ရဟန်းသံဃာတော်တွေကို ယခုလိုသတ်ဖြတ်မှုများဟာ  ဘာသာ သာသနာအတွက် အလွန်အန္တရာယ်ကြီးမားပြီး ဗုဒ္ဓဘာသာဝင်တိုင်း အတွက် ဝမ်းနည်းစိတ်မကောင်းစရာ ဖြစ်ရပ်ဆိုးကြီးများ ဖြစ်ပါတယ်။

အလားတူ နောက်ထပ်စိတ်မကောင်းစရာ ဖြစ်ရပ်များကတော့ ပညာရေး ကဏ္ဍကို  အကြမ်းဖက် တိုက်ခိုက်ခြင်းဖြစ်ပါတယ်။

NUG  အဖွဲ့ရဲ့စီစဉ်စေခိုင်းမှုအရ  အကြမ်းဖက်သမားများဟာ ပညာရေး ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်လာအောင် Social Punishment အမည်တပ်ပြီး လူမှုရေးအရ အသရေဖျက် အနိုင်ကျင့်ခဲ့ကြပါတယ်။ ကျောင်းများ ပြန်ဖွင့်ချိန်မှာလည်း ကလေးငယ်များ စာမသင်ကြားနိုင်အောင် စာသင်ကျောင်းတွေကို မိုင်းများ၊ လက်ပစ်ဗုံးများနဲ့ ဖောက်ခွဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကို  ဆင်ခြင်တုံတရား ကင်းမဲ့စွာ လုပ်ဆောင်ခဲ့ကြပါတယ်။ CDM မလုပ်ဘဲ ဂုဏ်သိက္ခာပြည့်ဝစွာနဲ့ ဆရာ့ကျင့်ဝတ်များနဲ့အညီ တာဝန်ကျေပွန်စွာ ပညာသင်ကြားပေးနေကြတဲ့  အပြစ်မဲ့ဆရာ၊ ဆရာမများကိုလည်း ဘာရန်ငြိုးရန်စမှ မရှိဘဲ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ကြပါတယ်။ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့ကနေ  နိုဝင်ဘာလ ၁၅ ရက်နေ့အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက စာသင်ကျောင်းတွေကို ဗုံးခွဲမီးရှို့တိုက်ခိုက်မှု (၄၄၄) ကြိမ်ရှိပြီး အကြမ်းဖက် သတ်ဖြတ်ခံရသည့် ဆရာ/ဆရာမ သေဆုံးသူ ၇ ဦး၊ ဒဏ်ရာရ  ၁၃ ဦးနဲ့ ပညာရေးဝန်ထမ်း သေဆုံးသူ ၅ ဦး၊ ဒဏ်ရာရ ၂ ဦး စုစုပေါင်း ၂၇ ဦး ရှိပါတယ်။

မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးမဆို မိဘတိုင်းသားသမီးတွေကို ပညာတတ်ကြီး တွေ ဖြစ်စေချင်ကြပါတယ်။ NUG/PDF  အကြမ်းဖက် အဖွဲ့တွေက ကလေးတွေ ကျောင်းသွားလို့ မရအောင် အကြမ်းဖက်နေကြတာက မိဘတိုင်းရဲ့မျှော်လင့်ချက်တွေကို   ရိုက်ချိုးနေတာဖြစ်ပါတယ်။

ပညာရေးကဏ္ဍကို  အကြမ်းဖက်တာက တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးနေတာ ဖြစ်ပါတယ်။ ဒီလိုတိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးဖို့စီစဉ်စေခိုင်းသူများဟာ နိုင်ငံရေး အတ္တကြီးနေတဲ့ ဝရမ်းပြေး NUG အဖွဲ့ကဖြစ်ပြီး လက်တွေ့ လုပ်ဆောင်နေသူ တွေက အစွန်းရောက် NLD ပါတီဝင်နဲ့ အကြမ်းဖက်သမား PDF များဖြစ်တယ်ဆိုတာ ဘယ်လိုမှငြင်းလို့ မရတဲ့သက်သေတွေ အခိုင်အမာရှိနေပါတယ်။   မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲ့ ယုံကြည်ကိုးကွယ်မှုအရ  အနန္တောအနန္တဂိုဏ်းဝင်ဖြစ်တဲ့ ရဟန်းသံဃာတော်နဲ့ ဆရာ/ဆရာမတွေကို ရန်ငြိုးရန်စမရှိဘဲ လုပ်ကြံသတ်ဖြတ်မှုတွေ   ကျူးလွန်နေတာက NUG/PDF နဲ့ အစွန်းရောက် NLDထောက်ခံသူတွေဟာ လူမဆန်တဲ့ အကြမ်းဖက်သမားတွေ ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြဆိုနေပါတယ်။ သံဃာတော်တွေနဲ့ ဆရာ/ဆရာမတွေကို အကြောင်းမဲ့သတ်ဖြတ်တဲ့ ကိစ္စက  အင်မတန်မှ ယုတ်မာရိုင်းစိုင်း လှပါတယ်။ မြန်မာ့ လူ့အဖွဲ့အစည်းသာမက ကမ္ဘာ့လူ့ အဖွဲ့အစည်းမှာပါ ဘယ်လိုမှ လက်ခံလို့မရနိုင်တဲ့ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက် လုပ်ရပ်တွေဖြစ်ပါတယ်။

ဒါ့အပြင် NUG/PDF တွေအနေနဲ့ ကမ္ဘာ့အကြမ်းဖက် အဖွဲ့အစည်းတွေဖြစ်တဲ့ အယ်လ်ခိုင်ဒါ (Al-Qaeda) နဲ့ အိုင်းစစ်(ISIS) တို့နည်းတူ လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြတဲ့ လုပ်ရပ်တွေလည်း ရှိပါတယ်။ ၂ဝ၂၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ အကြမ်းဖက် သမားတွေက AIR KBZ က ပြည်တွင်းခရီးစဉ် ပြေးဆွဲလျက်ရှိတဲ့ ATR-72-600 အမျိုးအစား လေယာဉ်အမှတ် (XY-AMP)၊ (XY-AMN)၊ (XY-AMO) လေယာဉ် ၃ စင်းရဲ့ Pilot Tube တွေထဲမှာ သစ်ရွက်စိမ်း၊ သစ်ရွက်ခြောက်တွေ ထည့်ပြီး လေယာဉ်ပျက်ကျအောင် ဆောင်ရွက်ခဲ့ကြပါတယ်။  တာဝန်ရှိသူတွေက အချိန်မီ စစ်ဆေးတားဆီး နိုင်ခဲ့လို့ ခရီးသည်တွေ အစုလိုက် အပြုံလိုက် သေဆုံးမယ့်ဘေးကနေ ကံကောင်းစွာ လွတ်မြောက်ခဲ့ပါတယ်။ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာလည်း PDF အကြမ်းဖက်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆင်မလိုက်မှတ်တိုင် အနီးမှာ YBS  20 ခရီးသည်ယာဉ်တစ်စီးကို ဖောက်ခွဲမီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။ ခရီးသည်တွေကို ကံကောင်းစွာနဲ့ ဘေးလွတ်ရာ အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့ပါသည်။

NUG  အကြမ်းဖက်အဖွဲ့အနေနဲ့ လက်တွေ့ရုပ်ပိုင်းဆိုင်ရာ အရသာမက စိတ်ပိုင်းဆိုင်ရာ အရပါ အကြမ်းဖက်ဝါဒကို ကိုင်စွဲထားကြောင်း အကြမ်းဖက် NUG  အဖွဲ့က ဝရမ်းပြေးပုဂ္ဂိုလ်တချို့နဲ့ NLD အမာခံလော်ဘီတွေ ဆောင်ရွက်ခဲ့ကြတဲ့ သက်သေ အထောက်အထား များစွာလည်း ရှိနေပါတယ်။ NUG အကြမ်းဖက်အဖွဲ့က ဆာဆာအနေနဲ့ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းမှာ ဆောင်ရွက်ခဲ့တဲ့ အမေရိကန်နိုင်ငံသားတစ်ဦးရဲ့ အွန်လိုင်း အကြမ်းဖက် သင်တန်းမှာ တက်ရောက် အားပေးစကား ပြောကြားခဲ့ပါတယ်။  အဲ့ဒီသင်တန်းမှာ လက်လုပ်သေနတ်၊ လက်လုပ်ဗုံးပြုလုပ်နည်းတွေ၊ အကြမ်းဖက် ဖောက်ခွဲနည်းတွေနဲ့ အစွန်းရောက်   အတွေးအခေါ်တွေကို သင်ကြားပေးခဲ့တာ ဖြစ်ကြောင်းကို  လွတ်လပ်တဲ့ အင်တာနက်မီဒီယာ တစ်ခုဖြစ်တဲ့ New Naratifက စက်တင်ဘာလ ၉ ရက်နေ့မှာ ဖော်ထုတ်ရေးသား ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ အနေနဲ့ ၉/၁၁ ဖြစ်စဉ် အကြမ်းဖက် တိုက်ခိုက်ခံရအပြီး ကမ္ဘာမှာ အစွန်းရောက် အကြမ်းဖက်သမားတွေ၊ အကြမ်းဖက်မှု နည်းလမ်းတွေ မပြန့်ပွားစေရေး  ဒီလိုတရားမဝင် လက်နက်ပြုလုပ်နည်းတွေကို   တားဆီးထိန်းချုပ်ဖို့ အကြမ်းဖက်မှု တားဆီးရေး ဥပဒေများစွာနဲ့ ပြဋ္ဌာန်း ကာကွယ်ထားပါတယ်။   ကမ္ဘာ့ကုလသမဂ္ဂ အနေနဲ့လည်း   အကြမ်းဖက်မှု တိုက်ဖျက်ရေး မဟာဗျူဟာတွေ ချမှတ်ထားပါတယ်။   ဒီလိုနိုင်ငံတကာက လက်မခံတဲ့ ဆောင်ရွက်ချက်တွေကို New Naratif က ဖော်ထုတ်ရေးသားလို့ NUG အကြမ်းဖက်အဖွဲ့က ဆာဆာက ထိုသတင်းဌာနကို တရားစွဲမယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။ ဆိုလိုတာက ယခုပေါ်ထွက်နေတဲ့ ''Hit List''    ကိစ္စလိုမျိုးပဲ  NUG/PDF ရဲ့ အကြမ်းဖက် လုပ်ရပ်တွေရဲ့ သက်သေ အထောက်အထားတွေအဖြစ် နိုင်ငံတကာက သိရှိသွားမှာစိုးရိမ်ပြီး   အကြောက်အကန် ငြင်းဆိုခဲ့ရတဲ့ သာဓကတွေဖြစ်ပါတယ်။

NUG/PDF အကြမ်းဖက်အဖွဲ့က ဇော်ဝေစိုး အနေနဲ့လည်း  ၎င်း၏မိတ်ဖက်ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့ Zoom Meeting တစ်ခုမှာ အကြမ်းဖက် လုပ်ငန်းဆောင်ရွက်ဖို့ ညွှန်ကြားထားတဲ့ အစီအစဉ်တွေကို ၂ဝ၂၁ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က ဖော်ထုတ်ပြောကြားခဲ့တာ    မှတ်မိကြမယ်ထင်ပါတယ်။ အိတ်သေးသေးလေးတွေနဲ့ သယ်လာသည်ကို ဖွင့်မကြည့်မိရန် လိုကြောင်း၊    ဖွင့်ကြည့်လျှင် ကိစ္စတုံး သွားနိုင်ကြောင်း၊ အစားအစာများတွင်လည်း အဆိပ်ခတ်ထားကြောင်း စသည်ဖြင့် အကြမ်းဖက်မှု ဆောင်ရွက်ဖို့အတွက်  ညွှန်ကြားထားတဲ့ အချက်အလက်တွေကို ဖွင့်ဟပြောကြားခဲ့တာကို တွေ့ရှိရပါသည်။

ဖျောက်ဖျက်လို့မရတဲ့ ဗီဒီယိုမှတ်တမ်းတွေ အတိအကျရှိပါတယ်။

NUG/PDF ရဲ့ အကြမ်းဖက် လုပ်ငန်းများအတွက် လော်ဘီလုပ်ပေးနေသူဖြစ်တဲ့ ယခင် NLD ပါတီမှာ သုတေသန တာဝန်ထမ်းဆောင်ခဲ့သူ ဝရမ်းပြေး မျိုးရန်နောင်သိန်း အနေနဲ့လည်း  မိဘပြည်သူတွေရဲ့ သားသမီးတွေကို  ကျောင်းမပို့ကြဖို့နဲ့ ကျောင်းပို့လျှင် ခြေပြတ်/လက်ပြတ်ဖြစ်သွားနိုင်ကြောင်း၊ အသက်သေဆုံးနိုင်ကြောင်း ခြိမ်းခြောက်တဲ့  အစွန်းရောက် အကြမ်းဖက် လှုံ့ဆော်မှုတွေကို ဆိုရှယ်မီဒီယာများမှ တစ်ဆင့် ပြောင်ပြောင်တင်းတင်း ပြောဆိုခဲ့ပါတယ်။

ဆိုရှယ်မီဒီယာတွေပေါ်မှာ အလားတူ ရေးသား ပြောဆိုနေကြတဲ့ အခြားသော အစွန်းရောက်လော်ဘီများ၊ အကြမ်းဖက် NUG အဖွဲ့ဝင်များ၊ အမည်အမျိုးမျိုးနဲ့ ဖွဲ့စည်းထားတဲ့ PDF အဖွဲ့များကို မြင်တွေ့ရမှာဖြစ်ပါတယ်။   ဒီလိုမျိုး  ဆာဆာ၊ ဇော်ဝေစိုးနဲ့ NUG/PDF လော်ဘီတွေရဲ့ လုပ်ဆောင်၊  ပြောကြားချက်တွေဟာ လုပ်ကြံဖန်တီးထားတဲ့ အချက်တွေမဟုတ်ဘဲ အများပြည်သူအကြားမှာ  ပျံ့နှံ့နေပြီး အလွယ်တကူရရှိနိုင်တဲ့   အထောက်အထားတွေဖြစ်ပါတယ်။  ငြင်းမရတဲ့ နှုတ်ထွက်စကားတွေ ဖြစ်ပါတယ်။ ကမ္ဘာ့ နိုင်ငံတချို့က NUG/PDF ကို တရားဝင် အသိအမှတ်မပြုပေမယ့်လည်း   ဒီလိုအကြမ်းဖက်သမားတွေကို သူတို့ရဲ့ နိုင်ငံတွေမှာ လက်ခံထားတာတွေ၊ ထိတွေ့ဆက်ဆံနေတာတွေက အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်မှုတွေကို အားပေးနေတာလားလို့ မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။ ISIS ၊  Al-Qaedaနဲ့ Hezbollah လို အကြမ်းဖက် အဖွဲ့အစည်းတွေ မြန်မာနိုင်ငံနဲ့ဒေသတွင်းမှာ ထပ်ပြီး မွေးထုတ်ပေးနေတာလားဆိုတာ သံသယဖြစ်ဖွယ် ရှိပါတယ်။ အထူးသဖြင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုတဲ့  အပြစ်မဲ့ပြည်သူတွေကို ''ငါနဲ့မတူ ငါ့ရန်သူ အယူအဆနဲ့'' အကြမ်းဖက် လုပ်ကြံသတ်ဖြတ်နေတဲ့ ဝရမ်းပြေး NUGအဖွဲ့ဝင်တွေကို ထိတွေ့ဆက်ဆံနေကြတဲ့ နိုင်ငံတချို့နဲ့ နိုင်ငံတကာ အဖွဲ့များအနေနဲ့ NUG အဖွဲ့က အကြမ်းဖက်လမ်းစဉ်နဲ့ နိုင်ငံရေး ရည်မှန်းချက်ရဖို့ လုပ်နေတာကို သိရှိနားလည်ပြီး ဝိုင်းဝန်းရှုတ်ချ တားဆီးကြဖို့ တိုက်တွန်းလိုပါတယ်။

ဒီလိုအစွန်းရောက်   အကြမ်းဖက်မှု အားပေးနေတဲ့ ကိစ္စတွေကို Facebook  ဆိုတဲ့ ဆိုရှယ်မီဒီယာရဲ့ ပေါ်လစီနဲ့ နည်းပညာကလည်း လျစ်လျူရှုထားလို့ အကြမ်းဖက်မှုတွေ၊ အစွန်းရောက်မှုတွေ မြင့်တက်လာနေတဲ့ အကြောင်း နိုင်ငံတကာမှာ ဖော်ထုတ်ဝေဖန်မှုများ ရှိနေသလိုပဲ တစ်ဖက်မှာလည်း ယခုလို NUG / PDF နှင့် NLDအစွန်းရောက် ပြည်ဖျက်သမားများရဲ့ အကြမ်းဖက် လုပ်ရပ်များကို လျစ်လျူရှုပြီး အကြမ်းဖက်ကြောင်း သိပါလျက်  နှုတ်ဆိတ်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းကြီးများနဲ့ ဒီမိုကရေစီလက်ခံ ကျင့်သုံးနေကြတဲ့  ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးသားများ၊ အစိုးရများကိုလည်း စာရေးသူအနေဖြင့် မည်သည့်အတွက်ကြောင့် အကြမ်းဖက်မှု တစ်စုံတစ်ရာ အတွက်  မှတ်ချက်ပေးရန်၊  ရှုတ်ချရန်၊ တားမြစ်ရန် လက်တွန့်နေသည်ကို အံ့သြဘနန်းဖြစ်ရသလို   ဒီမိုကရေစီ လက်ခံကျင့်သုံးနေတဲ့  နိုင်ငံသားတစ်ယောက် အနေဖြင့်လည်း စိတ်မကောင်းဖြစ်မိပါတယ်။

NUG/PDF အကြမ်းဖက်အဖွဲ့တွေရဲ့ နိစ္စဓူဝဆောင်ရွက်နေကြတဲ့  အကြမ်းဖက်မှုတွေနဲ့၊  အပြစ်မဲ့ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြတဲ့ အထောက်အထားတွေကိုကြည့်ရင် ယခုထွက်ပေါ်နေတဲ့ ''Hit List''  ဆိုတာက အများကြီးငြင်းချက် ထုတ်နေဖို့မလိုပါဘူး။

လူအများစိတ်ဝင်စားနေတဲ့ ''Hit List'' က ဘာလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ''Hit List''  စာရင်း သတ်မှတ်ထားတာလဲဆိုတာ ယနေ့  အကြမ်းဖက် လူသတ်ဖောက်ခွဲ ဖျက်ဆီးရေးလုပ်နေတဲ့ NUG နဲ့ PDF အဖွဲ့တွေရဲ့ လုပ်ရပ်တွေကိုကြည့်ရင် မြင်တွေ့သိရှိရမှာဖြစ်ပါတယ်။

NUG/PDF ဆိုတာ ကမ္ဘာပေါ်မှာ မည်သည့်နိုင်ငံ၊ မည်သည့် လူ့အဖွဲ့အစည်းကမျှ လက်မခံနိုင်တဲ့ အကြမ်းဖက်ဝါဒ (Terrorism)) ကို ကိုင်စွဲဆောင်ရွက်နေတဲ့ အကြမ်းဖက် အဖွဲ့တွေဖြစ်တယ်ဆိုတာ သူတို့ကိုယ်တိုင်   ပြောကြားချက်တွေ၊ နေ့စဉ်အကြမ်းဖက်မှုတွေနဲ့ ယခုတလော ခေတ်စားနေတဲ့  ''Hit List''  ဆိုတဲ့ ငြင်းမရနိုင်တဲ့ အထောက်အထားတွေက ထပ်ဆင့် သက်သေညွှန်းဆို   ပြသနေပါတယ်။ ဒီလို NUG/ PDFရဲ့  ''ငါနဲ့မတူ ငါ့ရန်သူ''ဆိုပြီး အပြစ်မဲ့ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်နေတဲ့ နိုင်ငံရေး အစွန်းရောက် အကြမ်းဖက်ဝါဒကို မြန်မာနိုင်ငံမှာသာမက ဒေသတွင်းနဲ့ နိုင်ငံတကာမှာပါ ခြေကုပ်မယူနိုင်ရေးက အလွန်အရေးကြီးပါတယ်။ ဒါကြောင့် NUG ၊ PDF နဲ့ အစွန်းရောက် NLD အကြမ်းဖက်သမားများရဲ့ လုပ်ရပ်တွေကို   အကြမ်းဖက်ဝါဒကို မလိုလားတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မြန်မာပြည်သူတွေ အားလုံး လက်တွဲညီညီ ဝိုင်းဝန်းပူးပေါင်း တိုက်ဖျက်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။    ။