COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား   စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ

COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား   စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ

နေပြည်တော်၊  စက်တင်ဘာ - ၁၆
    
Coronavirus Disease 2019 (COVID-19)  ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့် ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းတို့၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေး နှင့် တည်းခိုရေးစခန်းသို့  ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁၅ ဦး၊  အမျိုးသမီး ၁ ဦး၊ လှိုင်မြို့နယ်စစ်ကြောရေးနှင့်တည်းခိုရေးစခန်းသို့ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးရှိပြီး ရွှေညောင်မြို့ တည်းခိုရေး စခန်းသို့ ထပ်မံရောက်ရှိလာသူမရှိကြောင်း သိရှိရသည်။ ထို့ပြင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)၌ ဆေးရုံတက်ရောက်နေ သည့် အမျိုးသမီး ၁ ဦးမှာ ဆေးရုံဆင်းပြန်လည်ရောက်ရှိလာကြောင်း သိရှိရသည်။
    
စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၁၈၄ ဦးကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေးစခန်းတို့မှ Quarantine  စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19  ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်း များကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင် ပေးခဲ့သည်။
    
ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၁၆၃ ဦး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၁၂၉ ဦးနှင့် ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်း၌ ၇၉ ဦးတို့ကို အသီးသီးလက်ခံထားရှိပြီး စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေးကောင်းမွန် လျက်ရှိကြောင်းနှင့် အဆိုပါသီးသန့် စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
    
ထို့ပြင် လှိုင်မြို့နယ်စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ သီးသန့်စောင့်ကြည့်ရမည့် သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
    
အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌  COVID-19 ရောဂါနှင့်ပတ်သက်၍ စောင့်ကြည့်ရမည့်သူများအား ထားရှိနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။