ပြည်ထောင်စုစိတ်ဓာတ်မွေးမြူရေး

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  နိုဝင်ဘာ  ၂၄ ရက်)

ပြည်ထောင်စုစိတ်ဓာတ်မွေးမြူရေး

နိုင်ငံတော်အစိုးရသည် နိုင်ငံတော်တိုးတက်ကောင်းမွန်သာယာဝပြောရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ် ကာ ထိုလုပ်ငန်း၊ ဦးတည်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေးဦးတည်ချက်များတွင် စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးကို ဦးစာပေးနံပါတ်တစ်အဖြစ် ဖော်ပြထားသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အဓိကလိုအပ်ချက်မှာ ထာဝရငြိမ်းချမ်းရေးရရှိရေးပင်ဖြစ်သည်။

တစ်နိုင်ငံလုံးငြိမ်းချမ်းမှ မိမိတို့တိုင်းရင်းသားများမျှော် မှန်းသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရန်အတွက် နိုင်ငံသားတိုင်းတွင် ပြည်ထောင်စု စိတ်ဓာတ်မွေးမြူကြရန် လွန်စွာအရေးကြီးလှသည်။ မြန်မာနိုင်ငံဟူသော နယ်နိမိတ်အတွင်းနေထိုင်ကြသော လူသားတို့သည် အမည် နာမအားဖြင့် မည်သို့ပင်ကွဲပြားနေသော်လည်း ဤမြေ၊ ဤရေ၊ ဤလေပိုင်နက်အတွင်း နှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာ ခဲ့ကြသူများသာ ဖြစ်သည်။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် သွေးစည်းညီညွတ်စွာနေထိုင်ပြီး ရေကိုသားသော် အကြား မထင် သကဲ့သို့ နေထိုင်လျက်ရှိကြသူများဖြစ်သည်။

အခါမလင့်အခွင့်မသာသည့်အတွက် နိုင်ငံသည် သူ့ကျွန်ဘဝသို့ ရောက်ခဲ့ရသော်လည်း တိုင်းရင်းသားတို့သည် ရရာလက်နက် စွဲကိုင်ကာ နယ်ချဲ့ကိုဒူးမထောက် လက်မမြှောက် တော်လှန်ခဲ့သူများဖြစ်သည်။ မြန်မာတိုင်းရင်းသားတို့၏ သွေးစည်းညီညွတ်မှုကို ပြိုကွဲရန် နယ်ချဲ့တို့က တိုင်းရင်းသားအချင်းချင်းကို သွေးခွဲအုပ်ချုပ်ခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသောအခါတွင်လည်း ထိုသွေးခွဲထားမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်များ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ထိုလက်နက်ကိုင်ဆောင်မှု ချုပ်ငြိမ်းပြီး တစ်နိုင်ငံလုံး အေးချမ်းသာယာရေးအတွက် အဓိကရှိကြရမည့် စိတ်ဓာတ်မှာ ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်သည်။

“ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ ပြည်ထောင်စုကြီးတစ်ခုလုံးကို မိသားစုတစ်စုတည်း၊ အိမ်ထောင်စုတစ်ခုတည်းဟု စွဲမြဲခိုင်မာစွာ လက်ခံမှတ်ယူထားသည့် သဘောထားခံယူချက်ပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုသားအချင်းချင်းတစ်ဦးကိုတစ်ဦးရိုင်းပင်းကူညီလိုခြင်း၊ အခက်အခဲ တွေ့ကြုံလျှင် ကူညီဖြေရှင်းပေးလိုခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်လိုခြင်း၊ အချင်းချင်းစာနာထောက်ထားခြင်းနှင့် နားလည် သည်းခံတတ်ခြင်းတို့သည် ပြည်ထောင်စုစိတ်ဓာတ်၏ ကောင်းမြတ်သည့် အခြေခံကောင်းများဖြစ်၍ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ပူးပေါင်းဆောင်ရွက်ပေးကြရန် အထူးအလေးထားမှာကြားလိုကြောင်း” ဖြင့် နိုဝင်ဘာ ၁၉ ရက်နေ့က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ငါးနှစ်သင်တန်း အမှတ်စဉ်(၄) ကျောင်းဆင်း မည့်ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်အကြီးအကဲက တွေ့ဆုံအမှာစကားတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်အေးချမ်းရေးသည် အလွန်အရေးကြီးလှပေသည်။ ဒေသအလိုက် ဖွံ့ဖြိုးတိုး တက်မှု၊ မျှတမှုရှိမှသာ ယုံကြည်မှုပိုမိုတိုးတက်ခိုင်မာလာမည်ဖြစ်သည်။ နိုင်ငံတည်ငြိမ်အေးချမ်းမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို စတင်ထမ်း ဆောင်ခဲ့သည့်အချိန်မှစပြီး တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးအတွက် မျှော်မှန်းဆောင်ရွက်ခဲ့သည်။ နိုင်ငံရေးဦးတည်ချက်တွင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါအတိုင်း အလေးထား လုပ်ဆောင်ရေးဟူ၍ ထည့်သွင်းချမှတ်ထားခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရသည် နိုင်ငံတွင်စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်း ဖြစ်ပေါ်လာရေးကို ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချထားပြီး စစ်မှန်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်လျက်ရှိသည်။ ထိုရည်မှန်းချက်များ အောင်မြင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများအားလုံး၊ အရပ်ဘက်အဖွဲ့အစည်းများအားလုံး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက တပ်မတော်နှင့်အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်ဖြစ်သည်။ သို့မှသာ မျှော်မှန်းသည့်ပန်းတိုင်ကို အချိန်တိုအတွင်း အောင် အောင်မြင်မြင်ရောက်ရှိနိုင်မည်ဖြစ်သည်။

ယခုလတ်တလောအခြေအနေတွင် ပြည်ပနိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများ၊ သဘောထားကွဲလွဲသည့် အချို့အဖွဲ့အစည်းများ၏ ခြေထိုးမှုများ၊ CRPH၊ NUG၊ PDF အစရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများ သွေးဆောင်စည်းရုံးမှုနှင့် အကြမ်းဖက်လုပ်ရပ်များ ရှိနေသော်လည်း ထိုလုပ်ရပ်များသည် မကြာမီတွင် ပျောက်ကွယ်သွားမည်သာဖြစ်သည်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဟူသော လောကပါလတရားများကို လူတိုင်းနှစ်သက်သည်။ လူသားတိုင်းသည် မိမိတို့ဘဝခရီးကို အေးချမ်းသာယာစွာ အခက်အခဲမရှိ လျှောက်လှမ်းလိုကြသည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်း အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာမှာမိမိတို့ နိုင်ငံသည်သာ အကောင်းဆုံးဖြစ်စေချင်သည်။ ထိုသို့ဖြစ်စေရေးအတွက် လူတိုင်းတွင် ပြည်ထောင်စုစိတ်ဓာတ် မွေးမြူကြရန်သာ ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။     ။