အမျိုးသား စိတ်ဓာတ်နှင့်မြို့မ
တန်ဆောင်မုန်းလသို့ရောက်ပြန်ပြီ။
ကျွန်တော်သည် တန်ဆောင်မုန်းလဆန်းတွင် မွေးဖွားသန့်စင် လူဖြစ်လာခဲ့ရသူမို့ တန်ဆောင်မုန်းလသည် ကျွန်တော့်အတွက် တန်ဖိုးရှိလှသည်မှာမှန်၏။
ငယ်စဉ်တောင်ကျေးကလေး ဘဝမှစ၍ နှစ်စဉ်မိဘများက မွေးနေ့အမှတ်တရလေး ကျင်းပပေးသည်။
မိသားစုစားစရာ မုန့်ပဲသရေစာလေး တစ်မျိုးမျိုး အိမ်မှာ စီစဉ်သည်။
သားလေးငါးနှစ်ပြည့်ပြီဟေ့၊ သားလေးခြောက်နှစ်ပြည့်ပြီဟေ့ဟု မိသားစုဝိုင်းဖွဲ့လျက် အိမ်ဖြစ်စားစရာကို စားတတ်သည်။
မုန့်ဟင်းခါးချက်သည့်အခါ ချက်သည်။ နန်းကြီးခေါက်ဆွဲ ချက်သည့်အခါချက်သည်။ ကျွန်တော်တို့ မိသားစုသည် ကြွယ်ဝသူများမဟုတ်၊ ရရစားစား မိသားစု၊ မရှိမရှား မိသားစုသာဖြစ်ခဲ့သည်။ ဖခင်က မော်လမြိုင်သားဖြစ်ပါလျက် မိခင်က မန္တလေးသူဖြစ်၍ အညာဆန်ဆန် ဗမာဆန်ဆန် မိသားစုဖြစ်ပါ၏။
မွေးနေ့အတွက် အင်္ကျီလေး တစ်ထည်ချုပ်ပေးလျှင် ကျွန်တော့်မှာ ဝမ်းသာ၍မဆုံးခဲ့။ အင်္ကျီလေးဝတ်လျက် မှန်ရှေ့မှာကြည့်ရသည်ကလည်း မကြာခဏဟု မှတ်မိနေသည်။
အမေ့ဇာတိ မန္တလေးမှာ တန်ဆောင်မုန်းလ မီးတွေထွန်းကြသည်ကိုကြည့်ရင်း ကျွန်တော်တို့က အလိုလိုပျော်နေတတ်သော်လည်း အမေ့မျက်နှာက ကြည်ကြည်သာသာ မရှိခဲ့သည်ကို ငယ်စဉ်က ဘာမှန်းမသိခဲ့။
၁၉၃၅ ခုနှစ်တွင် အမေက ကျွန်တော့်ကိုမွေးဖွားခဲ့သည်မို့ ကုလားစစ်သားတွေ မျက်နှာဖြူဂေါ်ရာ စစ်သားတွေကိုမြင်ခဲ့ရသည်။ လမ်းမပေါ်မှာ ကုလားစစ်ပုလိပ်ဆိုလား ဘာလားမသိ မြင်းကြီးတွေစီးလျက် ဖြတ်သွားချိန် အကောင်ထွားထွား မြင်းကြီးကို သဘောကျ၍ လက်ခုပ်လက်ဝါး တီးမိလျှင် အမေကမကြိုက်။
''အမေတို့ရဲ့ ရှင်ဘုရင်ကို အဲဒီကုလားဖြူတွေက လာဖမ်းသွားတာပေါ့ သားရဲ့'' ဟုပြောသော စကားကို အဓိပ္ပာယ်သေချာ မသိသော်လည်း ထိုကုလား စစ်သားတွေကို အလိုလို မုန်းလာခဲ့မိသည်။
ရှင်ဘုရင်ဆိုတာလည်းမသိ၊ ဘာကြောင့်ဖမ်းမှန်းလည်း မသိသော ကျွန်တော်သည် လူမှန်းသိတတ်ခါစမှစ၍ ထိုကုလားဖြူ၊ ကုလားမဲစစ်သားများကို မုန်းနေမိသည်။
သူငယ်တန်းကျောင်းသားဘဝမှာ ဗမာတစ်ပြည်လုံး လေယာဉ်ပျံတွေလာသည်၊ ဗုံးတွေကြဲချသည်။
သွေးသံရဲရဲလူနာတွေ ပြေးကြလွှားကြသည်ကို လမ်းပေါ်မှာတွေ့ရသည်။ ပြတင်းပေါက်မှ လှမ်းကြည့်သောအခါ ကုလားဖြူကုလားမဲ စစ်သားလူနာတွေ မတွေ့ရ၊ ဗမာလူနာတွေသာ တွေ့ရသောအခါ ဘာမသိညာမသိ ကျွန်တော့်ကို အမေက ရှင်းပြပါသည်။
''အမေတို့ဘုရင်ကို ဖမ်းသွားပြီး လာအုပ်ချုပ်တဲ့ အင်္ဂလိပ်နဲ့ဂျပန်နဲ့ စစ်တိုက်ကြလို့ ဂျပန်တွေက ဗုံးလာကြဲတာ၊အုပ်ချုပ်တဲ့ ကုလားဖြူတွေက နည်းနည်း ဗမာတွေက များများမို့ အမေတို့ဗမာတွေ သေတာပေါ့ သားရယ်''...ဟုရှင်းပြသော အမေ့စကားကို နားထောင်ရင်း နားမရှင်းသော ကျွန်တော် ဘာဆက်မေးရမှန်း မသိခဲ့။
သည်လိုနှင့်အုပ်ချုပ်သူ အင်္ဂလိပ်က ထွက်ပြေး၊ ဂျပန်တွေက ဝင်လာ၊ ဗမာစစ်သားတွေနှင့် ဂျပန်စစ်သားတွေက အလုံးအရပ် သိပ်မကွာကြ။
ဂျပန်တွေအုပ်စိုးသော ကာလမှာလည်း အင်္ဂလိပ်တွေက ဗုံးလာကြဲ၊ ဗမာတွေသေကြရ ဒဏ်ရာတွေရကြပုံကို ကလေးဘဝက ကျွန်တော်တို့မြင်ခဲ့ရပါ၏။
ဂျပန်တွေအုပ်စိုးသော ကာလမှာ ကံအားလျော်စွာ ကျွန်တော်တို့မိသားစု ရွှေတိဂုံဘုရားခြေရင်း ဘုန်းကြီးကျောင်းဝိုင်းထဲ၌ တစ်ခုသော ဘုန်းကြီးကျောင်းတွင် တည်းခိုကြရသည်။
ကျောင်းထိုင်ဆရာတော် ဘုရားကြီး ဦးစင်္ကြာဆိုသူက BAအောင်ပြီးမှ သင်္ကန်းဝတ်သူမို့ အဖေတို့၊ ဦးလေးတို့နှင့် အင်္ဂလိပ်လို စကားပြောကြသည်။ ကျွန်တော်တို့ စစ်ဘေးရှောင်ကလေးများကို စာသင်ပေးသည်။
သည်လိုနှင့်စစ်ကြိုခေတ်က သူငယ်တန်းကျောင်းသားလေး ကျွန်တော် ၁၉၄၆ ခုနှစ်စစ်ကြီးပြီးချိန်မှာ မြို့မအထက်တန်းကျောင်း စတုတ္ထတန်း ဝင်ခွင့်ရသည်။
စတုတ္ထတန်း ကျောင်းသားဖြစ်တော့မှ ကြားဖူးနားဝလေးများ ရှိလာသည်။
အဓိကတော့ နံနက်တိုင်းကျောင်းသားများ တန်းစီကြရသည်။ ကျောင်းအုပ်ဆရာကြီး ဦးဘလွင်(မြို့မဘခင်ကြီး)နှင့် ကျောင်းဆရာကြီး ဦးအေးသွယ်တို့က အလှည့်ကျ စကားပြောကြသည်။
ကျောင်းအုပ်ဆရာကြီး ဦးဘလွင် ပြောစကားများကကျောင်းသား၊ ကျောင်းသူတွေနားထဲ ရိုက်သွင်းသကဲ့သို့ နားလည်လွယ်သည်။
''ဒုတိယကမ္ဘာစစ်ကြီးပြီးပြီ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးတွေက လွတ်လပ်ရေးရဖို့ ကြိုးစားနေကြတယ်၊ မကြာခင် လွတ်လပ်ရေးရတော့မယ်၊
လွတ်လပ်ရေးကြီး ရပြီးရင် မဆုံးရှုံးအောင် မောင်တို့မယ်တို့ ဒီနေ့ကျောင်းသားတွေက ဆက်လက်တာဝန်ယူကြရမယ်၊ ပညာကိုကြိုးစားသင်ယူကြ'' ဟူ၍ တိုတိုရှင်းရှင်း လိုရင်းကိုပြောသည်။
အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူတွေသဘောပေါက်ကြသည်။
သည်လိုဘဝနှင့်ကြီးပြင်းခဲ့ရသော ကျွန်တော်သည်မြို့မစိတ်ဓာတ်ဟု ကြွေးကြော်လေ့ရှိခဲ့ကြသော လူငယ်များ အသိုင်းအဝိုင်းမှ မျိုးချစ်စိတ်ကို စတင်ကျွမ်းဝင်ခဲ့ရသည်။
မြို့မအမျိုးသားကျောင်းကြီး စတင်ပေါ်ပေါက်လာခဲ့သော ''အမျိုးသားနေ့'' ဆိုသည်ကို ခေါင်းထဲမှာ စွဲလာခဲ့ကြသည်။
မြို့မကျောင်းနှင့် အမျိုးသားနေ့
အမျိုးသားနေ့နှင့် မြို့မကျောင်းဟူသော အစွဲနှင့် စတုတ္ထတန်းကျောင်းသားလေး ပဉ္စမတန်းသို့ ရောက်လာသည်။ ကျောင်းအုပ်ဆရာကြီး စကားနားဝင်နေသော ကျောင်းသားလေး ကျွန်တော် အလယ်တန်းကျောင်းသား ဘဝမှာ လွတ်လပ်ရေး အရယူဖို့ကြိုးစားနေကြသည် ဆိုသော ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည်။
ငယ်စဉ်တောင်ကျေး ကလေးဘဝက အမေပြောစကား''အမေတို့ရဲ့ရှင်ဘုရင်ကို အဲဒီကုလားဖြူတွေက လာဖမ်းသွားတာပေါ့သားရဲ့'' ဟူသည်က နားထဲစွဲနေသလို၊ ''လွတ်လပ်ရေးကြီးရပြီးရင် မဆုံးရှုံးအောင် မောင်တို့မယ်တို့ ဒီနေ့ကျောင်းသားတွေက ဆက်လက်တာဝန်ယူကြရမယ်'' ဟူသော ကျောင်းအုပ်ဆရာကြီး ဦးဘလွင် စကားက ယနေ့အသက်၈၇နှစ်ရှိပြီဖြစ်သော ကျွန်တော်အဘိုးကြီးရင်ထဲ စွဲနေဆဲသာဖြစ်ပါ၏။
ယနေ့မြန်မာပြည်မှာ ရုံးပိတ်ရက်တွေ သတ်မှတ်ထားကြသည်။
လွတ်လပ်ရေးနေ့ပါသလို အာဇာနည်နေ့ပါသည်၊အမျိုးသားအောင်ပွဲနေ့လည်းပါသည်။
လွတ်လပ်ရေးနေ့နှင့် အာဇာနည်နေ့များကိုတော့ အမှတ်တရ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပကြသည်။
အမျိုးသားနေ့ဟူသော ကျွန်ပညာရေးစနစ်ကို ရဲရဲတောက်တော်လှန်ခဲ့ သပိတ်မှောက်ခဲ့သော ကျွန်ပညာရေးဥပဒေကို သပိတ်မှောက်ခဲ့သော နေ့ထူးနေ့မြတ်ကြီး ကိုရော အခမ်းအနားတွေ ပြုလုပ်ကြပါရဲ့လားမသိ။
ကျွန်တော်တို့မြို့မ အမျိုးသားကျောင်းကြီးကတော့ ယနေ့ထက်တိုင် အထိမ်းအမှတ်ပွဲတွေ ဟောပြောပွဲတွေ စီစဉ်ခဲ့ကြသည်။ ကျင်းပကြသည်။ ကျောင်းသားဟောင်းတွေရော လက်ရှိတွေပါ တက်ကြသည်။ စာသင်ကျောင်းတိုင်း ကျောင်းတိုင်းမှာ ကျွန်ပညာရေး စနစ်အကြောင်း၊ တက္ကသိုလ် ဥပဒေအကြောင်း၊ တက္ကသိုလ်ကျောင်းသားများ၏ ကျွန်ပညာရေး သပိတ်မှောက်ပုံအကြောင်း၊ ထိုနေ့ထူးနေ့မြတ်သည် မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေး အရယူခဲ့သော ကြိုးပမ်းမှုသမိုင်းတွင် အရေးပါပုံကြီးကို လည်းကောင်း...ဟောပြောသင့် ဆွေးနွေးသင့် အမျိုးသားရေးစိတ်ဓာတ် မြှင့်တင်သင့်သော လှုပ်ရှားမှုကြီး ကျင်းပသင့်သည်ဟု ကျွန်တော့်ရင်ထဲမှာ စွဲစွဲနစ်နစ် ခံစား ယုံကြည်နေမိရပါသည်။
ပါတော်မူနေ့ အမျိုးသားနေ့ အာဇာနည်နေ့တို့ကို မမေ့မလျော့ မပေါ့မဆ သတိတရ ရင်ထဲစွဲနေမှသာ လွတ်လပ်ရေးနေ့ထူးသည် တန်ဖိုးရှိမည်ဟူ၍ အဘိုးကြီး ကျွန်တော် မမှိတ်မသုန် ယုံကြည်နေမိရပါကြောင်း။ ။