ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံကြီးရှိ အောက်ဆီဂျင်စက်ရုံစတင်လည်ပတ်
နေပြည်တော်၊ နိုဝင်ဘာ -၂၄
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို လက်ခံ ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်နှင့် စေတနာရှင် အလှူရှင်များ အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးနှင့် မြို့နယ်များတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။
ထိုသို့ တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံကြီးရှိ တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၅၀ လုံး ထွက်ရှိသည့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက် စတင်လည်ပတ်နေမှုအခြေ အနေများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဇင်မျိုးဆွေ၊ ကွတ်ခိုင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးညွန့်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။