ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲပြုလုပ်

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၂၄
    
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ရင်ပြင်တော်ရှိ ချမ်းသာကြီး တန်ဆောင်း၌ပြုလုပ်ရာ သာကေတမြို့နယ် တိပိဋကလင်္ကာရကျောင်း ဦးစီးပဓာန နာယက ဆရာတော် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂသာမိ  အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သာကေတမြို့နယ် တိပိဋကလင်္ကာရကျောင်း ဦးစီးပဓာနနာယက  ဆရာတော်ထံမှ  ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
    
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ်ညောင်ကုန်းကျောင်းတိုက် ဆရာတော် နိုင်ငံတော် ဗဟိုသံဃဝန်ဆောင်တိပိဋက ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)ထံမှ ပဋ္ဌာန်းရွတ်ဖတ် ပူဇော် စိတ်ထား ဩဝါဒကို ခံယူကြသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်များနှင့် တက်ရောက်လာကြသူများက ပဋ္ဌာန်း ပစ္စယုဒ္ဒေသပါဠိတော်ကို စုပေါင်းသံပြိုင်ရွတ်ဖတ်ပူဇော်ပြီး အလှည့်ကျ ပဌာန ဘာဏက သံဃာတော်က ဆက်လက်ရွတ်ဖတ်ပူဖော်ခဲ့သည်။

အဆိုပါအသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဖော်ခြင်းကို နိုဝင်ဘာ ၂၈ ရက်အထိ ၅ ရက်ကြာ ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။