မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိသည့် ထိုင်းနိုင်ငံအတွင်းရှိ မြို့နယ်များ၌ လက်နက်ခဲယမ်းများဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံရဲတပ်ဖွဲ့အကြီးအကဲများ ထုတ်ဖော်ပြောဆို

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိသည့် ထိုင်းနိုင်ငံအတွင်းရှိ မြို့နယ်များ၌ လက်နက်ခဲယမ်းများဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံရဲတပ်ဖွဲ့အကြီးအကဲများ ထုတ်ဖော်ပြောဆို

နေပြည်တော်၊ နိုဝင်ဘာ ၂၄
    
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိသည့် ထိုင်းနိုင်ငံ၊ Nakhon Pathom ခရိုင်၊ Nakhon Pathom မြို့နယ်၊ Phra Pathom ကျေးရွာအုပ်စုနှင့် Kanchanburi ခရိုင်၊ Kanchanaburi မြို့နယ်၊ Ko Samrong ကျေးရွာအုပ်စု၊ အမှတ် (၅) ကျေးရွာများအတွင်း လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံရဲတပ်ဖွဲ့ အကြီးအကဲများက ထုတ်ဖော်ပြောကြားကြောင်း သိရှိရသည်။ 
     
ဖမ်းဆီးရရှိမှုအနေဖြင့် နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် Phra Pathom ကျေးရွာအုပ်စု အတွင်း၌ တရားခံ ၂ ဉီးကို လက်နက်မျိုးစုံ (လိုင်စင်မဲ့) ၇၉၁ လက်၊ လက်နက်မျိုးစုံ (လိုင်စင်ပါ) ၁၂၅ လက်၊ စက်သေနတ် ၃ လက်၊ ကျည်ဆန်မျိုးစုံ ၆၃၈၃ တောင့်၊ အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း Nakhon Pathom ခရိုင် ရဲတပ်ဖွဲ့ ထံမှ သိရသည်။
    
Nakhon Pathom ခရိုင်ရဲတပ်ဖွဲ့အနေဖြင့် နိုဝင်ဘာလ ၂၈ ရက်တွင် ထိုင်း နိုင်ငံတစ်ဝန်း၌ ကျင်းပပြုလုပ်မည့် မြို့နယ်/ခရိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက် ပွဲကာလမတိုင်မီ ဖြစ်ပေါ်လာနိုင်သည့် နှောင့်ယှက်ဖျက်ဆီးမှုများကို ကြိုတင်ကာကွယ် သည့်အနေဖြင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိရေးအတွက် စီမံချက်များရေးဆွဲ၍ ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ဖမ်းဆီးရခဲ့ခြင်းဖြစ်ကြောင်း Nakhon Pathom ခရိုင်ရဲတပ်ဖွဲ့မှူး Pol. Gen. Thanayutjarus Thammarong က ပြောကြားသည်။
    
အလားတူ နိုဝင်ဘာ ၂၀ ရက်ကလည်း Kanchanaburi ခရိုင်၊ Kanchanaburi မြို့နယ်၊ Ko Samrong ကျေးရွာအုပ်စု၊ အမှတ် (၅) ကျေးရွာရှိ တည်းခိုခန်းတစ်ခု၌ အမျိုးသား ၁ ဉီးနှင့် အမျိုးသမီး ၁ ဉီးတို့ကို လက်နက်မျိုးစုံ ၁၁၁ လက်၊ ကျည်မျိုးစုံ ၁၃၂၀ တောင့်၊ မှန်ပြောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း Pol. Lt. Gen. Thanayut က ပြောကြားသည်။ 
    
အဆိုပါ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံရဲတပ်ဖွဲ့မှ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။