အမှောင်ပယ်ရှင်း အလင်းရောက်ပြီ မြန်မာပြည်

အမှောင်ပယ်ရှင်း အလင်းရောက်ပြီ မြန်မာပြည်

ဗုဒ္ဓဘာသာကိုသက်ဝင် ယုံကြည်ကိုးကွယ်ကြသူများသည် နေ့စဉ်နေ့တိုင်းကောင်းမှုကုသိုလ်များဖြင့် ဘဝကိုအေးချမ်းသာယာစွာ ဖြတ်သန်းနေကြသည်။ မနက်မိုးလင်းသည်နှင့်ဘုရားရှိခိုးခြင်း၊ ဆွမ်း၊ ပန်း၊ ဆီမီးနှင့်သောက်တော်ရေများ ဆက်ကပ်လှူဒါန်းခြင်း ကောင်းမှုများပြုလျက်ရှိသည်။ ကိုယ်နှုတ်နှလုံး သုံးပါးစလုံးကို ယဉ်ကျေးအောင်ပြုမူပြီး နေ့စဉ်ကုသိုလ်ယူနေကြသည်။ ဘုရား၊ တရား၊ သံဃာတော်တို့၏ ဂုဏ်ကျေးဇူး၊ မိဘဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အမြဲမပြတ်ဆင်ခြင်အောက်မေ့ခြင်းဖြင့် မြန်မာတို့ ကြီးပြင်းလာကြရသည်။ အကြောင်းကံမလှ၍ မြန်မာနိုင်ငံကိုတိုင်းတစ်ပါးသားတို့အုပ်စိုးခဲ့စဉ်မှာပင် မြန်မာတို့သည် မိမိတို့၏ ဘာသာ၊ သာသနာ၊ မိမိတို့၏ယဉ်ကျေးမှုများမကွယ်မပျောက်အောင်ထိန်းသိမ်းခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုလူအများ ကိုးကွယ်ရာဘာသာအဖြစ်  အသိအမှတ်ပြုထားသလို အခြားသောဘာသာများကိုလည်း နိုင်ငံအတွင်း ကိုးကွယ်ရာဘာသာများအဖြစ် အသိအမှတ်ပြုထားသည်။ ကမ္ဘာ့နိုင်ငံအများအပြားတွင် တွေ့မြင်ခဲလှသော မြင်ကွင်း မျိုးကို မြန်မာနိုင်ငံတွင် သာတွေ့မြင်ရသည်။ စီးပွားရေးမြို့တော်ရန်ကုန်မြို့ လူစည်ကားရာ၌တည်ထားကိုးကွယ်လျက်ရှိသော ဆူးလေစေတီ တော်ပတ်ဝန်းကျင် အနီးတစ်ဝိုက်တွင် အခြားသောဘာသာဝင်တို့၏အဆောက်အအုံများကိုမြင်တွေ့နိုင်သည်။ အခြား သော ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိမြို့များတွင်လည်း ဤကဲ့သို့ အတူတကွနီးကပ်စွာ ယှဉ်တွဲတည်ဆောက် ထားသော ဘာသာရေး အဆောက်အအုံများကို မြင်တွေ့နိုင်သည်။

ဤသို့နီးကပ်စွာတည်ရှိနေပြီး  ကိုယ့်ဘာသာကို အေးအေးချမ်းချမ်းကြည်ညိုနေထိုင်ကြသည်မှာ နှစ်ပေါင်းရှည်ကြာခဲ့ပြီဖြစ်သည်။ NLD အစိုးရအာဏာရသော အချိန်ကာလများတွင်  ဘာသာအချင်းချင်းရန်တိုက်ပေးခြင်းများ  ကြုံတွေ့ရသည်။ ဘာသာကြီး တစ်ခု တည်းက ကြီးစိုးထားခြင်းမျိုးကို မလိုလားဘူးဟူသော လေသံများ ကျယ်လောင်လာသည်။ ဗုဒ္ဓမြတ်စွာကို သာမန်ပုဂ္ဂိုလ်ဟူသော ပြောသံများ ကြားရသည်။ ထို့ထက်ပို၍ဆိုးရွားလွန်းသည်ကား ရဟန်းတော်များနှင့် အခြားဘာသာဝင် လူပုဂ္ဂိုလ်များကို ကြမ်းတစ် ပြေးတည်း အတူထိုင်စေခြင်း၊ ကိုရင်ငယ်လေးများကို မြေကြီးတွင်ထိုင်ခိုင်း၍ အခြားဘာသာဝင်လူပုဂ္ဂိုလ်များက အမြင့်တွင်  ထိုင်စေခြင်း၊ ဘုရားစေတီများပေါ်တွင် ဘာသာမတူသူများက သူတို့ဘာသာတရားကို ရွတ်ဖတ်ခြင်းတို့ကို  လုပ်ဆောင်စေခဲ့သည်။

ကမ္ဘာတွင်  ဘာသာကြီးတစ်ခုတည်းက လုံးဝစိုးမိုးထားပြီး အခြားသောဘာသာများကို လုံးဝပိတ်ပင် ထားသောနိုင်ငံများစွာရှိသည်။  သူတို့နိုင်ငံတွင် သူတို့ဘာသာနှင့်အခြားသောဘာသာကို တန်းတူဆက်ဆံခြင်းမျိုးလုံးဝမရှိပါ။ မြန်မာနိုင်ငံတွင် ထို့သို့ပိတ်ပင်မှုမရှိသေး ပေ။ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားသည်။ NLD အစိုးရသည် ဗုဒ္ဓဘာသာကို ချိုးနှိမ်ဆက်ဆံပြီး အခြားသော ဘာသာကို မြှောက်စားသည့် လုပ်ရပ်များမှာ ရေးပြ၍မကုန်နိုင်ပေ။ အကြောင်းပြချက်ခိုင်ခိုင်မာမာမရှိဘဲ မဘသ ကိုဖျက်သိမ်းပစ်သည်။ ရွှေတိဂုံ စေတီတော်မှ ရွှေများကို ရွှေအရည်အသွေးစစ်ဆေးရန် အကြောင်းပြချက်ဖြင့် ရွှေပြားများ ခွာယူစေခဲ့သည်။

ရှေးအစဉ်အလာအရ၊ ရှေးကမြန်မာကြီးများက ကန့်သတ်ထားခဲ့သောအရာများကို ဖျက်ဆီးပစ်သည်။ အမျိုးသမီးများ မဝင်ရဆို သောနေရာများကို တမင်ရွေးချယ်၍ဝင်ပြခဲ့သည်မှာ တစ်ကြိမ်တစ်ခါတည်း မဟုတ်ပေ။ ထိုသို့လုပ်ဆောင်ခြင်းကြောင့်ပေါ်ပေါက်လာ ခဲ့သော ဆိုးကျိုးများကိုမူ ဖုံးကွယ်ထားသည်။ ထို့ထက် ပို၍ဆိုးရွားသောလုပ်ရပ်များမှာ နိုင်ငံတော်ပိုင် ငွေသန်းပေါင်း ခြောက်ထောင် ကျော်ဖြင့်လူမှုကွန်ရက် ထိန်းချုပ်ရေးအဖွဲ့ဖွဲ့ခဲ့သည်။ ထိုအဖွဲ့ကလည်း ဗုဒ္ဓဘာသာကိုကြီးမားစွာ အနှောင့်အယှက်ပေးခဲ့သည်။ ဆရာတော် သံဃာတော်များကိုဆဲဆိုခြင်း၊ ထေရ်ကြီးဝါကြီး ပုဂ္ဂိုလ်များ၏ပုံတော်ကို ရုပ်ပျက်ဆင်းပျက်ပုံများ ဖြစ်အောင် ရေးဆွဲခြင်း တို့ကိုမသိကျိုး ကျွန်ပြုခဲ့သည်။ အခြားသောဘာသာနှင့် ပတ်သက်လျှင် ကုလားဆိုသောစကားလုံးပါလျှင်ပင် အသုံးပြုသူ၏ လူမှုကွန်ရက်ကို ဖြုတ်ချခြင်း၊ ရက်ပေါင်းများစွာ ပိတ်ထားခြင်းတို့ ပြုလုပ်ခဲ့သည်။

ဗုဒ္ဓဘာသာထေရ်ကြီးဝါကြီးများကို ဆဲဆိုလှောင်ပြောင်နေသော သောဘိတ၊ အလင်္ကာကြယ်၏ လုပ်ရပ်သည် လွန်စွာမိုက်ရိုင်းသော လုပ်ရပ်ဖြစ်သည်။ ထိုပို့စ်မျိုးကိုသတိပေးခြင်း၊ ဖြုတ်ချခြင်း၊ ဟန့်တားခြင်းမျိုး လုံးဝမလုပ်ခဲ့။ မှန်သောစကားပြောရလျှင် ဗုဒ္ဓဘာသာ သာသနာကို ရိုင်းရိုင်းစိုင်းစိုင်း ပြုမူလုပ်ဆောင်ခဲ့သည်။ အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နေသူတို့က NLD အစိုးရကို လုံးဝ(လုံးဝ)မကြိုက်တော့။

ထိုအစိုးရကလည်း ထိုအချက်ကိုကောင်းစွာသိသည်။ ထို့ကြောင့်အမျိုးဘာသာသာသနာ စောင့်ရှောက်လိုသူတို့ကို ပုဒ်မအမျိုးမျိုး တပ်ကာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဤအထိရေးသားချက်များသည် အမှန်တရား၏ တစ်ဝက်မျှသာရှိသေးသည်။လူသားတိုင်းသည်  ကံကံ၏ အကျိုးကိုခံစားရပါသည်။ တူသောအကျိုးပေးပါသည်။ မကောင်းမှု ပြုထားသူသည် မည်သည့်ဘာသာဝင်ဖြစ်ပါစေ မကောင်းသော အကျိုးကိုပေးမည်မှာ အမှန်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာမှာ သာသနာစောင့်နတ်တွေအများကြီးရှိကြောင်း ဆရာတော် များ ဟောကြားထားပြီးဖြစ်သည်။ အချို့ကမမြင်မတွေ့ရ၍မယုံကြည်ဟုဆိုသည်။ မမြင်မတွေ့ရဘဲ လူသားတို့ကို အကျိုးပြုနေသော အရာများသည် မိမိတို့ပတ်ဝန်းကျင်တွင် အမှန်ရှိနေသည်။ လူတိုင်းတွင်ဦးနှောက်ရှိနေသည်။ ထိုဦးနှောက်ကို လူသားတိုင်း မြင်ရသည် မဟုတ်ပါ။ ဆေးပညာရှင်တို့သာ မြင်နိုင်သော ကိရိယာဖြင့်ကြည့်၍မြင်ရခြင်းဖြစ်သည်။ ထို့အတူ သာသနာတော်စောင့်နတ်များကို ဘုန်းတော်ကြီးတော်မူသောမထေရ်ကြီးများမှသာမြင်နိုင်မည်ဖြစ်သည်။ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီး၏ တရားတော်များတွင် နာကြားသိရှိနိုင်သည်။

မြန်မာနိုင်ငံတွင် မြန်မာဗုဒ္ဓဘာသာအများစုက အခြားသောဘာသာများကို လေးစားသည်။ ကဲ့ရဲ့ပြစ်တင်ခြင်းမျိုး၊ သိက္ခာချခြင်း မျိုးလုံးဝမရှိခဲ့။ ထို့ကြောင့်လည်း နှစ်ပေါင်းများစွာ အေးအတူပူအမျှနေထိုင် နိုင်ကြခြင်းဖြစ်သည်။ NLD အစိုးရလက်ထက်တွင်ကား ထိုသို့မဟုတ်တော့ပေ။ ဗုဒ္ဓဘာသာကိုတန်ဖိုးထားမှု လွန်စွာနည်းပါးခဲ့သည်။ ဗုဒ္ဓဘာသာပျက်စီးရေးတွင် သူရဲကောင်းများ သဖွယ်ရပ် တည်ခဲ့ကြသည်။  ထိုသူတို့သည် မိမိတို့လက်ဝယ်တွင်ရရှိလာသောပတ္တမြားကို တန်ဖိုးရှိရှိအသုံးမပြုဘဲ အရောင်မှေးမှိန်တန်ဖိုးမဲ့ အောင်ပြုလုပ်ခဲ့သည်။  ထို့ကြောင့်  သူတို့ပြုလုပ်ခဲ့သော မကောင်းသောကံက သူတို့ကိုမကောင်းကျိုးပေး လိုက်ခြင်းဖြစ်သည်။ ဘာသာရေးတွင် ဆိုးသလားမဟုတ်သေးပါ။ နိုင်ငံရေးတွင်လည်း လွန်စွာဆိုးဝါးလွန်းသောအပြုအမူကိုပြုမူခဲ့သည်။ နိုင်ငံခြားသား အကြံပေး ၉၀ ကျော်ကို အစိုးရအုပ်ချုပ်မှုယန္တရားတွင်ထည့်သွင်း ထားသည်။ ကမ္ဘာတွင် မည်သည့်နိုင်ငံ ခေါင်းဆောင်မှမလုပ်သော အလုပ်မျိုးကို NLD ခေါင်းဆောင်က လုပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးသုတေသီတို့ကထောက်ပြထားသည်။ တစ်နည်းအားဖြင့် မိမိနိုင်ငံ၏ အချုပ် အခြာအာဏာအား သူတစ်ပါးထံ အပ်နှံထားခြင်းဖြစ်သည်။ ထို့ကြောင့်လည်း အဆိုပါနိုင်ငံခြားသားတို့အလိုအရ မြန်မာတို့၏ လုံခြုံရေးဆိုင်ရာ ဥပဒေမှန်သမျှ ရုပ်သိမ်းပေးခဲ့ရသည်။

စာရေးသူအနေဖြင့် ဤအချက်အလက်မှန်များကိုရေးသားပြနေသည်မှာ  နောင်မျိုးဆက်လူငယ်များ၊ အထူးသဖြင့် နောင်တစ်ခေတ်၏ ခေါင်းဆောင်များ သင်ခန်းစာယူနိုင်စေရန် ရည်ရွယ်ခြင်းသာဖြစ်သည်။ NLD အစိုးရကို  ဖြုတ်ချလိုက်သူအစစ်အမှန်မှာ NLD  အစိုးရ တာဝန်ရှိသူတွေကိုယ်တိုင်သာဖြစ်သည်။ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးနိုင်ပါလျက်နှင့် ထိုနည်းလမ်းကိုမျက်ကွယ်ပြုကာ တိုင်းပြည် ပျက်စီးရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။ ဤစကားမှန်ကန်ကြောင်း ယနေ့ပေါ်ပေါက်လာသော NUG၊ CRPH၊ PDF တို့က သက်သေ ပြနေသည်။ ထိုအကြမ်းဖက်အဖျက်သမားတို့သည် NLD ပါတီမှမွေးဖွားပေါ်ပေါက်လာသူများဖြစ်သည်။ အစိုးရတစ်ရပ်ကို မကျေနပ်၍ လက်နက်စွဲကိုင် တိုက်ပွဲဝင်သည်ကို လက်ခံနိုင်သည်။

သို့သော် အစိုးရနှင့် ဘာမှမဆိုင်သော ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို ရက်ရက်စက်စက်သတ်ဖြတ်သည်။ စာပေသင်ကြားပေး နေသော ဆရာ၊ ဆရာမများကို ရက်ရက်စက်စက်သတ်သည်။ စာသင်ကျောင်းများ၊ ဆေးရုံများကိုမီးရှို့ဖျက်ဆီး၊ မိုင်းထောင်ဖောက်ခွဲ သည်။ အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်သည်။ ကျန်းမာရေးစောင့်ရှောက်ပေးနေသူများကိုလည်း သတ်ဖြတ် သည်။ အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ ရက်စက်စွာသတ်ဖြတ်ခြင်းကြောင့် ရဟန်းသံဃာတော် ၁၃ ပါးပျံလွန်တော်မူခဲ့သည်။  ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်း  ၁၂ ဦးသေဆုံးပြီး  ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ ၁၉၈ ဦးခန့် သေဆုံးပြီး  ၁၄၈ ဦးဒဏ်ရာရရှိသည်။  နိုင်ငံ့ဝန်ထမ်း  ၃၈ ဦးသေဆုံးပြီး ၇၉ ဦးခန့်ဒဏ်ရာရရှိသည်။ ကျန်းမာရေး ဝန်ထမ်း သုံးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် စာသင်ကျောင်းပေါင်း ၄၄၄ ကျောင်း ပျက်စီးဆုံးရှုံးခဲ့သည်။

NLD သည်အစိုးရအဖြစ်တာဝန်ယူခဲ့သည့် ငါးနှစ်အတွင်း ကျောင်းတစ်ကျောင်းမျှ ဖြစ်ဖြစ်မြောက် မြောက်တည်ဆောက် ပေးနိုင်ခြင်း မရှိခဲ့သော်လည်း အချိန်တိုအတွင်းမိုင်းထောင်ဖောက်ခွဲမီးရှို့ဖျက်ဆီးပစ်လိုက်သည်မှာ ၄၄၄ ကျောင်းရှိခဲ့သည်။ NUG၊ CRPH၊ PDF အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စာရင်းများကို နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားပါသည်။ ဤသို့အကြမ်းဖက် လုပ်ဆောင်နိုင်ရန်အတွက် ငွေကြေးထောက်ပံ့မှုပေးသူမှာ ကမ္ဘာကျော်သူဌေး တစ်ဦးဖြစ် သည်။ သူ့ကြောင့် ပျက်ယွင်းသွားခဲ့သောနိုင်ငံပေါင်းမှာများပြားလှသည်။ (အသေးစိတ်သိလိုပါက နေဇင်လတ်၏ တစ်မွန်းတည့် နိုင်ငံရေး စာအုပ်ကို ဖတ်ကြည့်ရန်ညွှန်းလိုပါသည်။)

မြန်မာနိုင်ငံကိုလည်း  ထိုနည်းလမ်းကျင့်သုံးကာ ဖျက်ဆီးနေခြင်းဖြစ်သည်။  NUG၊ CRPH၊ PDF အကြမ်းဖက်တို့က ဘုန်းတော်ကြီး များကို သတ်ဖြတ်သောလုပ်ရပ်သည် ပြည်သူတစ်ရပ်လုံးက သူတို့အပေါ် နာကြည်းသွားစေသောလုပ်ရပ်ဖြစ်သည်။ တရားနည်းလမ်း ကျစွာပြောရလျှင် လုံးဝ(လုံးဝ) မလုပ်သင့်သောအလုပ်ကို  NUG၊ CRPH၊ PDF တို့လုပ်လိုက်ခြင်းဖြစ်သည်။  ထို့ကြောင့် ထိုအကြမ်း ဖက်သမားတို့ တစ်နေ့တခြား ကျဆုံးလာနေခြင်း ဖြစ်သည်။ ဘာသာချင်းမတူသော လက်နက်ကိုင် သောင်းကျန်းသူ တို့သည်ပင် ဘုန်းတော်ကြီးများကို အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းမျိုး မရှိခဲ့ပေ။ NUG၊ CRPH၊ PDF အကြမ်းဖက် အဖွဲ့ကား အာဏာရခဲ့သည့် ငါးနှစ်အတွင်းလုပ်ရပ်များကို  ဆက်လက်အမွေခံသည့် အလားဖြစ်နေသည်။  ၎င်းတို့ကို ဦးဆောင်ဦးရွက်ပြုနေသော ရည်မွန်၊ ဇော်ဝေစိုး၊ ဆာဆာ၊ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ဇင်မာအောင်နှင့်အခြားသော NLD ပါတီဝင်များစေခိုင်းသမျှ လိုက်ပါလုပ်ဆောင်နေရသော လူငယ်လူရွယ်တို့သည်ကား သနားစရာကောင်းလှသည်။

အထက်အမည်ပါသူနှင့် အပေါင်းအပါများက နိုင်ငံခြားတွင် ဒေါ်လာများကိုင်ပြီး မြန်မာနိုင်ငံတွင်းရှိ လူငယ်လူရွယ်များကို မြှောက်ပေးကာ သေပွဲဝင်ခိုင်းနေခြင်းဖြစ်သည်။ ဖမ်းမိသောအကြမ်းဖက် လူငယ်အများစုမှာ သူတို့ကိုနောက်ကွယ်ကစေခိုင်း၍ လူသတ်လိုက်ရသော်လည်း  အသတ်ခံရသူနှင့် ၎င်းတို့သည် သိကျွမ်းခြင်းမရှိသလို ရန်ငြိုးရန်စလည်း ရှိသူများမဟုတ်ကြောင်း ဝန်ခံထွက်ဆိုကြသည်။ လူငယ်လူရွယ်တို့၏ အနာဂတ်ကိုငွေပေး၍ NUG၊ CRPH တို့ကဖျက်ဆီးနေခြင်း ဖြစ်သည်။  ထို့ကြောင့်လည်း နိုင်ငံတော် အစိုးရအနေဖြင့် ယနေ့တိုင်လမ်းမှားရောက်နေသူများကို ပြန်လည်ဖိတ်ခေါ်ကြောင်း ကြေညာချက်ထုတ်ပြန်လျက်ရှိသည်။  အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်နေသည်မှာ မည်သည့် နေ့ရက်နောက်ဆုံးဟူ၍မရှိပေ။ နိုင်ငံတော်အစိုးရက သဘောထားကြီးမားစွာ ပြန်လည်ဖိတ်ခေါ်နေသလောက် NUG၊ CRPH၊ PDF တို့က မိုက်လုံးကြီးမားဆဲဖြစ်သည်။

သူတို့မိုက်လုံးကြီးမှုကြောင့် နိုင်ငံအနှံ့အပြားတွင် အကြမ်းဖက်အဖွဲ့ဝင်များကို ဖမ်းဆီးရမိလျက်ရှိသည်။ လက်နက်ခဲယမ်းများနှင့် ဖမ်းမိသူအရေအတွက်မှာ များပြားလှသည်။ သူတို့နှင့်ဆက်နွှယ်ခဲ့သော တိုက်အိမ်ခြံများကလည်းများပြားသည်။ ဤမျှ များပြားစွာ ဖမ်းဆီးရမိနေခြင်းမှာ ပြည်သူလူထုတစ်ရပ်လုံးက အကြမ်းဖက်အဖျက်သမားများကို အလိုမရှိကြောင်း ပြသနေခြင်းဖြစ်သည်။ အကြမ်းဖက်သမားများကို အလိုမရှိသလို အကြမ်းဖက်လုပ်ရပ်များကြောင့် ဗုဒ္ဓဘာသာသာသနာကွယ်ပျောက်မည်ကိုလည်း ပြည်သူ တို့ မလိုလားတော့ပေ။ ပြည်သူတို့၏ရင်ထဲတွင် အကြမ်းဖက်သမားတို့၏ သာသနာဖျက်လုပ်ရပ်၊ ဘာသာဖျက်လုပ်ရပ်ကို ရွံရှာမုန်းတီး နေပြီဖြစ်သည်။ ထိုသက်သေကား အကြမ်းဖက်သမားတို့၏ လှုပ်ရှားမှုကို လျှို့ဝှက်သတင်းပေးခြင်းနှင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်သူတို့ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှစတင်၍ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ ဘုရားစေတီများဖူးမြော်ခွင့်ရရှိခဲ့ကြသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်မားနေသော်လည်း ဘုရားဖူးသူများမှာ တစ်နေ့တခြားများပြားလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း တိကျစွာလိုက်နာ၍ ဘုရားဖူးကြသည်။ ဘာသာရေးကို လိုက်စားသူများလာသောအခါ အကုသိုလ် အနှောင့် အယှက်တို့လျော့နည်းလာသည်။ NUG၊ CRPH၊ PDF အကြမ်းဖက်သမားတို့ကို ဖမ်းဆီးရမိမှုပိုမို များပြားလာသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းများ လျော့နည်းလာသည်။ နိုဝင်ဘာ ၂၃ ရက်နေ့ည (၈)နာရီထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိမှုမှာ ၂ ဒသမ ၃၅ ရာခိုင်နှုန်းသို့ပင် လျော့နည်းလာပြီဖြစ်သည်။ 

မြန်မာတို့၏ ဘာသာသာသနာလေးစားကိုးကွယ်မှုများကို သီတင်းကျွတ် ရုံးပိတ်ရက်များတွင် လည်းကောင်း၊ တန်ဆောင်တိုင် ရုံးပိတ်ရက်များတွင်လည်းကောင်း မြင်တွေ့ကြရပြီးဖြစ်သည်။ တန်ဆောင်မုန်းလပြည့်နေ့သည်  မြတ်စွာဘုရားရှင်က အဇာတသတ် မင်းကြီးအမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော်ခေါ် ရဟန်းပြုရ အကျိုးပြတရားတော်ကို ဟောကြားတော်မူ သောနေ့ဖြစ်သည်။ တန်ဆောင်တိုင်မီးထွန်းပွဲတော်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ကြပြီး နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးတွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ထွန်းညှိပူဇော်ကြသည်။

အလားတူ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် အခြားသောဘုရားစေတီများ၊ ရန်ကုန်ရှိရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် အခြားသောစေတီတော်များ၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးနှင့်အခြားသော ဘုရားစေတီများနှင့် အခြားသောပြည်နယ်၊  တိုင်းဒေသကြီးများရှိ ဘုရားစေတီများတွင် စိတ်အေးချမ်းသာစွာ လာရောက်ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။ ထိုမြင်ကွင်းများမှာ ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံးဝယ်ကြည်နူး ချမ်းမြေ့ဖွယ်ဖြစ်သည်။ နိုင်ငံတော် အေးချမ်းသာယာနေကြောင်း  ပြသနေသော နိမိတ်ပုံများဖြစ်သည်။

နိဂုံးချုပ်ဆိုရလျှင် ဘာသာသာသနာကိုမရိုသေ၊ မလေးစားပြုသူများမှာ ၎င်းတို့၏ မကောင်းမှုကံကြောင့် (မကောင်းသော လုပ်ရပ်ကြောင့်) မကောင်းသောအကျိုးကို ခံစားနေကြရပြီဖြစ်သည်။ မိမိအားပေးအပ်လာသော အခွင့်အရေးကို နိုင်ငံနှင့်လူမျိုး၊ ဘာသာ၊ သာသနာအကျိုး အသုံးမပြုသူတို့သည် ယင်းတို့ပြုမူသည့်အတိုင်း တန်ပြန်သက်ရောက်မှုကိုခံစားရမြဲဖြစ်သည်။ အကြမ်း ဖက် အဖျက်သမားတို့၏ နောက်ဆုံးသွားရာလမ်းသည် ရာဇဝတ်ဘေးပြေးမလွတ်ခြင်းသာဖြစ်သည်။ အမျိုးဘာသာသာသနာကို စောင့်ရှောက် ကာကွယ်နေသူများက နေ့စဉ်နေ့တိုင်းကောင်းမှုပြုလျက်ရှိကြသောကြောင့် တိုင်းပြည်သာယာ အေးချမ်းလာနေခြင်း ဖြစ်သည်။ အနှစ်ချုပ်စကားဆိုရသော် မြန်မာနိုင်ငံကားအမှောင်ပယ်ရှင်း၍ အလင်းသို့ရောက်နေပြီဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပေသတည်း။   ။

အာကာမောင်မောင်