ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော ငဖဲမြို့နယ်အတွင်းရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လှူဒါန်း

ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော ငဖဲမြို့နယ်အတွင်းရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၆
    
တပ်မတော်အနေဖြင့် COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရာသီဥတု ဖောက်ပြန်၍ မိုးခေါင်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မကွေးတိုင်းဒေသကြီး နှင့်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများထံသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဒါန်းတပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးသန့်နှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းသည်။
    
ဦးစွာ တပ်နယ်မှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သီးနှံများပျက်စီးခဲ့သည့် ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၆ အုပ်စု၊ ကျေးရွာ ၃၆ ရွာမှ အိမ်ထောင်စု ၂၂၈၆ စု၊ တောင်သူ ၉၁၄၄ ဦးအတွက် ဆန် ၁၄၅၄ အိတ် ၊ ဆီ ၂၅၆၀ ပိဿာ၊ ဆား ၂၂၄၀ ပိဿာနှင့် ပဲ ၃၈၄၀ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ကြရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက လက်ခံရယူကြပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 
    
အဆိုပါသီးနှံများပျက်စီးဆုံးရှုံးခဲ့မှုသည် ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာ ၃၆ ရွာဖြစ်ပြီး စုစုပေါင်း ၇၅၀၃ ဧက ပျက်စီးဆုံးရှူံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
    
သီးနှံများပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာများမှ တောင်သူများအား တပ်မတော်က ယခုကဲ့သို့ ပေးအပ်လှူဒါန်းခြင်းအတွက် ဒေသခံတောင်သူများနှင့် ကျေးရွာနေပြည်သူများက အထူးပင်ဝမ်းမြောက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများအား ကျေးဇူးတင်လျက်ရှိကြောင်း သတင်းရရှိသည်။