ကန်ပက်လက်မြို့နယ်ရှိ CDF လက်နက်ကိုင်အကြမ်းဖက်အဖွဲ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့အား မီးရှို့ဖျက်ဆီး

ကန်ပက်လက်မြို့နယ်ရှိ CDF လက်နက်ကိုင်အကြမ်းဖက်အဖွဲ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့အား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ နိုဝင်ဘာ ၂၅
    
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ CDF လက်နက်ကိုင်အကြမ်းဖက်အဖွဲ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့အား နိုဝင်ဘာလ ၂၃ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်တွင် ကန်ပက်လက်မြို့နယ်၊ မြို့မ(၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြို့နယ်လဝကရုံးတို့အား CDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မြို့နယ်လဝကရုံးမှာ ၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ည ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပပါသည်။ 
    
မီးလောင်မှုဖြစ်ပွားခဲ့မှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် သွားရောက်စစ်ဆေးခဲ့ရာ CDF အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ မြို့နယ်လဝကရုံး တစ်ရုံးနှင့် ရုံးအတွင်းထားရှိသည့် ရုံးအသုံးအဆောင်ပစ္စည်းများ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၃၅ သိန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ အလျား ၈၀ ပေ၊ အနံ ၃၀ ပေ အစည်းအဝေးခန်းမတစ်လုံး၊ အလျား ၆၀ ပေ၊ အနံ ၂၈ ပေ ရုံးအဆောက်အဦတစ်လုံး၊ ရုံးအတွင်း ထားရှိသည့် ရုံးအသုံးအဆောင်ပစ္စည်းများ(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၁၆၀ ကျပ်)နှင့် ရုံးခန်း အတွင်းရှိ မီးခံသေတ္တာအတွင်း၌ ထိန်းသိမ်းထားရှိသည့် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း (၃၂၅.၅) သိန်းအနက်မှ ငွေကျပ် ၅,၈၃၄,၃၀၀ ကျပ်မှ မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့ပါသည်။
    
ထိုကဲ့သို့ နိုင်ငံတော်ပိုင်ရုံးအဆောက်အဦများအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမား များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မတော်စစ်ကြောင်းနှင့်ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။