YBS ယာဉ်လိုင်းများတွင် စီးနင်းသူဦးရေ စက်တင်ဘာဒုတိယပတ်အတွင်း သိသိသာသာ လျော့ကျ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲပေးလျက်ရှိသည့် YBS ယာဉ်လိုင်းများတွင် လိုက်ပါ စီးနင်းသူဦးရေ စက်တင်ဘာ ဒုတိယပတ်အတွင်း တစ်ရက်လျှင် လေးသိန်းကျော် သိသိသာသာ လျော့ကျ သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။
သြဂုတ်လတွင် YBS စီးနင်းသူဦးရေ တစ်ရက်လျှင် ၁၂ သိန်းကျော်ရှိခဲ့ပြီး ရန်ကုန်မြို့၌ COVID-19 ရောဂါ ကူးစက်သူများပြားလာသောကြောင့် စီးနင်းသူ လေးသိန်းကျော် သိသိသာသာလျော့ကျ လာခြင်းဖြစ်သည်။
“စီးနင်းသူကတော့ သိသိသာသာ လျော့ကျသွားတယ်။ လက်ရှိမှာ YBS ယာဉ်လိုင်း ၄၇ လိုင်းကနေ ယာဉ်အစီးရေ ၂၅၀၀ နဲ့ ပြေးဆွဲပေးနေပါတယ်”ဟု YRTA အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
YBS ယာဉ်လိုင်းများအနေဖြင့် လက်ရှိတွင် ခရီးသွားလာမှုရှိသော ပြည်သူများ၏ အခြေအနေ အရ ယာဉ်လိုင်းအရေအတွက်ကို စီမံပြေးဆွဲရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မူလအနေအထား ၏ ၅၀ ရာခိုင်နှုန်းကျော် ပြန်လည်ဦးမော့လာသည့် သယ်ယူ ပို့ဆောင်ရေးမှာ COVID-19 ရောဂါ ကူးစက်မှုများလာသဖြင့် ပြန်လည်ကျဆင်း သွားသည့်အနေအထားသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
COVID-19 ရောဂါကာကွယ်ထိန်းချုပ် ရေးကာလဖြစ်သည့် မတ်လတွင် YBS စီးနင်းသူဦးရေ တစ်ရက်လျှင် သုံးသိန်း ကျော်၊ ဧပြီလတွင် လေးသိန်းကျော်၊ မေလတွင် ငါးသိန်းကျော်၊ ဇွန်လပထမပတ်တွင် ခြောက်သိန်းကျော်၊ ဇူလိုင်လတွင် ကိုးသိန်းကျော်နှင့် သြဂုတ်လ အတွင်း ၁၂ သိန်းကျော်အထိ စီးနင်းမှုမြင့်တက်လာပြီး စက်တင်ဘာဒုတိယပတ်အတွင်း စီးနင်းသူ လေးသိန်းကျော်အထိ လျော့ကျ သွားကြောင်း သိရသည်။
ကျော်ကို