တစ်ခါစစ်သားထာဝရစစ်သား မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းကြီးများ

(၂၀၂၁) ခုနှစ် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းညီလာခံဂုဏ်ပြုဆောင်းပါး

တစ်ခါစစ်သားထာဝရစစ်သား မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းကြီးများ

မကြာမီအချိန်အတွင်း မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းညီလာခံ (၂၀၂၁) ကို နေပြည်တော်တွင် ကျင်းပတော့မည်ဖြစ်သည်။ ယခု အကြိမ်မတိုင်မီ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ညီလာခံကို ၂၀၀၁ ခုနှစ်၊ ၂၀၀၅ ခုနှစ်၊၂၀၀၉ ခုနှစ်၊ ၂၀၁၆ ခုနှစ်၊ ၂၀၁၈ ခုနှစ်တို့တွင် ကျင်းပနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကြီးအား တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် စစ်မှုထမ်းဟောင်းအဖွဲ့များ၊ မြို့နယ်အဆင့် စစ်မှုထမ်းဟောင်းအဖွဲ့များနှင့် ဖွဲ့စည်းထားခြင်းဖြစ်၏။ စစ်မှုထမ်းဟောင်းများအဖြစ် တာဝန်ထမ်းဆောင်နေကြသည့် စစ်သားဟောင်းကြီးများသည်  တစ်ချိန်တစ်ခါက တိုင်းပြည်နှင့်လူမျိုးအတွက် မိမိတို့ရဲ့အသက်ခန္ဓာကိုပင် မငဲ့ကွက်ဘဲ နိုင်ငံတော်က ပေးအပ်လာသည့် တာဝန်များအား စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသူများပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကြီးအား ၁၉၄၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။ လွတ်လပ်ရေးရပြီးသည့်နောက် အမြို့မြို့အနယ်နယ်ရှိ စစ်ပြန်စစ်မှုထမ်းဟောင်းများသည် မိမိတို့ဘာသာစစ်မှုထမ်းဟောင်းအဖွဲ့လေးများအား ဖွဲ့စည်းခဲ့ကြပါသည်။ ၁၉၇၃ ခုနှစ်တွင် အဆိုပါအဖွဲ့ငယ်များအား စနစ်တကျပြန်လည်စုဖွဲ့လျက် မြန်မာနိုင်ငံစစ်ပြန်စစ်မှုထမ်းဟောင်းများ  ဗဟိုစည်းရုံးရေး ကော်မတီနှင့်မြို့နယ် စည်းရုံးရေးကော်မတီများဟု သတ်မှတ်ဖွဲ့စည်းနိုင်ခဲ့ကြပါသည်။ ၁၉၇၅ ခုနှစ်တွင် စစ်မှုထမ်းဟောင်းအဖွဲ့၏     ဖွဲ့စည်းပုံနှင့် အခြေခံစည်းမျဉ်းများအား အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက်ပိုင်း ခေတ်အဆက်ဆက် လုပ်ငန်းလိုအပ်ချက်များနှင့်အညီ ပြောင်းလဲပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ပါသည်။

ယနေ့အချိန်အခါတွင် မြန်မာ့တပ်မတော်သည် အတိတ်မြန်မာ့သမိုင်းစဉ်တွင် ကြုံတွေ့ခဲ့ရသည့် အားနည်းချက်များအား သင်ခန်းစာ ယူလျက် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်တစ်ရပ် ထုဆစ်ပုံဖော်လျက်ရှိပါသည်။  စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအနေဖြင့်လည်း စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ တပ်မတော်၏ ဦးဆောင်မှုနှင့်အတူ ပေးအပ်လာသည့် အမိန့်နှင့်တာဝန်များအား ကျေပွန်အောင်ဆောင်ရွက်ခဲ့ပါသည်။ တပ်မတော်၏ဦးဆောင်မှုနှင့်အတူ  တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်း များစွာတွင် စစ်သားစိတ်အပြည့်နှင့် အားတက်သရော ဆောင်ရွက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့သည် အာဆီယံစစ်မှုထမ်းဟောင်းအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ ရည်ရွယ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ထိထိရောက်ရောက်အကောင်အထည်ဖော်လျက်ရှိပြီး မိမိတို့ နိုင်ငံတော်နှင့်တပ်မတော်၏ ဂုဏ်သိက္ခာမြင့်မားရေးအတွက် ကြိုးစားလျက်ရှိပါသည်။ ဒေသတွင်းနိုင်ငံများအပြင် နိုင်ငံတကာ စစ်မှုထမ်းဟောင်းအဖွဲ့များနှင့်ပါ ထိတွေ့ဆက်ဆံလျက်ရှိပြီး ရရှိသည့်အတွေ့အကြုံများမှတစ်ဆင့် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် လုပ်ဆောင်သင့်လုပ်ဆောင်ဖွယ်များအား အကျိုးရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘော တူညီ ချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်” ဟုပြဋ္ဌာန်းထားပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ကာကွယ်ရေးမဟာဗျူဟာအနေဖြင့် ပြည်သူ့စစ်မဟာဗျူဟာကိုချမှတ်ထား၏။ ပြည်သူ့စစ်မဟာဗျူဟာကို ခိုင်ခိုင်မာမာကျင့်သုံး အကောင်အထည်ဖော်ရင်း   တစ်ဖက်မှာလည်း   နိုင်ငံရေးစွမ်းအား၊ စီးပွားရေးစွမ်းအား၊ လူမှုရေးစွမ်းအားနှင့် စစ်ရေးစွမ်းအားတို့ကို ဟန်ချက်ညီညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များသည် တပ်မတော်၏ အရန်အင် အားများဖြစ်သည်နှင့်အညီ ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည်ဖော်ရာတွင် ပြောင်းလဲလာသည့် ခေတ်စနစ်များနှင့် လိုက်လျော ညီထွေဖြစ်အောင်ကြိုးစားပြီး ပြည်သူနှင့်တပ်မတော်ကြား ခိုင်မာသည့် ပေါင်းကူးတစ်ခုဖြစ်အောင် ကြိုးစား ဆောင်ရွက် နေသည်ကိုတွေ့ရှိရပါသည်။

နိုင်ငံတော်နှင့်တပ်မတော်တာဝန်များထမ်းဆောင်ရင်း မသန်စွမ်းဖြစ်သွားကြသည့် တပ်မတော်သားများနှင့် ကျဆုံး၊ သေဆုံးခဲ့ကြ သည့် တပ်မတော်သားမိသားစုဝင်များကိုလည်း တပ်မတော်အနေဖြင့် ထောက်ပံ့စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ တပ်မတော်မှ အငြိမ်းစားယူသွားကြသည့် တပ်မတော်သားများနှင့် မိသားစုဝင်များ နောင်ရေးစိတ်အေးချမ်းသာစွာ နေထိုင်နိုင်စေရန် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ (နေပြည်တော်)အပြင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင်လည်း အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ များအား တည်ဆောက်ပေးခဲ့ပြီးဖြစ်သလို ဆက်လက်၍လည်း တည်ဆောက်ပေးလျက်ရှိပါသည်။ တိုင်းပြည်နှင့်လူမျိုးအတွက် တာဝန်များ ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ခဲ့ရသည့် စစ်သည်များ အငြိမ်းစားယူပြီးနောက် ဘဝအာမခံချက် ရှိစေခြင်းအလို့ငှာ အသက်မွေးမှုအတတ်ပညာများကိုလည်း တပ်မတော်အသက်မွေးမှု အတတ်ပညာသင်စခန်းများတွင် သင်ကြား ပေးလျက်ရှိပါသည်။ ထို့ပြင် မှီခိုသူသားသမီးများ၊ စစ်မှုထမ်းဟောင်းသားသမီးများ၏ ပညာရေးအတွက်ပါ အလေးထား ဆောင်ရွက် ပေးနေပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စစ်မှုထမ်းဟောင်းများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးအပြင် အခြားလိုအပ်သည့် ကူညီထောက်ပံ့မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၇)ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိပြီး အဆိုပါရှေ့လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက် နိုင်ရန် အောက်ပါလုပ်ငန်းကဏ္ဍကြီး (၅)ရပ်ကို ချမှတ်ထားပါသည်-

 (က)    အမျိုးသားနိုင်ငံရေးလုပ်ငန်းကဏ္ဍ

 ( ခ)     နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍ

 ( ဂ)     စီးပွားရေးလုပ်ငန်းကဏ္ဍ

 (ဃ)    လူမှုရေးနှင့်သက်သာချောင်ချိရေးလုပ်ငန်းကဏ္ဍ

 ( င)     ပြည်သူ့အကျိုးပြုလုပ်ငန်းကဏ္ဍ

တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်အစိုးရများ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံရေးစွမ်းအားများ တောင့်တင်းခိုင်မာမှုရှိစေရန် ဆောင်ရွက်လျက်ရှိပါသည်။ တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအောက်တွင် စစ်မှုထမ်းဟောင်းအဖွဲ့ကြီးသည်လည်း ဟန်ချက်ညီညီလိုက်ပါဆောင်ရွက်နေပါသည်။ အမျိုးသားနိုင်ငံရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင်များကို သင်တန်းများ တက်ရောက်စေ လျက်ရှိပါသည်။ ယနေ့အချိန်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက်  တပ်မတော်၏  အရန်အင်အားအဖြစ် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့များသည် နယ်မြေကျော်လွန်ပြီး ဌာနေပြည်သူ့စစ်အဖြစ်လည်းကောင်း၊မိမိမြို့နယ်အတွင်း လုံခြုံရေးဆောင် ရွက်ခြင်းဖြင့်လည်းကောင်း၊ စာသင်ကျောင်း၊ ဘဏ်၊ အစိုးရရုံးများ၊ စည်ပင်သာယာဈေးများ၊ ဘူတာရုံ စသည့်အရေးကြီးနေရာများ   လုံခြုံရေးဆောင်ရွက်ခြင်းအဖြစ်လည်းကောင်း တာဝန်များထမ်းဆောင်လျက်ရှိပါသည်။

တပ်မတော်၏ကွပ်ကဲမှုဖြင့် နိုင်ငံတော်အတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအပေါ် တပ်မတော်က သာမန်ရိက္ခာ၊ ရိက္ခာစိုငွေ၊ နေ့တွက်စရိတ်ဆုငွေများ ချီးမြှင့်ပေးခဲ့ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များသည် ရောဂါကုသရေးဌာနများ၊ ရောဂါကာကွယ်ရေးဌာနများ၊ ကာကွယ်ဆေးထိုးနှံရေးဌာနများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည်ကို တွေ့ရှိရပါသည်။ တပ်မတော်အနေဖြင့် တိုင်းပြည်၏ လိုအပ်ချက်အရ အမျိုးသားနိုင်ငံရေး တာဝန်များကို ထမ်းဆောင်နေရချိန်တွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ကြီးအနေဖြင့်လည်း ချမှတ်ပေးထားသည့် လုပ်ငန်း ကဏ္ဍကြီး(၅)ရပ်နှင့် လုပ်ငန်းတာဝန်ကြီး (၇)ရပ်တို့ကို ယခုထက်မက ပိုမိုအောင်မြင်မှုရရှိစေရန် စည်းစည်းလုံးလုံး ကြိုးစား ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။

မိမိတို့နိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သည့်အပြင် အခြားသောနိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ကဏ္ဍစုံ ဆက်ဆံရေးများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။ မည်သည့်နိုင်ငံမည်သည့်အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ဆောင်ရွက်သည် ဖြစ်စေ သမိုင်းစဉ်ဆက်ကျင့်သုံးခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ  မည်သူတရားပျက်ပျက် ကိုယ်မပျက်သောထုံးဖြင့် မိတ်ဝတ်မပျက် ဆက်ဆံလျက်ရှိ၏။ တပ်မတော်သားများသည် အမိနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလေးထားကာကွယ်စောင့်ရှောက်နေကြရသူများဖြစ်သကဲ့သို့ တစ်ခါက စစ်သားဖြစ်ခဲ့ဖူးသည့် စစ်မှုထမ်းဟောင်း ကြီးများသည်လည်း ထာဝရစစ်သားစိတ်ဓာတ်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ထိန်းသိမ်းလျက်ရှိပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်၍ ဆောင်ရွက်လာသည့် မည်သည့်လုပ်ရပ်ကိုမဆို တပ်မတော်၏ ရပ်တည်ချက်နှင့် ထပ်တူကျစွာ ပူးပေါင်းပါဝင်သွားမည်ဖြစ်ပါသည်။ တပ်မတော်တွင်  တာဝန်ထမ်းဆောင်စဉ်က ပေးအပ်သော အမိန့်နှင့်တာဝန်များကို ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့သကဲ့သို့ တပ်မတော်မှအကြောင်းအမျိုးမျိုးဖြင့် အနားယူခဲ့ရချိန်တွင်လည်း ပေးအပ်လာသည့် “စစ်မှုထမ်းဟောင်းအဖွဲ့ဝင်” ဆိုသည့် ဂုဏ်ဒြပ်ပေါ်တွင်လည်း အားရကျေနပ်စွာ တာဝန်ထမ်းဆောင်နေကြသည့် အသက် အရွယ်စုံ စစ်မှုထမ်းဟောင်းကြီးများကို မြင်ရသည်မှာ အားရကြည်နူးဖွယ်ကောင်းလှပါသည်။

အနှစ်ချုပ်ဆိုရလျှင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းကြီးများသည် လူသာအိုသော်လည်း တိုင်းပြည်နှင့်လူမျိုးအတွက်ဆိုပါက စိတ်ကထာဝရ နုပျိုနေကြသူများဖြစ်ပါသည်။ “ရဲရေးရောက်သော်၊ ရွံ့ကြောက်မဲ့တွန်၊ နိုင်ငံ့ဝန်၌၊ ကုမ္ဘဏ်ယက္ခ၊ နာဂခြသေ့ၤ၊ ရင်ဆိုင်တွေ့လည်း၊ ခွာ၍မတွန့်၊ အသက်စွန့်လော့” ဟူသည့်အတိုင်း စွန့်လွှတ်စွန့်စားကြမည့်သူများ ဖြစ်ပါသည်။ စစ်မှုထမ်းဟောင်း ကြီးများသည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်လျက် တိုင်းပြည်ကာကွယ်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများတွင် တပ်မတော်၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတော်အတွက် အသင့်ရှိနေကြပါသည်။ မိမိတို့အားချမှတ်ပေးထားသည့် လုပ်ငန်း တာဝန်များနှင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ကာ တပ်မတော်နှင့်ပြည်သူကြားတွင် ခိုင်မာသည့် ပေါင်းကူးများသဖွယ် ဖြစ်အောင်ကြိုးစားနေသည့် တစ်ခါစစ်သား ထာဝရစစ်သား  စစ်မှုထမ်းဟောင်းကြီးများအား ဤစာစုဖြင့် မော်ကွန်းတင်ပါကြောင်းနှင့် (၂၀၂၁) ခုနှစ် စစ်မှုထမ်းဟောင်းညီလာခံအား ကြိုဆိုဂုဏ်ပြုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။   ။

နွေကံ့ကော်(မြို့လှ)