ဦးဂါကျေးရွာတွင်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူ တပ်မတော်သားသုံးဦးအား ဥပဒေနှင့်အညီအရေးယူနိုင်ရေးဆောင်ရွက်

ဦးဂါကျေးရွာတွင်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူ တပ်မတော်သားသုံးဦးအား ဥပဒေနှင့်အညီအရေးယူနိုင်ရေးဆောင်ရွက်

နေပြည်တော်  စက်တင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသောစစ်ကြောင်းတစ်ခုသည်  ဇွန်  ၃၀ရက်တွင် ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာအနီးအခြေပြုရာမှ ဦးဂါကျေးရွာနေဒေါ်ဦးဌေးဝင်းအား   စစ်သည်သုံးဦးကသားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်းဒေါ်ဦးဌေးဝင်းမှ စစ်တွေမြို့မရဲစခန်း၌အမှုဖွင့်တိုင်ကြားခဲ့သည်။

တပ်မတော်အနေဖြင့် တိုင်ကြားမှုနှင့်ပတ်သက်၍ ဖြစ်စဉ်မှန်ပေါ်ပေါက်စေရေးအတွက် စစ်ဆေးမှုများဆောင်ရွက်ရာတွင်စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရသည့်နယ်မြေဖြစ်ခြင်း၊ စစ်ဆေးရမည့်သံသယရှိသူများအနေဖြင့် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်နေရာဒေသတွင် ရောက်ရှိနေခြင်းတို့ကြောင့် အချိန်အနည်းငယ်ကြန့်ကြာပြီးမှသာ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နိုင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း စစ်စည်းကမ်းဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ သံသယရှိသူများအား စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်း၍ နှစ်ဖက်သက်သေများဖြင့် စနစ်တကျစစ်ဆေးဖော်ထုတ်ခဲ့ရာ ပထမအကြိမ်စစ်မေးရာတွင် ပြစ်မှုကျူးလွန်သူ သုံးဦးမှာ ပြစ်မှုကျူးလွန်ခဲ့မှုမရှိကြောင်းလိမ်လည်ထွက်ဆိုသော်လည်း နှစ်ဖက်သက်သေထွက်ဆိုချက်များမှာ ကွဲလွဲမှုများပြားနေသဖြင့် စက်တင်ဘာလဆန်း၌ ပိုမိုတိကျသည့်စစ်ဆေးချက်များနှင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးမှသာ အဆိုပါပြစ်မှုကျူးလွန်သူသုံးဦးမှာ ပြစ်မှုကျူးလွန်ကြောင်းဝန်ခံထွက်ဆိုဖြောင့်ချက်ပေးခဲ့သည်။

သို့ဖြစ်၍ ပြစ်မှုကျူးလွန်သူ တပ်မတော်သား သုံးဦးအား စစ်တရားရုံးဖွဲ့စည်း၍ပွင့်လင်းမြင်သာစွာ စစ်ဆေးသွားမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူနိုင်ရေးနှင့် ကျန်တာဝန်ရှိသူများအားလည်း စစ်စည်းကမ်းအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။