နိုင်ငံတော်အစိုးရတာဝန်ယူမှု ကိုးလမြောက်၏ မှတ်တိုင်များ

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ သမိုင်းဝင်တော်လှန်ရေးပန်းခြံ၌ ပန်းခြံအတွင်း အများပြည်သူတို့ အပန်းဖြေအနားယူနိုင်ရေးနှင့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နိုင်ရေး ပြင်ဆင်ထားရှိမှု၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)၊  မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်နှင့် အားကစားဇုန်နယ်မြေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

သမိုင်းဝင်အဆောက်အဦအား စနစ်တကျပြုပြင်ထိန်းသိမ်း

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၃၁ ရက်က သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး ပြုပြင်မွမ်းမံနေရာသို့ ရောက်ရှိပြီး လိုဏ်ဂူတော်ကြီးသည် ဘာသာရေးအရ အထွတ်အမြတ်ထားသည့် နေရာတစ်ခုဖြစ်သကဲ့သို့ သမိုင်းဝင်အဆောက်အဦဖြစ်သဖြင့် ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းများကို စနစ်တကျ သုတေသနပြုလုပ် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ 

ထို့နောက် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များနှင့်တွေ့ဆုံပြီး အနုပညာမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်ကြရန် ဆွေးနွေးပြောကြားသည်။ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများတွင် အချို့မှာ စိတ်ခံစားမှုနှင့် လှုံ့ဆော်မှုများကြောင့် မှားယွင်းမှုများရှိခဲ့သော်လည်း ခွင့်လွှတ်ပေးပြီး အရေးယူထားသူများအား ပြန်လွှတ်ပေးခဲ့ကြောင်း၊ နိုင်ငံကောင်းစေရန်အတွက် အနုပညာရှင်များက ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားပြီး အနုပညာရပ်ဝန်း အသီးသီးအတွက် ရန်ပုံငွေကျပ် သိန်း ၄၀၀၀၊ ဆန်အိတ် ၁၀၀၊ ဆီပိဿာ ၅၀၀ နှင့် ပဲပိဿာ ၃၀၀ တို့အား ပေးအပ်ခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်အကြီးစား စက်ရုံလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး  ဆီသယ်ယာဉ်၊ ရေသယ်ယာဉ်၊ အမှိုက်သိမ်းယာဉ်၊ ဆေးဖျန်းယာဉ်နှင့် မီးသတ်ယာဉ်များသည် တပ်မတော်အတွက်သာမက မိမိတို့နိုင်ငံတွင် လိုအပ်လျက်ရှိသည့် မြို့ပြစည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများနှင့်  မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်သဖြင့် အရည်အသွေး ပြည့်မီပြီး အရေအတွက်များများ ထုတ်လုပ်နိုင်ရေး၊ မော်တော်ယာဉ်များ ထုတ်လုပ်ရာတွင် ယခုထက်ပိုမိုကောင်းမွန်ပြီး နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရေး ဆက်လက်သုတေသနပြုသွားရန် လိုကြောင်း မှာကြားသည်။

ပြည်သူများထံသို့ သတင်းစကားဖြန့်ဝေ

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ ၅ ရက်က ကျင်းပခဲ့ရာ နိုင်ငံတော်ဝန်ကြီးချုပ်က သဝဏ်လွှာပေးပို့ခဲ့သည်။ သဝဏ်လွှာအတွင်း ဆရာများနေ့သမိုင်းကြောင်း၊ ရည်ရွယ်ချက်နှင့် ခေတ်မီပြောင်းလဲလာသည့် ယနေ့ခေတ်တွင် ဆရာများ၏ တာဝန်ပိုမိုများပြားလာနေကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (ဃြဗ) ချုပ်ဆိုခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် သဝဏ်လွှာတစ်စောင်ကို အောက်တိုဘာလ ၁၅ ရက်က ပေးပို့ခဲ့သည်။  သဝဏ်လွှာအတွင်း မိမိတို့အစိုးရသည် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NCA စာချုပ်ပါအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး   တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတံခါးဖွင့်ထား သည်ကို အတိအလင်းကြေညာပြီးသား ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့အတူ ပြည်ထောင်စု ဖွားတိုင်းရင်းသားများ အားလုံးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့၌ မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပြီး လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ဖြတ်သန်းမှု အခြေအနေ အရပ်ရပ်တို့အား ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါမိန့်ခွန်းအတွင်း  သဘာဝသယံဇာတများ ပေါကြွယ်ဝတဲ့  မိမိတို့နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး အမြန်ရရှိလေ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး   ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လေဖြစ်မှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေးကို အလေးအနက်ထား အကောင်အထည်ဖော်နေ ချိန်ဖြစ်လို့ ဒီနေ့အချိန်ကာလဟာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရော၊ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များရော တိုင်းပြည်အကျိုးစီးပွား၊ ပြည်သူပြည် သားများအားလုံးရဲ့  အကျိုးစီးပွားကို ရှေးရှုပြီး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းရန်အတွက် အကောင်းဆုံးအချိန် ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ အောက်တိုဘာလ ၁၆ ရက်တွင် ကျရောက်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားသို့ သဝဏ်လွှာတစ်စောင်ကို ပေးပို့ရာတွင် ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များသည် ကျွန်ုပ်တို့၏အနာဂတ် ပိုမိုကောင်းမွန်သောထုတ်လုပ်မှု၊ အာဟာရ၊  သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘဝ ဟူသည့်  ယခုနှစ်  ကမ္ဘာ့စားနပ်ရိက္ခာနေ့ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံသားအပေါင်းတို့၏ လူမှုစီးပွားဘ၀ များနှင့် သဘာဝပတ်ဝန်းကျင် ကောင်းမွန်သာယာ လှပစေရေးအတွက် ဆောင်ရွက်လျက်ရှိနေကြောင်းကို သဝဏ်လွှာအတွင်း ထည့်သွင်းဖော်ပြထားသည်။

လွတ်ငြိမ်းချမ်းသာခွင့်များနှင့် သီတင်းကျွတ်

အောက်တိုဘာလ ၁၈ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်သူလူထုသို့ သီတင်းကျွတ်အခါသမယ မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူနှင့်နိုင်ငံတော်အပေါ် ထိခိုက်မှုကျူးလွန်သူတွေကို ဖော်ထုတ်ပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် စစ်မှန်သည့်ဒီမိုကရေစီ ဖော်ဆောင်နိုင်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်များကို ဆက်လက်ပေးအပ်သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေး အခြေအနေများကို ပြည်သူများသိရှိစေဖို့ နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းရှင်းလင်းပြောကြားရာ၌ မည်သို့ပင်ဖြစ်စေ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်မှာ ဖြစ်ကြောင်းနှင့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် အာဆီယံအပေါင်း အစည်းအဝေးများကို အာဆီယံရဲ့ အခြေခံမူများနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်မယ်လို့ ယူဆပါကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာလ ၂၄ ရက်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်  (၇၆)နှစ်မြောက်  ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ သဝဏ်လွှာပေးပို့ခဲ့ပြီး အဆိုပါ သဝဏ်လွှာအတွင်း မြန်မာနိုင်ငံက ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်မှန်းချက်နှင့် မူဝါဒများကို အခိုင်အမာ ယုံကြည်ကြောင်းနှင့် လူသားများအတွက် တိုးတက်ရှင်သန်သည့်  ကမ္ဘာကြီးတည်ဆောက်နိုင်စေဖို့ ကုလသမဂ္ဂ၏ အပြုသဘောဆောင် ကြိုးပမ်း အားထုတ်မှုများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့သည်။

အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အောက်တိုဘာလ ၁၃ ရက်က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့   အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား အပြန်အလှန် ချိတ်ဆက်မှု အားကောင်းစွာဖြင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းယန္တရားစဉ်ဆက်မပြတ် လည်ပတ်နိုင်ပါက လူမှုစီးပွားဘဝဟန်ချက်ညီမည်ဖြစ်ကာ ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်မည် ဖြစ်သဖြင့် အတူပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာမျက်နှာစာ

အောက်တိုဘာလ ၄ ရက်က အာဆီယံနိုင်ငံရေးနှင့်  လုံခြုံရေးအသိုက်အဝန်းကောင်စီ  အစည်းအဝေး၊  အာဆီယံပေါင်းစပ် ညှိနှိုင်းရေးကောင်စီ အစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်ခဲ့ပြီး  အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမှ ညှိနှိုင်းရေးမှူးတာဝန်ယူလျက်ရှိသည့် အာဆီယံ-တရုတ်ဆွေးနွေးဖက်ဆက်ဆံရေးပိုမိုခိုင်မာစေရေး၊ အာဆီယံ-တရုတ် နှစ် (၃၀) ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကျင်းပနိုင်ရေးတို့အပြင် အာဆီယံခေါင်းဆောင်များ အစည်းအဝေး၏ တူညီဆန္ဒငါးချက် အကောင်အထည်ဖော်လျက်ရှိသည့် အခြေအနေနှင့် အထူးကိုယ်စားလှယ်၏    မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ နှစ်ဖက်ဆွေးနွေးညှိနှိုင်းသည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။

အောက်တိုဘာလ ၁၂ ရက်က ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နှစ်(၆၀)ပြည့် အထိမ်းအမှတ် အဆင့်မြင့် အစည်းအဝေးကို အောက်တိုဘာလ ၁၁ ရက်နှင့် ၁၂ ရက်တွင် ဆားဘီးယားနိုင်ငံ၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတက်ရောက်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ဂုဏ်ယူကြောင်းနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ကြိုးပမ်းနေချိန်တွင် ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ဝင်များ၏ ထောက်ခံနားလည်မှု၊ အပြုသဘောပူးပေါင်းမှုတို့ကို ဆက်လက်ရရှိစေဖို့ မျှော်လင့်ပါကြောင်း အလေးထား၍ ထည့်သွင်းပြောကြားခဲ့သည်။

(၉)ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များ ကောင်စီအစည်းအဝေး၊  ndo-ASEAN Business Summit & Expo ၊  ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အုပ်စုဝန်ကြီးများ အစည်းအဝေး၊  ကုလသမဂ္ဂဇီဝမျိုးစုံမျိုးကွဲညီလာခံ အဖွဲ့ဝင်နိုင်ငံများ၏ (၁၅)ကြိမ်မြောက် ဝန်ကြီးများအဆင့် အစည်းအဝေး၊  ITU Digital World 2021 ၂၀၂၁ အစည်းအဝေး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသည့် Russian Energy Week International Forum ၊ အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ၊ သတ္တမအကြိမ် အာဆီယံနိုင်ငံများ မူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးများ၊  (၃၅) ကြိမ်မြောက် အာဆီယံအရင်းအနှီး ဈေးကွက်ဥက္ကဋ္ဌများ အစည်းအဝေး စသည့် အာဆီယံ၊ ဒေသတွင်းမိတ်ဖက် အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများ၊  အစည်းအဝေးများသို့  ကဏ္ဍအလိုက် တာဝန်ရှိသူများက ယခုလအတွင်း တက်ရောက်၍ ဆွေးနွေးခဲ့သည်ကို မြင်တွေ့ရသည်။

အကြိမ် (၂၀) မြောက်  အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီ အစည်းအဝေး၊ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့်  The Future of Tourism World Summit၊ (၁၁)ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး၊ (၄၃)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် (၂၁) ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၊ (၁၆) ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပစဉ် (၅)ကြိမ်မြောက် ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသောမြို့ကြီးများဆုကို  မြန်မာနိုင်ငံမှ ညောင်ဦးမြို့ကို ရွေးချယ်ပေးအပ်ခြင်းခံရသည်မှာလည်း ဝမ်းမြောက်ဖွယ်သတင်းတစ်ရပ်ပင်ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၁) ကြိမ်မြောက် အာဆီယံ လေကြောင်းကြားဖြတ်စစ်ဆေးရေး အထူးအဖွဲ့အစည်းအဝေးကို အောက်တိုဘာ လ ၂၈ ရက်က ကျင်းပခဲ့သည်။

နိုင်ငံတကာဖိအားများ

နိုင်ငံခြားရေးဝန်ကြီးဌာနသည် အောက်တိုဘာလ ၉ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်ဝါဒနှင့်  အစွန်းရောက်ဝါဒတို့ကို လျစ်လျူရှုခြင်းမပြုကြရန်၊  တရားမဝင်အဖွဲ့အစည်းနှင့်  အကြမ်းဖက်အဖွဲ့အစည်းများဖြစ်ကြသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ထိတွေ့ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် ထောက်ခံ အားပေးခြင်း၊ နိုင်ငံများ၌ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခွင့်ပြုခြင်းများမှာ နိုင်ငံတော်အစိုးရ၏ စည်းကမ်းပြည့်ဝသောဒီမိုကရေစီစနစ် တည်ဆောက်ရေး ကြိုးပမ်းမှုကို ထိခိုက်စေသည့်အပြင် အချုပ်အခြာအာဏာပိုင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာ ရောက်ကြောင်း အလေးအနက်ထောက်ပြထားသည်။ အကြမ်းဖက်မှုများကို မြန်မာနိုင်ငံနှင့်အတူ လက်တွဲတိုက်ဖျက်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာနက မျှော်လင့်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၄ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနမှ  အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏  မြန်မာနိုင်ငံဆိုင်ရာ  အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့လာရောက်မည့် ကိစ္စနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ရာတွင် မြန်မာနိုင်ငံမှ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ် ဖြစ်မြောက်ရေးအတွက် လိုက်လျောမှုများကို  ဆောင်ရွက်ပေးခဲ့သည့် အခြေအနေ၊  အချို့ကိစ္စရပ်များမှာ ဆောင်ရွက်ပေးရန် အခက်အခဲများနှင့် ဥပဒေလုပ်ထုံး လုပ်နည်းများကြောင့် နားလည်ပေးရန် လိုအပ်သည့် အခြေအနေများနှင့် အာဆီယံပဋိညာဉ်နှင့် အာဆီယံစိတ်ဓာတ်တို့ကို အခြေခံပြီး ဘက်လိုက်မှုမရှိ ဆောင်ရွက်သည်ကို မြန်မာနိုင်ငံက ကြိုဆိုသည့် အခြေအနေတို့ကို ထည့်သွင်းဖော်ပြထားသည်ကို မြင်တွေ့ခဲ့ရသည်။

အာဆီယံ၏ရည်ရွယ်ချက်နှင့် ဆန့်ကျင်နေသည့်အတွက် ကန့်ကွက်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် အောက်တိုဘာလ ၁၆ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ရာတွင် အထူးအစည်းအဝေး၌ အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့   ဆွေးနွေးခဲ့သည့် အာဆီယံ အစည်းအဝေးများ တက်ရောက်ရေး ကိစ္စအပါအဝင် ကိုယ်စားပြုမှု ဆိုင်ရာ ကိစ္စများနှင့် တူညီဆန္ဒမရှိဘဲ ဆောင်ရွက်ခဲ့မှုများသည် အာဆီယံ၏ ပဋိညာဉ်စာတမ်းနှင့် အခြေခံမူများတွင် ပြဋ္ဌာန်းထားမှုမရှိခြင်း၊ အာဆီယံ၏ ရည်ရွယ်ချက်တို့နှင့် ဆန့်ကျင်ကြောင်း တွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လွန်စွာစိတ်ပျက်မိပြီး ပြင်းထန်စွာ ကန့်ကွက်ထားသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံအဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုနှင့် အချက်အချာကျမှု စသောရေရှည် အကျိုးစီးပွားများကို ရည်မျှော်၍ အာဆီယံပဋိညာဉ်စာတမ်းပါ လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်ရာပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်သွားရန် တိုက်တွန်းထားသည့် သတင်းထုတ်ပြန်ချက်ကို အောက်တိုဘာလ ၂၂ ရက် ရက်စွဲဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂအဖွဲ့၏ ရည်ရွယ်ချက်၊ မူဝါဒများနှင့် ဆန့်ကျင်သည့် အစီရင်ခံစာနှင့် ဆွေးနွေးမှုများကို မြန်မာနိုင်ငံက လက်မခံပယ်ချသည့် သတင်းထုတ်ပြန်ချက်တစ်စောင်ကို အောက်တိုဘာလ ၂၄ ရက် ရက်စွဲဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် အောက်တိုဘာလ ၂၅ ရက်က ထုတ်ပြန်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အတွင်း အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့်  အာဆီယံပဋိညာဉ်စာတမ်း၏ နောက်ဆက်တွဲ သဘောတူညီချက်များနှင့်အညီသာ   မြန်မာနိုင်ငံ ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်းပါရှိသည်။ ထို့အတူ အောက်တိုဘာလ ၂၆ ရက်က နိုင်ငံခြားရေး ဝန်ကြီးဌာနသည် အာဆီယံနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားကို သတင်းထုတ်ပြန်ခဲ့ရာတွင်   အာဆီယံပဋိညာဉ် စာတမ်းပါမူများ၊ အစဉ်အလာများနှင့်အညီ အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ရရှိသင့်သည့် အခွင့်အရေးကို တောင်းဆိုခြင်းဖြစ်၍ ညှိနှိုင်းဆောင်ရွက်လိုသည့် သဘောထားကို ပြသခြင်းဖြစ်ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။       

ငြိမ်းချမ်းရေးမှသည်

အောက်တိုဘာလ ၁၅ ရက်တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၆)နှစ် မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့်   တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံပွဲကို အောက်တိုဘာလ ၁၅ ရက်က ကျင်းပခဲ့ရာ ကော်မတီဝင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ကို မြင်တွေ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင်သူ ၁၁၄ ဦးတို့အား ထိုနေ့တွင်ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေးကိုရှေးရှုကာ အမှုမှပိတ်သိမ်းပေးခဲ့သည်။

ဥပဒေရေးရာ

ဥပဒေများပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်းများကို ခေတ်စနစ်နှင့် လျော်ညီမှု ရှိစေရန်အတွက် ဆောင်ရွက်ပေး လျက်ရှိရာ ယခုလအတွင်း အောက်တိုဘာလ ၆ ရက်က နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင် သည့်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထို့အတူ စက်တင်ဘာလ ၃၀ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ အမျိုးသားစီမံကိန်းဥပဒေ၊ ၂၀၂၁ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွက် ပြည်ထောင်စုဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေများကို အတည်ပြုထုတ်ပြန်ခဲ့ပြီး ယင်းဥပဒေများသည် အောက်တိုဘာလ ၁ ရက်တွင် စတင်အကျိုးသက်ရောက်သည်ကိုလည်း မြင်တွေ့ရပါသည်။

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ပါဝင်သည့် အထူးအယူခံရုံးသည် အောက်တိုဘာလ ၁၁ ရက်က တရားမအထူးအယူခံမှုလေးမှုကို စီရင်ချက်ချမှတ်ခြင်း၊ ရာဇဝတ်အထူးအယူခံမှု ခြောက်မှုကို ရုံးထိုင်ကြားနာခြင်းများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အောက်တိုဘာလ ၁၈ ရက် ရက်စွဲဖြင့် ၂၀၁၈ ခုနှစ် မြန်မာသမိုင်း အဖွဲ့ဥပဒေကို  ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်းခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်က တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကိုပြဋ္ဌာန်းခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် အောက်တိုဘာလ ၁၁ ရက် ရက်စွဲဖြင့် တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် စကားရပ်များပြောင်းလဲ သတ်မှတ်သည့် ဥပဒေတို့ကို ပြဋ္ဌာန်းခဲ့သည်။ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှ အကျဉ်းသား/သူ ၁၃၁၆ ဦးတို့အား ကျန်ရှိသော ပြစ်ဒဏ်များအပေါ်  လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်၊ ဆူပူဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ တရားစွဲဆိုခြင်း ခံနေရသူ ၄၃၂၀ တို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများ   ပိတ်သိမ်းခြင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အောက်တိုဘာလ ၁၈ ရက်တွင် အမိန့်ချမှတ်ပေးခဲ့သည်။ ဆူပူဆန္ဒပြမှု ဖြစ်စဉ်များတွင် လူမှုကွန်ရက်အသုံးပြု၍ ဆန့်ကျင်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သဖြင့် အရေးယူ ထားသည့် အနုပညာရှင်များနှင့် လူမှုကွန်ရက်ပေါ်မှ လူသိများသူများအား အရေးယူခြင်း ခံရသူများအနက်မှ ၃၄ ဦးအား အမှုပိတ်သိမ်းပေးခဲ့သည်။ ယင်းသို့ လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသည့်အပြင် ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် နိုင်ငံတော်တည်ဆောက်ရာတွင် ပါဝင်နိုင်စေရေး ရည်ရွယ်ဆောင်ရွက် ပေးခြင်းလည်း ဖြစ်သည်။