ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကျွန်းတောလမ်းတို့ကို ဗြိတိန်အစိုးရ၏ ရန်ပုံငွေ ဒေါ်လာ ၃ ဒသမ ၄ သန်းပံ့ပိုးမှုဖြင့် အဆင့်မြှင့်တင်မည်

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကျွန်းတောလမ်းတို့ကို ဗြိတိန်အစိုးရ၏ ရန်ပုံငွေ ဒေါ်လာ ၃ ဒသမ ၄ သန်းပံ့ပိုးမှုဖြင့် အဆင့်မြှင့်တင်မည်

ဗြိတိန် (ယူကေ)အစိုးရသည် ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းလမ်းနှင့် ကျွန်းတောလမ်းအပါအဝင်    လမ်းနှစ်လမ်း၏ ဒီဇိုင်းများ ပြန်လည်ရေးဆွဲနိုင်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ သန်းကို ရန်ပုံငွေအဖြစ် ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အခြေစိုက်ဗြိတိန်သံရုံး၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ဒေသခံ လူ့အဖွဲ့အစည်းအားလုံး အကျိုးဖြစ်ထွန်းစေဖို့အတွက် မြန်မာနိုင်ငံရဲ့ မြို့တွေကို  ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တဲ့နေရာမှာ ယူကေနိုင်ငံရဲ့ မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ကျွမ်းကျင်မှုတွေကိုသုံးပြီး ပါဝင်ကူညီခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ ဝမ်းမြောက်မိပါတယ်။ ဒီစီမံကိန်းဟာ နောင်လာမယ့်မြန်မာနိုင်ငံရဲ့ မြို့ပြစီမံကိန်းတွေ အတွက် စံနမူနာကောင်းတစ်ခုဖြစ်လာမှာပါ။ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထု အားလုံး ပါဝင်တဲ့ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးကို  အတူလက်တွဲလုပ်ဆောင် နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် ဒန်ချက်က ပြောသည်။

အဆိုပါစီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC)နှင့် လက်တွဲ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်။ ပန်းဆိုးတန်းလမ်းနှင့် ကျွန်းတောလမ်းတို့ကို အဓိကထား အဆင့်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ရပ်ကွက်နေပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ လမ်းအသုံးပြုသူများနှင့် အသေးစိတ်ညှိနှိုင်း တိုင်ပင်မှုများ ပြုလုပ်ကာ လမ်းဒီဇိုင်းရေးဆွဲရာတွင် ထည့်သွင်းစဉ်းစား အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်းစီမံကိန်းကို အသေးစိတ်အကဲဖြတ်မှုများပြုလုပ်ပြီး ပန်းဆိုးတန်းလမ်းနှင့် ကျွန်းတောလမ်းတို့ကို ရန်ကုန်မြို့ရှိလမ်းများ၏ ရှေ့ပြေးစီမံကိန်းအနေဖြင့် စတင် လုပ်ဆောင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပန်းဆိုးတန်းလမ်းသည် မြို့လယ်ဧရိယာအတွက်   အရေးပါသော သမိုင်းဝင်နေရာ တစ်နေရာဖြစ်ပြီး ကျွန်းတောလမ်းသည်လည်း အသုံးပြုသူ များပြားသည့် ဆင်ခြေဖုံးလမ်းတစ်လမ်းဖြစ်ကြောင်း သိရသည်။

အင်ဂျင်နီယာအတိုင်ပင်ခံ ကုမ္ပဏီဖြစ်သည့် Mott MacDonald သည် ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့်အတူ စီမံကိန်းကို ဦးဆောင်လုပ်ကိုင်သွားမည်ဖြစ်ပြီး ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အခြားအစိုးရဌာနများနှင့်လည်း လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုစီမံကိန်း၏ လိုအပ်ချက်အရ ရပ်ရွာနေပြည်သူလူထုနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်ရမည် ဖြစ်သော်လည်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေး လမ်းညွှန်ချက်များကိုလိုက်နာကာ အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက် ခြင်းများကိုသာ ပြုလုပ်သွားမည်ဖြစ်သည်။ ဒီဇိုင်းရေးဆွဲပြီးပါက ဆောက်လုပ်ရေး လုပ်ငန်းများကို ၂၀၂၁ ခုနှစ်တွင်စတင်မည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)