လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများပြီးစီး
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကန့်ဘလူ မြို့နယ်အတွင်း တိုးချဲ့ဆောင်ရွက်နေသော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ သိရသည်။ အဆိုပါ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအတွက် ယခုနှစ် ဘတ်ဂျက်တွင်တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေကျပ်၈၈၁ ဒသမ ၈၉၃ သန်းဖြင့် ပစ္စည်းတင်ဒါ၊ လုပ်ငန်းတင်ဒါများခေါ်ယူ၍ တည်ဆောက်ရေးလုပ်ငန်းများကို ရှင်းသန့်ဇော် ကုမ္ပဏီ၊ သလ္လာပါဝါကုမ္ပဏီ၊ Delimax Myanmar Co.,Ltd.၊ Black Eagle Co.,Ltd. နှင့် သလ္လာရွှေမြေကုမ္ပဏီတို့က တင်ဒါအောင်မြင်တာဝန်ယူတည်ဆောက်ခြင်းဖြစ်သည်။
ကန့်ဘလူမြို့ပေါ်ရပ်ကွက်များရှိ အိမ်ထောင်စုများ ဝန်အားနိုင်နင်းစွာသုံးစွဲနိုင်ရေး၊ ဗို့အား ပြည့်ဝစွာ သုံးစွဲနိုင်ရေးနှင့် ဓာတ်အားမရရှိသေးသော ကျေးရွာ ၁၁ ရွာဓာတ်အားရရှိရေး အတွက် ၃၃ ကေဗွီ ဓာတ်အားလိုင်း သုည ဒသမ ၅ မိုင်၊ ၁၁ ကေဗွီဓာတ်အားလိုင်း ၁၀ ဒသမ ၇၆ မိုင်၊ ၄၀၀ဗို့အားလိုင်း ၃ မိုင်၊ ၁၁/သုည ဒသမ ၄ကေဗွီ ထရန်စဖော်မာ ၁၆ လုံးတို့ကို အသစ်တည်ဆောက်ခြင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ ၄၀၀ ဗို့ဓာတ်အားလိုင်းမှ သစ်သားတိုင် ၄၅၀ ကို ကွန်ကရစ်တိုင်သံ လက်တန်းများဖြင့် လဲလှယ်ခြင်းတို့ ဆောင်ရွက်ကြောင်း မြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးအောင်သူမြင့်က ပြောသည်။ ထို့ပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်းအမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း ပထမအဆင့် (NEP Phase-1) အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ်အတွင်းကျေးရွာ ၂၆ ရွာကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)