နိုင်ငံတော်အစိုးရတာဝန်ယူမှု ကိုးလမြောက်၏ မှတ်တိုင်များ

နိုင်ငံတော်အစိုးရတာဝန်ယူမှု ကိုးလမြောက်၏ မှတ်တိုင်များ

ယမန်နေ့မှ အဆက်

ရွေးကောက်ပွဲကော်မရှင်

နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ စစ်ဆေးခြင်းများကို အောက်တိုဘာလအတွင်း ဆက်လက် ဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများအား စနစ်တကျဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးခြင်း စသည်တို့ကိုပြုလုပ်လျက်ရှိသည်။

လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်

မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းကို အောက်တိုဘာလ ၁ ရက်က ထုတ်ပြန်ခဲ့ရာ ခန့်မှန်းလူဦးရေစာရင်းမှာ ၅၅ ဒသမ ၃ သန်း ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရှိရသည်။  အဆိုပါခန့်မှန်းစာရင်းမှာ  ၂၀၁၄ ခုနှစ်၊  လူဦးရေနှင့်  အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံထုတ်ပြန်ထားခြင်းဖြစ်ပြီး ကျား ၂၆ ဒသမ ၅ သန်းနှင့် မ ၂၈ ဒသမ ၈ သန်းဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်လာနိုင်မှုရှိသည့်အတွက် ရုပ်သံရိုက်ကူးရေးလုပ်ငန်းများကို ကန့်သတ်ချက်များနှင့်အညီ စတင်ဆောင်ရွက် ခွင့်ပြုခဲ့ပြီး အောက်တိုဘာလ ၉ ရက်က ပုဂ္ဂလိကရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းခွင်နှင့် အောက်တိုဘာလ ၁၂ ရက်က မြဝတီ မီဒီယာစင်တာ၌ ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့အတူ ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်သူများ အပန်းပြေ၊ ပျော်ရွှင်စေရန်နှင့် စိတ်ဓာတ်ခွန်အား ရရှိစေရန်ရည်ရွယ်၍  ရုပ်သံရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိသည့်အပြင် အနုပညာရှင်များ၏ ပူးပေါင်းပါဝင်မှု ဖြင့် ဖျော်ဖြေရေးများတင်ဆက်နိုင်ရန် ကြိုးပမ်းပေးလျက်ရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်း စီစဉ်မှုဖြင့် ရုပ်ရှင်လောကသားများနှင့် မိသားစုဝင်များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အဖြစ် အောက်တိုဘာလ ၅ ရက်က ထိုးနှံပေးခဲ့သည်။ ထို့အတူ အောက်တိုဘာလ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံပိုင်ရုပ်ရှင်ရုံ ၁၃ ရုံနှင့် ပတ်သက်၍ တာဝန်နှင့်ဝတ္တရားများ လွှဲပြောင်းသည့် စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။   

ပြန်ကြားရေး ဝန်ကြီးဌာနက စီမံခန့်ခွဲလျက်ရှိသည့် ရုပ်ရှင်ရုံများအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များအား  ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းများဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ထို့အတူ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ ယာယီအမှုဆောင်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အောက်တိုဘာလ ၁၂ ရက်က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတွေ့ဆုံခဲ့ပြီး ရုပ်ရှင်နှင့် ဂီတလောက တိုးတက်ထွန်းကားရေးဆိုင်ရာ  အစီအမံများ၊  ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ညှိနှိုင်းပေးရန်ရှိသည့်အရာများအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရှိရသည်။

တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊  သာသနာနွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာအသီးသီးမှ ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ် ပစ္စည်းများကို လှူဒါန်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းတို့ကို နယ်မြေအသီးသီးရှိ နယ်မြေခံစစ်ဌာနချုပ်အသီးသီးတွင် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် ကျန်းမာရေးဦးစီးဌာနများ၊  ပြည်သူ့ဆေးရုံများနှင့် ပရဟိတအသင်းအဖွဲ့များထံသို့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်း များကို တပ်မတော်မိသားစုများ၊ စေတနာရှင်အလှူရှင်များက စုပေါင်းလှူဒါန်းပေးအပ်နေသည်ကို ယခုလအတွင်း မြင်တွေ့ရသည်။

အခါကြီးရက်ကြီးဘုရားဖူးများစည်ကား

သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အောက်တိုဘာလ ၂၀ ရက်က တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၌ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိပြီး သီတင်းကျွတ်မီးထွန်းပွဲတော်များကျင်းပခြင်း၊ ကုသိုလ်ဒါနပြုကြခြင်းတို့ကို အနယ်နယ်အရပ်ရပ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ပြန်လည်ကျင်းပခွင့်ရရှိခဲ့သည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင်ရသည်။

ချင်းပြည်နယ်အတွင်းရှိ   တိုက်ပွဲရှောင်ပြည်သူများအား နေရပ်အသီးသီးသို့ ပြန်လည်ကူညီပို့ဆောင်ခြင်း၊ နေအိမ်များ ပြန်လည်ပြုပြင် ခြင်း၊ ကျေးရွာများ၌ မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးခြင်းတို့ကို ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးနေသည်ကို အောက်တိုဘာလ ၂၈ ရက်က သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်နှင့် ကျွန်းစုခရီးစဉ်အမြန်ရေယာဉ်ကို လူဦးရေကန့်သတ်ချက်ဖြင့်  ပြန်လည်ပြေးဆွဲနေသည်ကို အောက်တိုဘာလ ၄ ရက်က သိရသည်။ ရန်ကုန် - ကော့သောင်း၊ ရန်ကုန် - ကလေး လေကြောင်းလိုင်းများကို ကျန်းမာရေး ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အောက်တိုဘာလ ၁၆ ရက်က စတင်ပျံသန်းပြေးဆွဲပေးနေပြီဖြစ်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်းမှ သိရပါသည်။

ပြည်သူများသတင်းမှန်ရရှိရေး

ပြန်ကြားရေးဝန်ကြီးဌာနသည် သတင်းမီဒီယာလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ သတင်းအချက်အလက် မှန်ကန်စွာ ရရှိရေးအတွက်  နည်းလမ်းပေါင်းစုံဖြင့်ကြိုးပမ်းလျက်ရှိရာ သတင်းမီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည်များကို ကူညီပေး လျက်ရှိပြီး တစ်ဖက်တွင်လည်း   ကျင့်ဝတ်သိက္ခာစောင့်ထိန်းရန်လိုအပ်သည့် မီဒီယာများ၊ သတင်းမှား၊ သတင်းအတုများ တမင်ဖန်တီး ထုတ်လွှင့်သူများကို ဥပဒေနှင့်အညီ ဖော်ထုတ်တားဆီးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်အတွင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့သည် အောက်တိုဘာလ ၂၃ ရက်က သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ရာတွင် တပ်မတော်က နိုင်ငံတော်တာဝန်ကို ရယူခဲ့ပြီးနောက် ဖြစ်ရပ် အခြေအနေမှန်များနှင့် အာဆီယံ အထူးကိုယ်စားလှယ် ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ အလေးထားဆောင်ရွက်ခဲ့မှုများနှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့ခြင်း ဖော်ပြပါ ရှိသည်။ ထို့ပြင် နိုင်ငံတော်အစိုးရ၏သဘောထားဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်အတိုင်း ခိုင်မာတိကျစွာဆောင်ရွက်သွားမည်၊ အာဆီယံ၏သဘောတူညီချက် (၅) ရပ်အတိုင်း လုပ်ငန်းစဉ်များအား အတတ်နိုင်ဆုံး    ပူးပေါင်း ဆောင်ရွက်သွားမည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်လက်လိုက်နာဆောင်ရွက်မည်ဟု ဖော်ပြထားသည်။

ကျန်းမာရေးစောင့်ရှောက်မှု

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသည့်  Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ လေးသန်းသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အောက်တိုဘာလ ၂ ရက်တွင် ရောက်ရှိခဲ့သည်။ ထို့အတူ အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် Covishield အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ တစ်သန်းသည် အောက်တိုဘာလ ၉ ရက်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ  လှူဒါန်းသည့် ကာကွယ်ဆေးတစ်သန်းသည် အောက်တိုဘာလ ၁၃ ရက်နှင့် အောက်တိုဘာလ ၁၄ ရက်တွင် ကာကွယ်ဆေးတစ်သန်း Doses ၊ အောက်တိုဘာလ ၁၅ ရက်တွင် ကာကွယ်ဆေးအကြိမ်ရေ လေးသန်း၊ အောက်တိုဘာလ ၂၂ ရက်တွင် ကာကွယ်ဆေး လေးသန်းတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။

ပြည်ပမှတင်သွင်းရောက်ရှိလာခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်များဖြင့် အချိန်မဆိုင်း ပို့ဆောင်ပေးလျက်ရှိပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ကာကွယ်ဆေးထိုးနှံရမည့် သတ်မှတ်အုပ်စုများအလိုက် အပြင် IDPs စခန်းများ၊ အကျဉ်းစခန်းများ၊ ပင်လယ်ပျော် ဆလုံတိုင်းရင်းသားများပါမကျန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှု များကို ယခုလအတွင်း ဆောင်ရွက်ပေးခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ အောက်တိုဘာလ ၅ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်စောင်ကို  ထုတ်ပြန်ထားခဲ့သည်။ GAVI COVAX Facility မှ ကျန်းမာရေးဝန်ကြီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း ပူးတွဲဆောင်ရွက်ရန် ညှိနှိုင်းနေမှုနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ COVAX အစီအစဉ်သည် အခြားနိုင်ငံများတွင် လေးကျော့အထိ ဖြန့်ဝေနိုင်ခဲ့သည့်တိုင် မြန်မာ နိုင်ငံသို့ ဆေးတစ်လုံးမျှ ရောက်မလာသေးဘဲ အကြိမ်ကြိမ်ညှိနှိုင်းနေရသည့်အခြေအနေနှင့် မိမိတို့ပြည်သူများအတွက် ကာကွယ် ဆေးများကို ဖြည့်တင်းဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ကြီးဌာန၏ အစီအမံများကို သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ထိုးနှံပေး

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်စေဖို့ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်းနှင့်  အထက်တန်းကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာလ ၁၂ ရက်က တစ်ပြည်လုံးအတိုင်းအတာဖြင့် စတင်ထိုးနှံပေးခဲ့သည်။  အောက်တိုဘာလ ၂၅ ရက်အထိ ကာကွယ်ဆေး ထိုးနှံခြင်းကာလ အဖြစ် လျာထား သတ်မှတ်ဆောင်ရွက်နိုင်ခဲ့သည့်အပြင် အောက်တိုဘာလ ၂၃ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို ကြည့်ရှုအားပေးခဲ့သည်ကို မြင်တွေ့ရသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း အခြေခံပညာကျောင်းများ ပြင်ဆင်ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ယခုအခါ ကျောင်းသား/ကျောင်းသူ များ စာသင်ခန်းသို့ ပြန်လည်ရောက်ရှိနေကြသည်ကို ဝမ်းမြောက်ဖွယ်မြင်တွေ့ခွင့်ရပြီ ဖြစ်သည်။ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများသည် ကာကွယ်ဆေး တစ်ကြိမ်မျှမထိုးနှံရသေးသူများကို ဦးစားပေးခြင်း၊ နိုင်ငံအတွင်း ကာကွယ်ဆေး လွှမ်းခြုံမှု မြင့်မားစေခြင်းတို့အတွက် အခမဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းတွင် လာရောက်၍  တတိယအကြိမ် ကာကွယ် ဆေးထိုးနှံခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၃ ရက်က မေတ္တာရပ်ခံထားခဲ့သည်။

နေအိမ်တွင်နေထိုင်ခြင်းအစီအစဉ်များဖြေလျှော့

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်အား မိမိနေအိမ်တွင်နေထိုင်ရန်  Stay at Home အစီအစဉ်မှ ကျန်းမာရေး ဝန်ကြီးဌာနက ပယ်ဖျက်ပေးခဲ့ပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြော ရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည့်အပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ လည်း သက်ဆိုင်ရာမြို့နယ်များ၌  Quarantine Center များ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ မှတ်တမ်းတင်ခြင်း၊ ကာကွယ်ဆေးသုံးစွဲမှုနှင့် ဆေးထိုး လုပ်ငန်းလွှမ်းခြုံမှုကို ကြီးကြပ်ခြင်း၊ ကာကွယ်ဆေးထိုးကတ်ပြားများ ထုတ်ပေးခြင်း စသည့်လုပ်ငန်းများအတွက် ကာကွယ်ရေး ဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးပြုလျက်ရှိသည့် ကာကွယ်ဆေးထိုးသတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် (Vaccination Management Information System-VMIS) သည် Asian-Oceanian Computing Industry Organization (ASOCIO)  အဖွဲ့အစည်းမှ  ၂၀၂၁ ခုနှစ်အတွက် ပြုလုပ်သည့် ASOCIO ICT Award တွင် Digital Government Award ရရှိခဲ့သည်မှာလည်း နိုင်ငံအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာပင်  ဖြစ်ပါသည်။

ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် ဒေသအသီးသီးရှိ အားကစားကွင်းများ၊ အားကစားရုံများကို ပြန်လည်အဆင့်မြှင့်တင်ခြင်း၊  အားကစားနည်းများအလိုက် လေ့ကျင့်ရေးစခန်းများ ဖွင့်လှစ်ခြင်းကို အောက်တိုဘာလအတွင်း မြင်တွေ့ရပြီး စစ်တွေမြို့၌ အားကစားနှင့် ကာယပညာသိပ္ပံအဆောက်အအုံကို ဖွင့်လှစ်ရန်ကြိုးပမ်းနေပြီး ယင်းအဆောက်အအုံတွင် ပြေးခုန်ပစ် အားကစား နည်းအတွက် လေ့ကျင့်ရေးစခန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၇ ရက်က သိရသည်။

စီးပွားရေးရာ ဆောင်ရွက်မှုများ

ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့သူများသည် ပို့ကုန်ရငွေကို ပို့ကုန်တင်ပို့သည့်နေ့မှ သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်စာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက်ထည့်သွင်းရမည့် အမိန့်ကြော်ငြာစာကို မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က အောက်တိုဘာလ ၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေးကို အောက်တိုဘာလ ၁၈ ရက်က ကျင်းပခဲ့ပြီး အစည်းအဝေးအတွင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေး ကဏ္ဍအား အကူအညီပေးနိုင်မည့် အစီအမံများကို ချမှတ်နိုင်ခဲ့သည့်အပြင် ကိုဗစ် - ၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာ များအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးမည့် ချေးငွေလျှောက်ထားနိုင်ကြောင်းကို အဆိုပါ ကော်မတီက အောက်တိုဘာလ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။ ရုရှား-မြန်မာ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှုများ ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို အောက်တိုဘာလ ၂၆ ရက်က နှစ်နိုင်ငံတာဝန်ရှိသူများက အသီးသီး လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီဖြစ်သည်။ ထို့ပြင် ရုရှားနိုင်ငံသို့ လယ်ယာထွက်ကုန်များ  တင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများက   ညှိနှိုင်း ဆောင်ရွက်နေကြပြီဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ  ပြည်ပမှ လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ  နှောင့်နှေးကြန့်ကြာမှုမရှိ  အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်ပမှပြန်လည်ရောက်ရှိလာသူများကိုလည်း စနစ်တကျလက်ခံခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စောင့်ကြည့်ကုသပေးခြင်းနှင့် နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၃၇၀၀ နှုန်းဖြင့်  စားအုန်းဆီရောင်းချ ဖြန့်ဖြူးပေးလျက်ရှိရာ အောက်တိုဘာလ ၆ ရက်အထိ ပိဿာ ၄၆၀၃၇၂၀၊ တန်ချိန် ၇၅၂၂ တန်အထိ ရောင်းချပေးနိုင်ခဲ့သည်။ အများပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် အထူးဈေးနှုန်းဖြင့်ဝယ်ယူနိုင်မည့်  စက်သုံးဆီအရောင်းဆိုင်များကို တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ရောင်းချပေးခဲ့ပြီး သတ်မှတ်ဈေးဖြင့် ရောင်းချနိုင်ရေး၊ အခြင်အတွယ်မှန်ကန်ပြည့်မီစေရေးတို့ကို စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။  ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆေးနှင့်ဆေးပစ္စည်းများနှင့် စားသောက်ကုန်များကို ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကား ရောင်းချပေးလျက်ရှိသည့်အစီအစဉ်ကို အောက်တိုဘာလအတွင်း တိုးချဲ့လုပ်ဆောင်ခဲ့သဖြင့် ပြည်သူများ လွယ်ကူသက်သာစွာ ဝယ်ယူနိုင်ခဲ့ပါသည်။ ထို့အတူ ဆေးဝါးများ၏ ပေါက်ဈေးများကိုလည်း အများသူငါသိရှိ စေရန် အသိပေးဖြန့်ဝေလျက်ရှိသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေး

၂၀၂၁ ခုနှစ် မိုးစပါးနှင့် ၂၀၂၂ ခုနှစ် နွေစပါးတို့အတွက် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့မှ  အခြေခံရည်ညွှန်း စပါးဈေးနှုန်းများကို အောက်တိုဘာလ ၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ အစိုဓာတ် သတ်မှတ်ချက်၊ အရည်အသွေးစံချိန်စံညွှန်းပြည့်မီသည့် တစ်တင်း (၄၆ ပေါင်ကိုက်) စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို ငွေကျပ် ၅၄၀၀၀၀ ဟု သတ်မှတ်ကြေညာထားသည်။ တောင်သူလယ်သမားများအတွက် ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပြန်ပေးဆပ်ရန်နှင့် ကိုဗစ်-၁၉ အထူးချေးငွေပြန်ပေးဆပ်ရန် နောက်ဆုံးရက်တို့ကို ဒီဇင်ဘာလ ကုန်အထိ တိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ အောက်တိုဘာ လ ၁ ရက်တွင် အသိပေးကြေညာခဲ့သည်။

လူ့စွမ်းအားအရင်းအမြစ်

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၁၀ ခုမှ လစ်လပ်နေသည့် ပြန်တမ်းဝင်အရာရှိအဆင့် ၁၉၅ နေရာအတွက် ရေးဖြေစစ်ဆေးခြင်းပြီးဆုံး၍ လူတွေ့စစ်ဆေးခြင်းတို့ကို အောက်တိုဘာလဆန်းတွင် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေး ကိုဗစ်ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့သည်။ ထို့အတူ ပြည်ထောင်စု တရားလွှတ် တော်ချုပ်သည် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြု လက်မှတ်များကို အထက်တန်းရှေ့နေ ၂၆၀ အား အောက်တိုဘာလ ၄ ရက် က ထုတ်ပေးခဲ့သည်။

မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များကို အောက်တိုဘာလ ၆ ရက်က ပေးအပ်ခဲ့သည်။ ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်များအတွင်း အလုပ်အကိုင် ၁၃ မျိုး၏ ကျွမ်းကျင်မှုအဆင့်များကို  ဖြေဆိုအောင်မြင်ခဲ့သည့် ကျွမ်းကျင်လုပ်သား ၄၃၇ ဦးအတွက် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များထုတ်ပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရပါသည်။ ကျွမ်းကျင်လုပ်သားများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် အလုပ်သမားဝန်ကြီးဌာနနှင့်အတူ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နေပြည်တော် ကောင်စီတို့က ပူးပေါင်းဆောင်ရွက်နေကြပြီဖြစ်သည်။

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသည် သူနာပြု/သားဖွားသင်တန်းကျောင်း ၃၁ ကျောင်းအား အောက်တိုဘာလ ၇ ရက်တွင် စတင်ဖွင့်လှစ်ရာ  ယနေ့အထိ သူနာပြုတတိယနှစ်နှင့် သားဖွားဒုတိယနှစ် ကျောင်းသား၊ကျောင်းသူ  ၇၈၁  ဦး တက်ရောက် လျက်ရှိပြီး  နေပြည်တော် သူနာပြု/သားဖွားသင်တန်းကျောင်းတွင်  သင်တန်းသား ၅၆ ဦး တက်ရောက်နေပြီဖြစ်သည်။ သင်တန်း သား၊ သင်တန်းသူများအား သင်တန်းကာလပြီးဆုံးသည့်အခါ နိုင်ငံ့ဝန်ထမ်းအဖြစ် ချက်ချင်းခန့်အပ်နိုင်ရေး ကြိုတင်စီစဉ် လျက်ရှိကြောင်း အောက်တိုဘာလ ၁၆ ရက်က ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။ ထို့အတူ အခြေခံ ပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်  (၆၇)  ကို  ဗဟိုဝန်ထမ်းတက္ကသိုလ်  (အထက်မြန်မာပြည်)၌ အောက်တိုဘာလ ၂၈ ရက်က စတင်ဖွင့်လှစ်ရာ သင်တန်းသား ၉၆၀ တက်ရောက်ခဲ့ကြသည်။

အစိုးရနှင့်ပြည်သူ ထပ်တူညီကြောင်းသက်သေပြသည့်အနေဖြင့် အောက်တိုဘာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ထောက်ခံကြောင်း ပြည်သူများက ဆန္ဒဖော်ထုတ်ကြသည်။ ယင်းမှာ မိမိတို့နိုင်ငံ၏ အေးချမ်းသာယာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မလိုလားဘဲ ယင်းတို့စိတ်ကြိုက်ခြယ်လှယ်နိုင်မည့် အစိုးရအာဏာရရှိရေးကိုသာလိုလားသည့် ပြည်ပနိုင်ငံအချို့၏  စွက်ဖက်မှုများ အပေါ် ကန့်ကွက်ခြင်း၊   ဒီမိုကရေစီအမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်များအပေါ် ရှုတ်ချခြင်းဖြစ်သည်။ မည်သို့သော ဖိအားမျိုးနှင့်ကြုံပါစေ မိမိတို့တိုင်းပြည်သည်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက  ချမှတ်ထားသည့်  လမ်းပြမြေပုံအတိုင်း ခြေလှမ်း မှန်မှန်   သက်လုံအပြည့်ဖြင့် လျှောက်လှမ်းလျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။   ။

ကနောင်