ထောပတ်သီးကို နိုင်ငံတကာ စံချိန်စံညွှန်းပြည့်မီစွာ ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် ဆောင်ရွက်သွားမည်
ထောပတ်သီးကို နိုင်ငံတကာ စံချိန်စံညွှန်းပြည့်မီစွာ ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချ သူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့်ထံမှသိရသည်။
“ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တဲ့အသင်းဝင်များ လိုက်နာရမည့် စံချိန်စံညွှန်းတွေကတော့ ပြည်ပကိုတင်ပို့တဲ့အခါမှာ တင်ပို့မယ့်ဖာတွေမှာ Code နံပါတ်တွေပါမယ်။ ဥပမာ Code နံပါတ် ၁၂ မှာ လေးလုံးတစ်ကီလိုဆိုဒ် ဘယ်နှလုံးပါတယ်၊ တစ်တန်ကို ဘယ်နှဖာရှိတယ် ဆိုတာကို ဝယ်တဲ့သူတွေ တန်းသိမှာဖြစ်ပါတယ်”ဟု၎င်းင်းကပြောသည်။
ယခင်က ထောပတ်သီးကို အလုံးရွေးချယ်၍ ကောင်းမွန်လျှင် ပြည်ပသို့တင်ပို့ရောင်းချ လျက်ရှိပြီး ယခုနှစ်တွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျထုပ်ပိုး၍ ပြည်ပ နိုင်ငံများသို့ တင်ပို့နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပဈေးကွက် ပိုမို ရှာဖွေနိုင်စေရန်နှင့် မြန်မာနိုင်ငံအတွင်း နှစ်စဉ်ထောပတ်သီးပမာဏ မည်မျှထွက်ရှိသည်ကို သိရှိနိုင်စေရန်အတွက် ထောပတ်စိုက်ဧကများကိုစစ်တမ်းကောက်ယူလျက်ရှိသည်။
၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ထောပတ်သီးတန်ချိန် ၅၀၀၀၀ ခန့် ထွက်ရှိရာ တန်ချိန် ၅၀၀ သာ Premium Market ရရှိခဲ့ကြောင်း၊ ၎င်းတို့ထဲ၌ ပြည်တွင်း စားသုံးခြင်းနှင့် ပြည်ပတင်ပို့ခြင်းလည်းပါဝင်ခဲ့ပြီး Premium Market ရရှိနိုင်ရန်အတွက် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စံချိန်စံညွှန်းများနှင့်အညီ စိုက်ပျိုးထုတ်လုပ်နိုင်ရန် လိုအပ်သည့် နည်းပညာနှင့်သတင်းအချက်အလက်များ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုလတ်