ယူကရိန်း အရေးနှင့်စပ်လျဉ်း၍ အမေရိကန်နှင့် NATO တပ်ဖွဲ့က ရုရှားနှင့်ထိပ်တိုက်ရင်ဆိုင်မည်လား

အမေရိကန်အနေဖြင့်     ရုရှားနှင့်ထိပ်တိုက်ရင်ဆိုင်မှု  မြင့်တက်လာခြင်းကို ရှောင်ရှားရန် ယူကရိန်းနိုင်ငံသို့ ပေးအပ်နေသည့် စစ်ရေးအကူအညီများကို  လျှော့ချဖွယ်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး  အန်တိုနီဘလင်ကန်ကပြောသည်။

တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံသည် အိမ်နီးချင်းယူကရိန်းအား တိုက်ခိုက်ရန်ပြင်ဆင်နေဖွယ် ရှိသောကြောင့် အမေရိကန်အစိုးရက စိုးရိမ်မကင်းဖြစ်လျက်ရှိကြောင်း ဘလင်ကန်က ဆက်လက်ပြောသည်။  ရုရှားနိုင်ငံသည်   လက်ရှိတွင်   ၎င်းတို့၏တပ်ဖွဲ့ဝင်အမြောက်အမြားကို ယူကရိန်းနယ်စပ်အနီး၌ဖြန့်ကြက်ထားမှုအပေါ် အမေရိကန်က စိုးရိမ်နေကြောင်း   The  Wall Street Journal က ဖော်ပြထားသည်။

အမေရိကန်က  ယူကရိန်းသို့ ပေးအပ်နေသည့် စစ်ရေးအကူအညီများတွင် အမေရိကန်က ယူကရိန်း တပ်ဖွဲ့ဝင်များ၏ စစ်ရေးစွမ်းရည်ကို တိုးမြှင့်ပေးရန်ဆောင်ရွက်နေခြင်း၊ လေကြောင်း ကာကွယ်ရေးစနစ်များနှင့်   တခြားစစ်ရေးအထောက်အပံ့များ ပါဝင်လျက်ရှိသည်။ အမေရိကန်၏ အဆိုပါ လုပ်ဆောင်ချက်များကို ရုရှားက အနီးကပ်စောင့်ကြည့်နေသည်။ ထို့ပြင် အမေရိကန်စစ်ဘက်သည် ဥရောပရှိ မဟာမိတ်နိုင်ငံများနှင့်အတူ   ဥရောပတွင်လုပ်ဆောင်နေသည့်   စစ်ရေးလေ့ကျင့်မှုများကိုလည်း လျှော့ချသွားမည့် အလားအလာရှိသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်အစိုးရသည် ရုရှားအပေါ် တင်းကျပ်သည့် စီးပွားရေး ပိတ်ဆို့မှုများကို ချမှတ်ထားသည်။   

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် ယူကရိန်းနယ်စပ်၌ ရုရှားစစ်အင်အားတိုးချဲ့လာခြင်းကြောင့် အမေရိကန်စစ်ရေး အကြံပေးများကို ယူကရိန်းသို့စေလွှတ်ရန်နှင့် ယင်းနိုင်ငံသို့ စစ်လက်နက် အကူအညီများ ပေးအပ်ရန်အထိ စဉ်းစားခဲ့ကြသည်။ သို့သော် လက်တွေ့တွင် အကောင်အထည်မဖော်ဖြစ်ခဲ့ပေ။ အကယ်၍ အမေရိကန်က ထိုသို့လုပ်ဆောင်လာမည် ဆိုပါက ရုရှားက တစ်နည်းနည်းဖြင့်  ပြန်လည်တုံ့ပြန်လာမည်ကို ပင်တဂွန်ရှိ အမေရိကန်စစ်ဘက်မှ မူဝါဒချမှတ်သူများက  နားလည်ထားသောကြောင့် ယင်းအစီအစဉ်ကို စွန့်လွှတ်ခဲ့ရဖွယ်ရှိသည်။

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်မည်ကို အမေရိကန်က  စိုးရိမ်နေခြင်းအပေါ် ရုရှားအစိုးရက တုံ့ပြန်ပြောဆိုထားပြီး   အမေရိကန်နှင့် NATO တပ်ဖွဲ့များကသာ   ရုရှားနယ်စပ်အနီး၌  စစ်ရေးလှုပ်ရှားမှုများကို  တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ အဆိုပါတပ်များသည် ၎င်းတို့၏ ခေတ်မီစစ်လက်နက်များကို     ရုရှားနှင့်ပိုမိုနီးစပ်သည့် နယ်စပ်အနီးသို့ ရွှေ့ပြောင်းခဲ့ကြောင်း ရုရှားအစိုးရ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က တုံ့ပြန်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံဘက်က ကြည့်မည်ဆိုပါက နိုင်ငံ၏နယ်စပ်အနီး၌   အမေရိကန်နှင့် NATO တပ်ဖွဲ့များက ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်လာခြင်းသည်  နိုင်ငံအတွက်  ခြိမ်းခြောက်မှုတစ်ရပ်နှင့် ရန်စမှုတစ်ရပ်အဖြစ် ရှုမြင်နေသည်။   အလားတူပင်    ရုရှားနိုင်ငံက ယူကရိန်းအား  ၂၀၁၄  ခုနှစ်ကကဲ့သို့ ကျူးကျော်ဝင်ရောက်မည်ကို NATO နှင့် အမေရိကန်တို့က စိုးရိမ်လျက်ရှိသည်ဟု  ဆိုနိုင်သည်။

ထို့ကြောင့် အမေရိကန်စစ်ဘက်သည် ရုရှား၏စစ်အင်အားချဲ့ထွင်မှုနှင့်သက်ဆိုင်သည့်     ထောက်လှမ်းရေး သတင်းများကိုဥရောပရှိ NATO တပ်ဖွဲ့ဝင်နိုင်ငံများသို့ ပေးအပ်လျက်ရှိသည်။ ရုရှား၏စစ်အင်အားချဲ့ထွင် လာမှုဟုဆိုရာတွင် ယူကရိန်းနယ်စပ်အနီး၌  ရုရှားတပ်ဖွဲ့ဝင်အင်အားတိုးမြှင့်လာခြင်းကို  ဆိုလိုပုံရသည်။   သို့ရာတွင်ရုရှားက ယူကရိန်းအားကျူးကျော်ဝင်ရောက်မည်ဟူသောဖြစ်စဉ်သည်  အနောက်နိုင်ငံများက ဖန်တီးထားသည့်      စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုမျှသာ ဖြစ်သည်ဟု ရုရှားကဆိုသည်။ ထို့ပြင် ယူကရိန်းအား ရုရှားက ကျူးကျော်ဝင်ရောက်မည်ကို စိုးရိမ်သည် ဟူသောအကြောင်းပြချက်ဖြင့် အမေရိကန်နှင့် NATO တပ်ဖွဲ့များက ရုရှားနယ်စပ်အနီး၌ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာခြင်းသည် ရုရှားနှင့် NATO တပ်ဖွဲ့တို့ကြား  စစ်ရေးအရ တင်းမာမှုများကိုသာ ဖြစ်ပေါ် လာစေမည့်အလားအလာရှိနေသည်။

အဆိုပါ အကြောင်းအရာများနှင့်  စပ်လျဉ်း၍ မီဒီယာများတွင် အမျိုးမျိုးဖော် ပြလျက်ရှိသည်ကိုတွေ့ရသည်။ တပ်ဖွဲ့ဝင်တစ်သိန်းခန့်ရှိသည့်   ရုရှားစစ်သည်များသည် ခရိုင်းမီးယားဒေသနှင့် ဘယ်လာရုစ်မှတစ်ဆင့်  ယူကရိန်းနယ်မြေအတွင်းဝင်ရောက်ရန်ပြင်ဆင်နေသည်ဟု Bloomberg  တွင်  ဖော်ပြထားသည်။ သို့သော် အဆိုပါ ကိစ္စရပ်နှင့်စပ်လျဉ်း၍ မည်သူမျှ အတိအကျမသိနိုင်ပေ။ အထူးသဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်သည်   နိုင်ငံတစ်နိုင်ငံသို့ ကျူးကျော်ဝင်ရောက်မည်  ဟုတ်၊  မဟုတ်ကို အမေရိကန်အပါအဝင် မည်သူမျှ အတိအကျမသိနိုင်ပေ။

အမေရိကန်သည် လက်ရှိတွင် ရုရှားနှင့်  စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မည့် အခြေအနေကို လိုလားခြင်းမရှိပေ။ အကြောင်းမှာ အမေရိကန်အစိုးရသည်  ပြဿနာတချို့နှင့်ရင်ဆိုင်နေရပြီး မည်ကဲ့သို့ ဆက်လုပ်ရမည်ကိုပင် သေသေချာချာမသိသေးသည့်အခြေအနေတွင်     ရှိနေသည်ဟု  လန်ဒန်တက္ကသိုလ်မှ ခေတ်ပြိုင် အမေရိကန် နိုင်ငံရေး အထူးကျွမ်းကျင်သူ  ပါမောက္ခရောဘတ်ဆင်းကပြောသည်။  သို့သော် အမေရိကန်အနေဖြင့်  NATO တပ်ဖွဲ့နှင့်စစ်လက်နက်များကို  ရုရှားနိုင်ငံအနီးသို့ ရွှေ့ပြောင်းရန် ဆန္ဒရှိနေသည်ဟု သုံးသပ်သူများက ဆိုသည်။ ထို့ကြောင့် အမေရိကန်သည် ပြည်တွင်း၌ ကြီးထွားလာနေသည့် နိုင်ငံရေးပြဿနာအပေါ် ပြည်သူများက အာရုံစိုက်နေခြင်းအား ယူကရိန်းအရေးသို့ အာရုံပြောင်းလဲရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

တခြားတစ်ဖက်တွင် ဥရောပရှိ NATO တပ်ဖွဲ့ဝင်များအနေဖြင့်လည်း  ရုရှားနှင့်စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်လိုခြင်း မရှိသည်ကို တွေ့ရသည်။ အကြောင်းမှာ ရုရှားနှင့် စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေပါက ၎င်းတို့၏  နိုင်ငံအတွင်းရှိ တည်ငြိမ်ရေးကို ဆိုးဆိုးရွားရွား ထိခိုက် လာစေနိုင်သည့်အပြင် လက်နက်ကိုင် ပဋိပက္ခများကြောင့်  ထွက်ပေါ်လာမည့်ဒုက္ခသည်များသည် ဥရောပရှိ ချမ်းသာကြွယ်ဝသည့် NATO တပ်ဖွဲ့ဝင်နိုင်ငံများသို့ အဓိကထား ဝင်ရောက်လာမည် ဖြစ်သည်။ ယင်းအချက်ကို ဂျာမနီနှင့် တခြားအနောက်နိုင်ငံများတွင် ဖြစ်ပွားခဲ့ဖူးသည်ကို အဆိုပါ ဥရောပနိုင်ငံများက   ကောင်းစွာ သဘောပေါက်ထားပြီး ဖြစ်သည်။

ထို့ကြောင့် ထိုသို့သောအခြေအနေများထပ်မံဖြစ်ပွားလာမည်ကို   မလိုလားပေ။ထို့ကြောင့် ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ အမေရိကန်နှင့် NATO တပ်ဖွဲ့ဝင် ဥရောပနိုင်ငံများအနေဖြင့် ယူကရိန်းနှင့်ထိပ်တိုက်ရင်ဆိုင်မည် မဟုတ်ဘဲ     ၎င်းတို့အပေါ်တန်ပြန် အကျိုးသက်ရောက်လာနိုင်သည့် အခြေအနေကို ရှောင်ရှား လုပ်ဆောင်မည့် အလားအလာရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။   ။

Ref; Sputnik

ဇေယျဘုန်း