ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာဖို့လိုပါသည်

ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာဖို့လိုပါသည်

မျက်မှောက်ကာလ ကမ္ဘာနှင့်အဝှမ်းတွင် လူသားများအနေဖြင့် ကူးစက်တတ်သောရောဂါ၊ မကူးစက်နိုင်သော ရောဂါများ ရရှိခံစားနေကြရသကဲ့သို့ ရောဂါသစ်၊ ရောဂါဆန်းများလည်း တိုးလာသဖြင့် ကျန်းမာရေး ဆိုင်ရာပြဿနာကို  နိစ္စဓူဝဖြေရှင်းနေကြရသည်။ ထူးခြားချက် တစ်ရပ်အနေဖြင့် အဓိက ကျန်းမာရေး ပြဿနာများကို အမီလိုက်လာသည်မှာ ယာဉ်ထိခိုက်မှု အန္တရာယ်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက လွန်ခဲ့သော ဆယ်စုနှစ်ကပင် ထုတ်ပြန်ကြေညာခဲ့သည်။ ကမ္ဘာ့လူသားများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် အဓိကကျန်းမာရေး ပြဿနာများတွင် ယာဉ်ထိခိုက်မှုကိုပါ ထည့်သွင်းထားသည့်အတွက် ယာဉ်ထိခိုက်မှုသည် အရေးကြီး ပြဿနာရပ်ဖြစ်ကြောင်း သိသာ ထင်ရှားလှသည်။

ယနေ့ကမ္ဘာတွင်   ဂလိုဘယ်လိုက်ဇေးရှင်းခေါ် တစ်ကမ္ဘာလုံး လွှမ်းခြုံစုစည်း လှုပ်ရှားမှုဖြစ်စဉ်များစွာ ရှိသည်ဖြစ်ရာ  ယာဉ်ထိခိုက်မှု အန္တရာယ်ဖြစ်စဉ်များမှာ ထိပ်တန်းတွင် ရပ်တည်နေကြောင်း တွေ့ရသည်။ နိုင်ငံတကာက ယာဉ်အန္တရာယ် လျော့နည်း ကျဆင်းရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အားထုတ်ကြိုးပမ်း နေသော်လည်း ဖြစ်ပွားမှုနှုန်း မြင့်တက်ဆဲပင်ဖြစ်သည်။ ယာဉ်အန္တရာယ် ဖြစ်စဉ်များက ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာမှု အားနည်းနေကြောင်း ညွှန်ပြလျက်ရှိသည်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို  အများက လိုက်နာသော်လည်း စည်းကမ်းဖောက်ဖျက်သူ တစ်ဦးကြောင့် လူအများ ထိခိုက်ခံစားရသည်။ ထို့ကြောင့်စည်းကမ်း၏ နဂိုအစွမ်းသတ္တိ ပေါ်လွင်စေရန်  လူတိုင်း စည်းကမ်းလိုက်နာကြရေး  လက်တွဲကြိုးပမ်းရန် အစဉ်အမြဲ လိုအပ်သည်။

မြန်မာ့လူနေမှုစနစ်ကို ရိုးရာအစဉ်အလာ၊ ဓလေ့ထုံးတမ်း၊ ကျင့်ဝတ်စည်းကမ်းနှင့်အညီ ထုံမွမ်းထားသည်ဖြစ်ရာ စည်းကမ်းနှင့် အနေမကျသူဟူ၍မရှိပါ။ မြန်မာ့ဓလေ့အရ စည်းကမ်းဆိုင်ရာ ဆိုရိုးများစွာရှိရာ စည်းကမ်းရှိမှတိုးတက်မည်၊ စည်းကမ်းသည် လူ၏တန်ဖိုး၊ စည်းကမ်းလိုက်နာ ဘေးရန်ကွာ စသည်တို့မှာ မရိုးနိုင်သော လူသိများသော စည်းကမ်းများပင်ဖြစ်သည်။ နေရာဌာနတိုင်း၌ စည်းကမ်းသတ်မှတ်ချက်ရှိသည်။

မိသားစုအတွင်း၊ ရပ်ရွာအတွင်း၊ ကျောင်းများအတွင်း၊ လုပ်ငန်းဌာနများအတွင်း သူ့စည်းကမ်းနှင့်သူ ရှိသလို ယာဉ်နှင့်လမ်းတို့တွင်လည်း သူ့စည်း၊ သူ့ကမ်းရှိသည်။ ထိုအခါယာဉ်နှင့် လမ်းအသုံးပြုသူတိုင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း သတ်မှတ်ချက်နှင့်အညီ  လိုက်နာပြုကျင့်ရေး အထူးပင် လိုအပ်လှသည်။

လူသားတိုင်းစားဝတ်နေရေး အတွက် နေ့စဉ်သွားလာ လှုပ်ရှားလုပ်ကိုင် ဆောင်ရွက်ရသဖြင့် ယာဉ်နှင့်လမ်းကို မလွှဲမရှောင်သာဘဲ အသုံးပြုကြသည်။ ယာဉ်နှင့်လမ်းကို အသုံးပြုသည်နှင့် တစ်ပြိုင်တည်း စည်းကမ်းနှင့်အညီ လိုက်နာပြုကျင့်ကြမှသာ ယာဉ်ထိခိုက်မှု ကင်းဝေးပြီး လိုရာကိစ္စပြီးမြောက် နိုင်ကြပေမည်။ သို့ရာတွင်  စည်းကမ်းပျက်သူ တချို့ကြောင့် အပြစ်မဲ့ပြည်သူတို့ ထိခိုက်ဆုံးရှုံးမှုများ ရှိလာသဖြင့် ယာဉ်အန္တရာယ်စုပေါင်းကာကွယ်ရေးအတွက် စစ်ဆေးကြပ်မတ်ခြင်း၊ ပညာပေးခြင်း၊ အရေးယူအပြစ်ပေးခြင်းများဖြင့် တိတိကျကျ ဆောင်ရွက်လျက်ရှိသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်မှုများစွာအနက် အဆိုးရွားဆုံးနှင့်အဖြစ် အများဆုံးမှာ ''နမော်နမဲ့မှု'' ဖြစ်သည်။ နမော်နမဲ့နိုင်ခြင်းသည် ဗဟုသုတခေါင်းပါးခြင်း ထက်ပို၍ အန္တရာယ်ကြီးသည်။ နမော်နမဲ့နိုင်ခြင်း၏ အဓိကအရင်းခံမှာ အလေးမထားခြင်း၊ ပေါ့ဆခြင်း၊ တာဝန်မဲ့ခြင်းတို့ပင် ဖြစ်သည်။ ယာဉ်နှင့်လမ်းကို စတင်အသုံးပြုသည်နှင့် စည်းကမ်းလိုက်နာရေး အသိတရားဖြင့် အန္တရာယ်ကို တားဆီးနိုင်မည့်သတိတရားထားရှိကာ  အသိ၊  သတိဆင်ခြင်တုံတရား လက်ကိုင်ထားမှသာ နမော်နမဲ့မှုကင်းကာ ယာဉ်ထိခိုက်မှု အန္တရာယ်မှ လွတ်ကင်းကြမည်ဖြစ်သည်။

ယာဉ်ထိခိုက်မှုဖြစ်စဉ် ဖြစ်ရပ်တို့အား လေ့လာရာတွင် အကြောင်းရင်းခံ (၁၁) ရပ်ကြောင့် ဖြစ်ပွားရကြောင်း တွေ့ရသည်။ မဆင်မခြင်မောင်းနှင်မှု၊ အရှိန်ပြင်းစွာ မောင်းနှင်မှု၊  ခရီးသည်ပေါ့ဆမှု၊ လမ်းအသုံးပြုသူ ပေါ့ဆမှု၊ အနှေးယာဉ်ကြောင့်ဖြစ်ပွားမှု၊ ယာဉ်မောင်းမကျွမ်းကျင်မှု၊ ယာဉ်မောင်းလိုင်စင်မရှိမှု၊ စက်ကိရိယာ ချွတ်ယွင်းမှု၊ အရက်သေစာသောက်စား မောင်းနှင်မှု၊ ရာသီဥတု မကောင်းမှုနှင့်   လမ်းအခြေအနေတို့ကြောင့် ယာဉ်ထိခိုက်မှု ဖြစ်ပွားလေ့ရှိသည်။ ဖြစ်ပွားမှု နှုန်းကို  ထုတ်ပြန်ချက်တစ်ရပ်အရ သိရှိရသည်မှာ လူကြောင့်ဖြစ်ပွားသော ယာဉ်တိုက်မှု ၉၃ ဒသမ ၆၉ ရာခိုင်နှုန်း၊ ယာဉ်ကြောင့်ဖြစ်ပွားသော ယာဉ်တိုက်မှု၁ ဒသမ ၄၅ ရာခိုင်နှုန်း၊ လမ်းကူးပေါ့ဆမှု ၄ ဒသမ ၆၈ ရာခိုင်နှုန်း၊ လမ်းကြောင့်ဖြစ်ပွားသော ယာဉ်တိုက်မှုသုည ဒသမ ၁၇ ရာခိုင်နှုန်း၊ ရာသီဥတုကြောင့်ဖြစ်သော ယာဉ်တိုက်မှု သုည ဒသမ ဝ၁ ရာခိုင်နှုန်းဟူ၍ ဖြစ်သည်။

မျက်မှောက်ခေတ်တွင် သိပ္ပံနှင့် နည်းပညာများ လျင်မြန်စွာ တိုးတက်လာသည့်နည်းတူ ယာဉ်များ၊ လမ်းများမှာလည်း ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည်။ ပေါ့ပါးလျင်မြန်သော ယာဉ်များ၊ ဖြောင့်ဖြူးညီညာ ကောင်းမွန်သောလမ်းများ အဆင့်ဆင့်ပေါ်ပေါက်လာသည်။ အဆိုပါအချက်က ယာဉ်ထိခိုက်မှု အန္တရာယ်ကို ဖိတ်ခေါ်သလိုရှိနေသဖြင့်   သတ်မှတ်အရှိန်၊ သတ်မှတ်နှုန်းထားထက်ပို၍ မမောင်းကြရေး လိုအပ်သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုအဖြစ် အများဆုံးကိစ္စရပ်မှာ သတ်မှတ်မိုင်နှုန်းထက်ပို၍ မောင်းနှင်၍ဖြစ်သည်။ အလားတူစွာ ယာဉ်မောင်းအိပ်ငိုက်ခြင်း၊ ယာဉ်ချွတ်ယွင်းမှု ရှိနေခြင်းတို့ကြောင့်လည်း ယာဉ်မတော်တဆမှုဖြစ်ရသဖြင့် ဂရုပြုဆင်ခြင်ရမည့် အချက်များပင်ဖြစ်သည်။

လမ်းပေါ်ရှိ အမျိုးမျိုးသော အထိမ်းအမှတ် ဆိုင်းဘုတ်များသည် ယာဉ်မောင်းသူနှင့် ခြေကျင်ခရီးသွားသူများ အားလုံးအတွက် လမ်း၏အခြေအနေကို ကြိုတင်သိရှိစေရေး အသိပေးထားခြင်းဖြစ်သည်။ ဘေးအန္တရာယ် ထူပြောသောလမ်း၊ အကွေ့ကောက်ရှိသောလမ်း၊ တစ်လမ်းသွား၊ ယာဉ်မဝင်ရ၊ မီးရထားလမ်းဆုံ၊ လမ်းပြုပြင်နေသည်။   လမ်းလွှဲမှမောင်းရန်   စသည်တို့ စိုက်ထူသတိပေးထားမှုကို ကြိုတင်သိရှိပြီး  ဆင်ခြင်မောင်းနှင် သွားလာရေး လိုအပ်သည်။  နိုင်ငံသားများသာမက နိုင်ငံခြားသား ခရီးသွားများပင် လွယ်ကူစွာ နားလည်လိုက်နာစေရန်ကမ္ဘာ့စံမီလမ်းမှတ်တိုင်နှင့် အချက်ပြနည်းများကို  ၁၉၅၉  ခုနှစ်၌ ကုလသမဂ္ဂ၌ ကျင်းပခဲ့သော ''လမ်းနှင့်မော်တော်ယာဉ် သယ်ယူ ပို့ဆောင်ရေး ညီလာခံ''  ကတိတွင် ထုတ်ပြန်ထားသည့် အတိုင်း စိုက်ထူအသိပေးထားသည်ဖြစ်ရာ မြင်လိုက်သည်နှင့် အလွယ်တကူ နားလည်နိုင်သဖြင့် ဂရုပြုတတ်ရေးသာ လိုအပ်သည်။

စိတ်ရှည်သည်းခံမှုသည် လမ်းစည်းကမ်း လိုက်နာတတ်ခြင်း၏ သော့ချက်ဖြစ်သည်။ စိတ်မြန်လက်မြန်နှင့် အလောတကြီးပြုခြင်းမှာ စည်းကမ်းကို အတိအလင်း ချိုးဖောက်မှုဖြစ်သည်။ ယာဉ်မောင်းနှင်သူ အားလုံးသည် ယာဉ်အကြောင်း၊ စက်အကြောင်းကိုနားလည်ပြီး လိုအပ်သလို အချိန်မီပြုပြင်ခြင်း၊ အစားထိုး လဲလှယ်ခြင်းတို့ပြုရပေမည်။  ဆီ၊ ရေ၊ လေ၊ ဝိုင်ကို ဂရုစိုက်၍ အသေးအဖွဲမှအစ သတိထားပြုပြင်မှသာ    ယာဉ်အန္တရာယ် ကင်းရှင်းမည်ဖြစ်သည်။ အလားတူစွာ အာရုံမထွေပြားခြင်း၊ ဝန်ပိုလူပိုမဖြစ်စေခြင်း၊ အရှိန်ကိုလိုအပ်သလို ထိန်းသိမ်းနိုင်ခြင်းတို့သည် ယာဉ်မောင်းများအတွက် အရေးကြီးသော စည်းကမ်းများပင်ဖြစ်သည်။

ယနေ့ကာလတွင်မော်တော်ဆိုင်ကယ် အသုံးပြုသူ များပြားလာသဖြင့် မော်တော်ဆိုင်ကယ်ကြောင့် ယာဉ်ထိခိုက်မှု အန္တရာယ် ပိုမိုများပြားလာရသည်။ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ ဆိုင်ကယ်ပေါ်တွင် နှစ်ဦးထက်ပို၍ စီးနင်းခြင်း၊အတင်းဖြတ် အတင်းကျော်တတ်ခြင်း၊ အချက်ပြမီးမပြည့်စုံခြင်း၊ ယာဉ်၏ ဆက်စပ်ပစ္စည်းများ မစုံလင်ခြင်း၊(ဥပမာ-အိတ်ဇောဖြုတ်ထားခြင်းနှင့် နောက်ကြည့်မှန်မပါခြင်း)တို့ကြောင့် ယာဉ်ထိခိုက်မှု အန္တရာယ်ကြုံတွေ့ရသည်။ မော်တော်ယာဉ်များတွင် ယာဉ်မောင်းသူ၊ စီးနင်းလိုက်ပါသူ အားလုံး အသက်ကယ် ခါးပတ်မလွဲမသွေ ပတ်ရန်လိုအပ်သလို မော်တော်ဆိုင်ကယ် မောင်းနှင်သူနှင့် စီးနင်းသူအားလုံးတို့သည် ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုးသေချာစွာ တပ်၍စီးနင်းရန် လိုအပ်သည်။

ခြေနင်းအနှေးယာဉ်နှင့် စက်တပ်အနှေးယာဉ်တို့ ကြောင့်လည်း ယာဉ်ထိခိုက်မှု ဖြစ်ပွားရသည်။ အနှေးယာဉ်တို့သည် လမ်း၏ လက်ယာအစွန်မှသာ ကပ်၍ မောင်းရသည်။ လမ်းလယ်၌မစီးရ၊ ညအချိန်အသုံးပြုစဉ်နှင့် လမ်းဘေးချထားစဉ် အဝေးမှမြင်သာသော ညမြင်ရောင်ပြန်ပြား တပ်ဆင်ထားရသည်။ ယာဉ်ကြောပြောင်းပြန် မမောင်းရချေ။ လမ်းအသုံးပြုသူ (ခြေကျင်သွားလာသူ) တို့သည်  လူကူးမျဉ်းကြားကို မှန်ကန်စွာ အသုံးပြုခြင်း၊   ပလက်ဖောင်း စင်္ကြံလမ်းကိုသာ အသုံးပြုခြင်း၊ လမ်း၏ ဘယ်ဘက်ယာဉ်ကြောနှင့် မျက်နှာချင်းဆိုင်မှအသုံးပြုခြင်း၊ လမ်းကူးမည် ဆိုပါက ''ရပ်၊ ဘယ်ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည်၊ ညာပြန်ကြည့်၊ လမ်းရှင်းမှကူး'' စနစ်ကျင့်သုံးရသည်။

မူးယစ်သောက်စား၍ ယာဉ်အသုံးပြုခြင်း၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်း အသုံးပြုခြင်းတို့ ရှောင်ကြဉ်ရေး လိုအပ်သည်။   လမ်းပေါ်တွင် အချိန်မရွေး ဘေးအန္တရာယ်ကြုံတတ်သဖြင့်  ''မျက်စိတစ်မှိတ်လျှပ်တစ်ပြက်''  ဟူသောစကားရပ်မှာ ယာဉ်ထိခိုက်မှု အန္တရာယ်အတွက် အသုံးများ၍ အစစအရာရာ ဆင်ခြင်ဂရုစိုက်တတ်မှသာ ယာဉ်အန္တရာယ် ကင်းဝေးမည်ဖြစ်သည်။  အလားတူစွာ မှားယွင်းစွာ အချက်ပြမိခြင်း၊ ယာဉ်ကြောလုမောင်းခြင်း၊ ဂငယ်ကွေ့တွင် အရှိန်ဖြင့်ကွေ့ခြင်း၊ လူပို ပစ္စည်းပို အဆမတန် တင်ဆောင်ခြင်း၊လမ်းပေါ်တွင် ကျီစားသန်နောက်ပြောင် ပြေးလွှားခြင်း၊ ဆော့ကစားခြင်း၊    မထီမဲ့မြင်နေခြင်းတို့သည် ယာဉ်အန္တရာယ် ကျရောက်စေရန် ဖိတ်ခေါ်သလို ရှိသဖြင့် အထူးသတိပြု ဆင်ခြင်သင့်လှသည်။

မော်တော်ယာဉ်ဥပဒေကို ၂ဝ၁၅ ခုနှစ်ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၅၅ ဖြင့် ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၇ ရက်တွင်ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ဥပဒေ၏ ရည်ရွယ်ချက်များမှာ မော်တော်ယာဉ်များကို မှတ်ပုံတင်ပေးရန်၊ မော်တော်ယာဉ် အမျိုးအစားအလိုက် ယာဉ်မောင်းလိုင်စင် ထုတ်ပေးရန်၊  လမ်းအသုံးပြုသူများ သွားလာမှုလွယ်ကူ ချောမွေ့စေရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကာကွယ်စောင့်ရှောက်ရန်၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရာတွင်  အဆင့်မြင့်နည်းပညာသုံး ပို့ဆောင်ရေးစနစ်ကို ထိရောက်စွာအသုံးပြုရန်၊ မော်တော်ယာဉ်ကြောင့် ဖြစ်ပေါ်လာသော    သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ လျော့နည်းစေရေး ဆောင်ရွက်ရန်တို့ဖြစ်သည်။

နိုင်ငံတစ်ဝန်းတွင် ယာဉ်အန္တရာယ်လျော့ပါးရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် တာဝန်ရှိသူ တို့သည် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။ တာဝန်ရှိသူတို့က ထိုသို့ကြိုးပမ်းအားထုတ် စစ်ဆေး အရေးယူနေကြသော်လည်း ယာဉ်အန္တရာယ် ကင်းရှင်းသည်မဆိုထားနှင့် သိသိသာသာ လျော့နည်းကျဆင်း သွားမှုပင်မရှိသေးသည်ကို တွေ့ရသည်။   ကြိုတင်ကာကွယ်မှုများစွာ လုပ်ပေးနိုင်ရေး၊ ပညာပေးလုပ်ငန်းများ ထိရောက်စွာ လုပ်ပေးနိုင်ရေးနှင့်အတူ  ပြည်သူအားလုံးကလည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို အထူးဂရုပြုလိုက်နာကြရေး လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။   ။

လင်းအရုဏ်ဦး(ပဲခူး)