မြန်မာ့မျှစ်ခြောက် ပြည်ပနိုင်ငံများကနှစ်သက်မှုရှိပြီး ဝယ်လိုအားကောင်းလာ

မြန်မာ့မျှစ်ခြောက် ပြည်ပနိုင်ငံများကနှစ်သက်မှုရှိပြီး ဝယ်လိုအားကောင်းလာ

ပြည်တွင်းမှထွက်ရှိသည့် မျှစ်ခြောက်ကို ပြည်ပသို့ တင်ပို့ရာတွင် ဝယ်လိုအား ကောင်းလာ သော်လည်း ပြည်တွင်း၌ သဘာဝမျှစ်အစို ဝယ်ယူစုဆောင်းရန် အခက်အခဲများရှိနေကြောင်း ပြည်ပသို့ မျှစ်ခြောက်တင်ပို့နေသူများထံမှ သိရသည်။ လက်ရှိတွင် မျှစ်ခြောက်ကို ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့မှ ဝယ်ယူမှုရှိနေပြီး ဂျပန်နိုင်ငံက အရည်အသွေးနှင့်အရသာကို ပိုမိုကြိုက်နှစ်သက်မှုရှိကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ် အတွင်း ဂျပန်နိုင်ငံသို့မျှစ်ခြောက်တန်ချိန်  ၁၅၀၀  ခန့်  တင်ပို့ထားပြီး ဝယ်လိုအားကောင်း သော်လည်း မျှစ်အစို ရှာဖွေစုဆောင်းရာတွင် အခက်အခဲများရှိနေကြောင်း၊ လက်ရှိတွင် မျှစ်ခြောက်ကို ဂျပန်နိုင်ငံမှ သက်ကြီးရွယ်အိုများက ပိုမိုကြိုက်နှစ်သက်ကြသကဲ့သို့ ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနှင့်ထိုင်းနိုင်ငံသားတို့ကလည်း ဝယ်ယူမှုရှိကြောင်း သိရသည်။

“ပြည်ပဈေးကွက်ချဲ့ထွင်ဖို့ ပံ့ပိုးပေးမယ်။ ဒေသခံပြည်သူတွေလည်း အလုပ်အကိုင် ရစေမယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မျှစ်လုပ်ငန်းကို နေပြည်တော်အတွင်းရှိ မြို့နယ်များ၌ အဓိကထားလုပ်ကိုင်ကြပြီး မျှစ်များကို အချဉ်ခံကာ ပါကင်ထုပ်ပိုးသည့်စနစ်ဖြင့် လက်လီလက်ကားဖြန့်ချိလျက်ရှိသည်။ လက်ရှိ မျှစ်အစိုတစ်ပိဿာလျှင် ငွေကျပ် ၈၀၀ နှင့်ဝါးနုတစ်ပိဿာလျှင်  ငွေကျပ်  ၁၀၀၀ ခန့် ရရှိကြောင်း၊ပျဉ်းမနားမြို့နယ်ရှိ လိလိမ်၊ လွှဲကြီး၊ ရေပြောင်းပြန်၊ ဂမုန်းတောင်၊  မြေမြိုတောင်၊ စောင်တောင်ကြီး၊ မဲပေါက်၊ ပင်ရဲဆို စသည့်ဒေသများသည် ဝါးတောများ ပေါများသော နေရာဖြစ်ပြီး မျှစ်အများဆုံး ထွက်ရှိရာဒေသလည်းဖြစ်ကြောင်း သိရသည်။

သုသု(AMIA)