ကမ္ဘာတည်သရွေ့ဆင့်ကဲဖြစ်စဉ်

ကမ္ဘာတည်သရွေ့ဆင့်ကဲဖြစ်စဉ်

ခရီးသွားလာခြင်းကို လေ့လာရာတွင် (၂၀) ရာစု၊ (၂၁) ရာစုမှ စတင်ခဲ့ခြင်းမဟုတ်ဘဲ သမိုင်းမတင်မီကာလခရီးသွားခြင်း (Travel in Prehistoric Times . B.C 32000 to 10000)၊ ကျောက်ခေတ် နှောင်းပိုင်းကာလခရီးသွားခြင်း (Travel in Neolithic Times, Begin B.c 10000)၊ ရှေးကျသော လူ့အဖွဲ့အစည်းတွင် ခရီးသွားခြင်း (Travel in Ancient Civilization- B.C-3200 to AD 476)၊ အလယ်ခေတ်တွင် ခရီးသွားခြင်း (Travel in the Middle Ages- AD 476 to 1300)၊ တစ်ကျော့ ပြန်ခေတ်တွင်  ခရီးသွားခြင်း  (Travel in the Renaissance -AD. 14 to 17 Centuries)၊ စက်မှု ခေတ်တွင်ခရီးသွားခြင်း (Travel in the Industrial Age (18 Century)၊ ၁၉ ရာစု ခရီးသွားလုပ်ငန်းများ ပေါ်ပေါက်လာခြင်း (Travel in the 19 Century)၊ ၂၁ ရာစု ခေတ်သစ်ခရီးသွားခြင်း (Travel in the 21 Century)ဟူ၍ ခေတ်အပိုင်းအခြားလိုက်တွေ့ရှိရပါသည်။

သမိုင်းမတင်မီခေတ် (Travel in Prehistoric Times)မှစ၍ လူသားများသည် အသက်ရှင်ရပ်တည်ရေးအတွက် အစားအစာ ရရှိရန်အတွက် အမဲလိုက်ခြင်း၊ ရေရရှိရန်ရှာဖွေခြင်း၊ စုပေါင်းနေထိုင်၊ စုပေါင်းသွားလာခြင်းဖြင့်စတင်ခဲ့ကြပြီး ကျောက်ခေတ်နှောင်း ပိုင်းကာလ (Travel in Neolithic Times)တွင် နတ်ကွန်းများ၊ ဂူသင်္ချိုင်းများ၊ လျှို့ဝှက်ဆန်းကြယ်သော နေရာများသို့ သွားလာခြင်းဖြင့် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သော ခရီးသွားခြင်းသည် (၂၁)ရာစုအထိ ခရီးဆက်မပျက်၊ အရှိန်အဟုန်ကောင်းကောင်းဖြင့် သွားလာနေကြဆဲ ဖြစ်ပါသည်။ (ခေတ်အလိုက်ခရီးသွားမှုပုံသဏ္ဌာန်များ ပြောင်းလဲလာပုံကို နောင်အလျဉ်းသင့်ချိန်တွင် တင်ပြသွား ပါမည်။) ခရီးသွားလာမှု ပုံသဏ္ဌာန်ပြောင်းလဲလာခြင်းကလွဲ၍ နောင်ဆက်၍လည်း ခရီးသွားလာခြင်းများ ရှိနေဦးမည်ဖြစ်ပါသည်။   ခရီးသွားလုပ်ငန်းသည် ပင်လယ်ရေကဲ့သို့ ခပ်ယူသုံးစွဲသော်လည်း မကုန်နိုင်သည်ဖြစ်၍ သဘာဝ/အရင်းအမြစ်များကို မျှဝေရယူ ခံစားခြင်း၊ ပျက်စီးဆုံးရှုံးမှုများမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းကို ရေရှည်တည်တံ့ခိုင်မြဲစေရန် ဆောင်ရွက် သွားကြရန်လိုအပ်ပါသည်။

တွင်ကျယ်လာသည့်ခရီးသွားလုပ်ငန်း

(၂၁) ရာစု ခေတ်သစ်ခရီးသွားလုပ်ငန်းများတွင် အပန်းဖြေခရီးစဉ်(Recreation Tourism)၊ ယဉ်ကျေးမှုခရီးစဉ် (Cultural Tourism)၊ လူမျိုးစုလေ့လာရေးခရီးစဉ် (Ethnic Tourism)၊   အားကစားအခြေပြုခရီးစဉ် (Sport Tourism)၊ စိုက်ပျိုးရေးအခြေပြုခရီးစဉ် (Agriculture Tourism)၊ ရပ်ရွာလူထုအခြေပြုခရီးစဉ် (Comminity Based Tourism)၊ စေတနာ့ဝန်ထမ်းခရီးစဉ်(Volunteer Tourism)၊ သဘာဝအခြေခံခရီးစဉ် (Eco Tourism)၊ လောင်းကစားအခြေခံခရီးစဉ် (Gambling Tourism)၊ စွန့်စားမှုခရီးစဉ် (Adventure Tourism)၊ အဏ္ဏဝါခရီးစဉ် (Marine Tourism)၊ ပညာရေးအခြေပြုခရီးစဉ် (Educational Tourism)၊ နယ်စပ်ဖြတ်ကျော်ခရီးစဉ် (Caravan Tourism) တို့သည် နိုင်ငံတကာဧည့်သည်များ ကြိုက်နှစ်သက်သည့် ထင်ရှားသော ခရီးသွား အမျိုးအစားများ ပင်ဖြစ်ပါသည်။

သို့အတွက် ဝန်ဆောင်မှုဖြင့် စီးပွားရေးလုပ်ကိုင်လိုကြသောသူများသည် ခရီးသွားလုပ်ငန်းနယ်ပယ်သို့ အလျင်အမြန်ဝင် ရောက်လာ ကြပြီး ဟိုတယ်လုပ်ငန်း၊ မိုတယ်လုပ်ငန်း၊ အပန်းဖြေဧည့်ရိပ်သာလုပ်ငန်းများတွင်လည်းကောင်း၊ ခရီးသွားလုပ်ငန်း၊ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ အမှတ်တရပစ္စည်းရောင်းချရေး လုပ်ငန်းများတွင်လည်းကောင်း၊ ဘဏ်လုပ်ငန်း များတွင် လည်းကောင်း ရင်းနှီးမြှုပ်နှံမှုများကို အပြိုင်အဆိုင်ပြုလုပ်လာကြပါသည်။

ဖန်တီးမှုပညာ

ယနေ့ (၂၁)ရာစုခေတ်တွင် ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏  စီးပွားရေးသာမက  နိုင်ငံရေး၊ လူမှုရေး၊  ပညာရေး၊  ကျန်းမာရေး စသည့်ကဏ္ဍများကိုပါ ဆင့်ကဲအကျိုးသက်ရောက်မှုရှိခြင်းကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ခရီးသွားလုပ်ငန်းကို အလေးထား ဆောင်ရွက် လာကြပါသည်။ ခရီးသွားလုပ်ငန်းအား ဝန်ဆောင်မှုပေးသော စီးပွားရေးလုပ်ငန်းဟု ခေါ်ဆိုသတ်မှတ်ကြသကဲ့သို့ နိုင်ငံ၏ ထုတ်ကုန်တစ်ခုအနေဖြင့်လည်း သတ်မှတ်ကြပါသည်။ ဝန်ဆောင်မှုလုပ်ငန်းဖြစ်၍ ဧည့်သည် (တစ်နည်းအားဖြင့်) စားသုံးသူများ ၏စိတ်ကျေနပ်မှုကိုရရှိစေရန်အတွက် သမားရိုးကျပုံစံများဖြင့် ဝန်ဆောင်မှုပေးနေခြင်းအစား တီထွင်ဆန်းသစ်သော အတွေးအခေါ်၊ ဖန်တီးမှုများဖြင့် ခရီးသွားပုံစံအမျိုးမျိုးကို ဖော်ထုတ်ကာ ဝန်ဆောင်မှုပေးနိုင်ရန်လိုအပ်ပါသည်။ ထို့အတူ ထုတ်ကုန်ပစ္စည်း တစ်ခု အဖြစ် စားသုံးသူကမ္ဘာလှည့်ခရီးသည်များမှ ဝယ်ယူသုံးစွဲကြမည်ဖြစ်ရာ ဝယ်ယူစားသုံးသူ၏ ပေးချေသော တန်ဖိုးနှင့်ထိုက်တန် သည့် အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းတစ်ခုလည်းဖြစ်ရန် လိုအပ်ပါသည်။ နိုင်ငံတကာသို့ လှည့်လည်သွားလာနေကြသော ကမ္ဘာလှည့် ခရီးသည်များ၏ ကြိုက်နှစ်သက်မှုများကို လေ့လာဆန်းစစ်သုံးသပ်ပြီး ဖန်တီးမှုများဖြင့် ပေါင်းစပ်ဆောင်ရွက်ထားကြသဖြင့်    ယခု အခါ ခေတ်သစ်ခရီးသွားလုပ်ငန်းအမျိုးအစားများစွာ ခရီးသွားဧည့်သည်များနှင့် ရင်းနှီးနေကြပြီဖြစ်ပါသည်။

ခရီးသွားအတ္တ

ခရီးသွားလုပ်ငန်း အရင်းမြစ်များသည် ထုတ်ယူသုံးစွဲ၍မကုန်နိုင်သော သဘာဝအရင်းအမြစ်များဖြစ်၍ ခရီးသွားလုပ်ငန်း နယ်ပယ် အပြင် ဆက်စပ်လုပ်ငန်းနယ်ပယ်များပါ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်သဖြင့် လူနှင့် လူ့ပတ်ဝန်းကျင်ကို အကျိုးရှိစေပါသည်။ ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊ ဧည့်လမ်း ညွှန်လုပ်ငန်းနှင့်အမှတ်တရပစ္စည်းအရောင်းလုပ်ငန်း၊ စားသောက်ဆိုင်နှင့်အဖျော်ယမကာလုပ်ငန်း စသည့်လုပ်ငန်းတစ်ခုနှင့်တစ်ခု၊ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရှိ ချိတ်ဆက်ဆောင်ရွက်ရပါသည်။ခရီးသွားလုပ်ငန်းနယ်ပယ်တွင် လောဘကြီးသော သူအချို့ကိုလည်း တွေ့ရသည်။ ရှားပါးလှသော ကမ်းခြေဧရိယာများ၊ ရေချိုထွက်ကျွန်းများကို လက်ဦးမှုရယူ၍ လိုအပ်သည်ထက် ဧကထောင်ချီ ကျယ်ဝန်းစွာ ရယူပိုင်ဆိုင်ဖို့ ကြိုးစားနေကြသည်။ ဟိုတယ်နှင့်အပန်းဖြေစခန်းတည်ဆောက်ရန်  လိုအပ်သည့်မြေဧရိယာမှာ ဧက  ၅၀ ခန့်၊  အများဆုံး  ဧက ၁၀၀  ခန့်ဖြင့် လုံလောက်သော်လည်း အဆမတန်ပိုမိုရယူထားကြသဖြင့် အခြားသူများ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အခွင့်အလမ်းမရှိတော့ချေ။ ပို၍ဆိုးသည်က ကျွန်းများပေါ်တွင် မူလနေထိုင်လာကြသော လူမျိုးနွယ်၏ နေထိုင်မှု၊ သောက်သုံးရေ ရယူမှုနှင့် ဓလေ့ထုံးတမ်း အစဉ်အလာများပါ ထိခိုက်ခံစားစေမှုတို့ကို ဖြစ်ပေါ်စေပါသည်။

သို့အတွက် ကမ်းခြေဧရိယာများနှင့်ဆက်စပ်သော မြေဧရိယာပေါင်းများစွာကို အခြားနည်းဖြင့် သုံးစွဲခွင့်ရရှိရေး လျှောက်ထား လာကြရာတွင်လည်းကောင်း၊ ကျွန်းများပေါ်ရှိ မြေဧရိယာပေါင်းများစွာအား လုပ်ပိုင်ခွင့်လျှောက်ထားလာကြရာတွင်လည်းကောင်း၊ ဝန်ကြီးဌာနသို့ သဘောထားတောင်းခံလာရာတွင် ဟိုတယ်အပန်းဖြေစခန်းတည်ဆောက်ရန် လိုအပ်သည့်မြေဧရိယာအပေါ်တွင်သာ သဘောထား ပြန်ကြားပေးလေ့ရှိသည်ကို သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများအနေဖြင့် သတိပြုသင့်ပါသည်။

အတုယူသင့်

ထို့အတူ ဌာနတစ်ခုနှင့်တစ်ခု ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်း၊ ဌာနအလိုက် လုပ်ထုံးလုပ်နည်း၊  မူဝါဒများ တရားသေ ကိုင်စွဲထားခြင်းတို့ကြောင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို တုံ့ဆိုင်းစေပါသည်။ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသော ကျွန်းများ ပေါ်တွင် ပုလဲမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်း၊ ပုလဲမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နေသော ကျွန်းများပေါ်သို့  ခရီးသွား ဧည့်သည်များ ဝင်ရောက်လည်ပတ်ခွင့်မပြုခြင်း၊ ကမ်းခြေသဲသောင်ပြင်ရှေ့ရေပြင်(Public Area)ကိုပင် ဝင်ရောက်ခွင့်၊   ဖြတ်သန်းခွင့် မပြုခြင်းများသည် မော်ကင်း (ခေါ်) ဆလုံလူမျိုးများ၊ ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူများ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ၊  ပုလဲမွေးမြူရေး လုပ်ငန်းရှင်များ၊ ငှက်သိုက်မွေးမြူရေး လုပ်ငန်းရှင်များအကြား ပွတ်တိုက်မှုများကို ဖြစ်ပေါ်စေပါသည်။

ခရီးသွားလုပ်ငန်းအပေါ် နားလည်သော ပုလဲလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာတွင် ပုလဲမွေးမြူရေးနှင့် ပုလဲထုတ်လုပ်ရေး လုပ်ငန်းများအား ကမ္ဘာလှည့်ခရီးသည်များသို့ပြသကာ  ဘေးတိုက် အကျိုးစီးပွားဖြစ်ထွန်းရရှိမှုကို အတုယူ၍  Win Win Situation ဖြစ်စေသည့် လုပ်ဆောင်မှုမျိုးကို ပြင်ဆင်လာကြသည်။ ပုလဲမွေးမြူရေးလုပ်ငန်းအား မထိခိုက်စေသည့် စည်းကမ်းသတ်မှတ် ချက်များကို ချမှတ်၍ ခရီးသွားဧည့်သည်များ လေ့လာလည်ပတ်စေခြင်းဖြင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူနှင့် ပုလဲ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတို့ နှစ်ဦးနှစ်ဖက် အကျိုးခံစားမှုကို ရရှိစေပါသည်။

ကမ္ဘာတည်သရွေ့

အထူးသဖြင့် ခရီးသွားလုပ်ငန်းသည် လူတန်းစားအလွှာအသီးသီးအပေါ်တွင်လည်းကောင်း၊ စီးပွားရေးလုပ်ငန်း အသီးသီးပေါ်တွင် လည်းကောင်း၊ အကျိုးရလဒ်များ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက်ရရှိသဖြင့် သဘာဝကပေးအပ်ထားသော အရင်းအမြစ်များကို မျှဝေခံစားကြရန်နှင့် ခရီးသွားဒေသရပ်ဝန်းများကို ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းသွားကြရန် လိုအပ်ပါသည်။ ကမ္ဘာကြီးနှင့် လူသားများ တည်ရှိနေသရွေ့ ခရီးသွားလုပ်ငန်းသည် တည်ရှိနေမည်ဖြစ်ပါသည်။ တစ်ဦးတည်း၊ တစ်ယောက်တည်းမှ အုပ်စိုးချုပ် ကိုင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းမျိုးတွင် ခရီးသွားလုပ်ငန်းမပါဝင်သဖြင့် ခရီးသွားလုပ်ငန်းအပေါ် စိတ်ဝင်စားသူမည်သူမဆို ဆောင်ရွက်နိုင်ပါသည်။ အတွေ့အကြုံ၊ ဖန်တီးမှု၊ ဝန်ဆောင်မှုကောင်းမွန်ခြင်းတို့ကသာ ရေရှည်တွင် အောင်မြင်မှု ရောက်ရှိသွား မည်ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်ရှိ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနတို့၏  ညှိနှိုင်းဆောင်ရွက်မှုကြောင့် ပုလဲမွေးမြူရေး လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထားသော ကျွန်းစခန်းပေါင်း ၁၂ ခုရှိသည့်အနက် ဘုတ်ပြင်းမြို့နယ်ရှိ ပုလဲကျွန်း၊ ကျွန်းစုမြို့နယ်ရှိ ပုလဲ တံခွန်စခန်း၊ ကော့သောင်းမြို့နယ်ရှိ ရွှေကျွန်းစခန်း၊ ငလုံးလဖယ်စခန်း၊ ဂျလန်းကျွန်းစခန်း စသည့် ပုလဲမွေးမြူရေးစခန်းငါးခုသို့ စည်းကမ်း သတ်မှတ်ချက်များဖြင့် ခရီးသွားဧည့်သည်များလာရောက် လေ့လာလည်ပတ်စေခဲ့သဖြင့် ခရီးသွားလုပ်ငန်းနှင့် ပုလဲ မွေးမြူရေး လုပ်ငန်းတို့ ပူးပေါင်းမျှဝေခံစားမှုကို မြင်တွေ့နေရပြီဖြစ်ပါသည်။ ကျန်ပုလဲမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသော ကျွန်းစခန်း များကိုလည်း ဤကဲ့သို့ စည်းကမ်းသတ်မှတ်ချက်များချမှတ်၍ လည်ပတ်ခွင့်ကို ခွင့်ပြုပေးပါက ခရီးစဉ်အသစ်များ ဖြစ်ထွန်း လာမည်ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။   ။

မြင့်ထွေး(ဟိုတယ်/ခရီး)