နျူကလီးယား သဘောတူညီချက် ပြန်လည်သတ်မှတ်ရေးတွင် သဘောထား တင်းမာမှုများကို ဆက်လက်စွဲကိုင်ဖွယ်ရှိသည့် အမေရိကန်
အီရန်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများကြား လက်မှတ်ရေးထိုးထားသည့် နျူကလီးယား သဘောတူညီချက် ပြန်လည် သတ်မှတ်ရေးသည် ထင်သလောက် လွယ်ကူမည်မဟုတ်ဟု လက်မှတ်ရေးထိုး ရာတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံက ပြော ကြားလိုက်သည်။ အီရန်နှင့် အင်အားကြီး အနောက်နိုင်ငံများကြား ဖြစ်ပွားနေသည့် သဘောထား ကွဲလွဲမှုသည် ကြီးမားနေခြင်း ကြောင့် နျူကလီးယား သဘောတူညီချက် ကို ပြန်လည်သတ်မှတ်မည့် လုပ်ငန်းစဉ်တွင် အခက်အခဲများ တွေ့ကြုံနိုင်ဖွယ်ရှိ သည်ဟု သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ ၌ အခြေစိုက်သည့် ရုရှားအမြဲတမ်းကိုယ် စားလှယ် မစ်ခေးလ်အူယာနော့က ပြောသည်။ ရုရှားနိုင်ငံ၏ အဆိုပါ ပြောဆိုချက်သည် အီရန်အနေဖြင့် နျူကလီးယား သဘောတူညီချက် ပြန်လည်သတ်မှတ်ရေး ကို မဖြစ်မနေ လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်ဟု ပြောဆိုပြီးနောက်ပိုင်း ထွက်ပေါ် လာခြင်းဖြစ်သည်။
အီရန်အနေဖြင့် ၂ဝ၁၅ ခုနှစ်က လက်မှတ်ရေးထိုးထားသည့် နျူကလီးယား သဘောတူညီချက်ကို ပြန်လည်သတ်မှတ်ရာ၌ အင်အားကြီးနိုင်ငံများနှင့် သဘော တူညီချက်ရရှိစေရေး လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။ နျူကလီးယား သဘောတူညီချက် ပြန်လည်သတ်မှတ်ရေးနှင့် သဘောတူညီချက်မှ နုတ်ထွက် သွားသည့် အမေရိကန် ပြန်လည်ဝင်ရောက် လာနိုင်ရေးနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး ပွဲများကို ဗီယင်နာမြို့၌ ပြန်လည်စတင်နေ ပြီဖြစ်သည်။
အီရန်ကိုယ်စားလှယ်အဖွဲ့သည် အဆိုပါ နျူကလီးယား ဆွေးနွေးပွဲတွင် သဘောတူညီချက် တစ်ရပ်ချမှတ်နိုင်ရေးအတွက် လုပ်ဆောင်မည်ဖြစ်ပြီး အကောင်းဆုံး ရလဒ်များကို ထွက်ပေါ်လာစေရန် ဆောင်ရွက်မည်ဟု ဆုံးဖြတ်ထားသော်လည်း လက်တွေ့တွင် အခက်အခဲများနှင့်တွေ့ကြုံ ရဖွယ်ရှိသည်။ အကြောင်းမှာ အီရန်အနေ ဖြင့် လက်ရှိကျင်းပနေသည့် ဆွေးနွေးပွဲတွင် နျူကလီးယား သဘောတူညီချက်နှင့် ပတ်သက်၍ ၎င်း၏ရပ်တည်ချက်အသစ်ကို ဆွေးနွေးဖက်နိုင်ငံများသို့ တင်ပြဖွယ် ရှိသည်။ တစ်ချိန်တည်းမှာပင် အီရန်သည် ပိတ်ဆို့ခြင်းကို ခံထားရသည့် နိုင်ငံတစ် နိုင်ငံအဖြစ် ရှိနေဆဲဖြစ်သည်။ ထိုသို့အခြေအနေကို အီရန်က ပြောင်းလဲပစ်ရန် ဆန္ဒရှိနေဖွယ်ရှိသည်။
ထို့ကြောင့် အရေးယူပိတ်ဆို့မှု တချို့ကို ဖယ်ရှားနိုင်ရေးအတွက် အီရန်အစိုးရအနေ ဖြင့် နျူကလီးယား သဘောတူညီချက်နှင့် စပ်လျဉ်း၍ အင်အားကြီး နိုင်ငံများနှင့် သဘောတူညီချက် ချမှတ်နိုင်ရန် လိုလားလျက် ရှိကြောင်း ပြောဆိုထားခြင်းဖြစ်သည်။ သို့ရာတွင် ဆွေးနွေးဖက်နိုင်ငံများအနက် အမေရိကန်၏ ရပ်တည်ချက်သဘောထားမှာ ဆက်လက်တင်းမာနေမည့် အလားအလာရှိသည်။ အီရန်က ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်နေသည့် ကာလအတွင်း နျူကလီးယားသဘော တူညီချက် ပြန်လည်သတ်မှတ်ရေး အတွက် ရလဒ်ကောင်း ထွက်ပေါ်လာခြင်း မရှိပါက သို့မဟုတ် လက်ဆုပ်လက်ကိုင် ပြသနိုင် လောက်သည့် ရလဒ်များ ထွက်ပေါ်လာခြင်းမရှိပါက အမေရိကန်အနေဖြင့် ပိတ်ဆို့ မှုများကို ဖယ်ရှားပေးမည့် အလားအလာ နည်းပါးလျက်ရှိသည်။ ထို့ကြောင့် တင်းမာ သည့် အမေရိကန်၏ ရပ်တည်ချက်သဘောထားနှင့် အီရန်အပေါ်ထားရှိသည့် မူဝါဒ များနှင့်စပ်လျဉ်း၍ အင်အားကြီးနိုင်ငံတချို့ က အမေရိကန်အပေါ် ဝေဖန်ပြောဆိုထားသည်။
အီရန်နျူကလီးယား သဘောတူညီချက်ကို အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ ကြား၂ဝ၁၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်ပြီး အဆိုပါ သဘောတူညီချက်အရ အီရန်အပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများအနက် တချို့ကို အင်အားကြီးနိုင်ငံများက ဖြေလျှော့ပေးမည်ဖြစ်ပြီး အပြန်အလှန် အားဖြင့် အီရန်က ၎င်းတို့၏ နျူကလီးယား အစီအစဉ်ကို လျှော့ချရမည်ဖြစ်သည်။သို့ရာတွင် အဆိုပါ သဘောတူညီချက်မှ အမေရိကန်က သမ္မတဒေါ်နယ်ထရမ့် လက်ထက်တွင် တစ်ဖက်သတ် နုတ်ထွက် သွားပြီးနောက် နျူကလီးယား သဘော တူညီချက်မှာ ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေသို့ ရောက်ရှိသွားသည်။
နျူကလီးယား သဘောတူညီချက်နှင့် စပ်လျဉ်း၍ ဒေါ်နယ်ထရမ့်၏ သဘောထား တင်းမာနေသည်ကို ယခင်က ၎င်းပြောဆိုခဲ့သည့် စကားများက သက်သေပြလျက် ရှိသည်။ နျူကလီးယား သဘောတူညီချက် သည် အမေရိကန်အတွက် မည်သည့် အကျိုးမျှမရှိဟူသော ယူဆချက်သက်သက်ဖြင့် ဥရောပမဟာမိတ် နိုင်ငံများက တားမြစ် နေသည့်ကြားမှ နုတ်ထွက်သွားသည့် အတွက် ပျက်သုဉ်းမည့် အလားအလာနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်မှစ၍ ဗီယင်နာ မြို့၌ကျင်းပသည့် နျူကလီးယား ဆွေးနွေး ပွဲများမှာ ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။ ယခု အခါ အမေရိကန်၌ ဒေါ်နယ်ထရမ့် ရာထူး မှ အနားယူသွားပြီဖြစ်သကဲ့သို့ အီရန်၌ လည်း အစိုးရသစ် တက်ရောက်လာပြီဖြစ် သည်။
အီရန်နှင့် အမေရိကန်တို့၌ အစိုးရအဖွဲ့ အပြောင်းအလဲများ ဖြစ်ပွားပြီးနောက် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အမေ ရိကန်က ကမ်းလှမ်းမှုများ လုပ်ဆောင်ခဲ့သော်လည်း အဆိုပါ ကမ်းလှမ်းချက်များကို အီရန်က အကြိမ်ကြိမ် ပယ်ချခဲ့သည်။အကြောင်းမှာ အမေရိကန်၌ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်သွားသော်လည်းအီရန်အပေါ် ထားရှိသည့် သဘောထားနှင့် နျူကလီးယား သဘောတူညီချက်အပေါ်ထားရှိသည့် အမေရိကန်အစိုးရ၏ ရပ်တည် ချက်မှာ ပြောင်းလဲမှုမရှိနိုင်ဟု အီရန်က ရှုမြင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယခုကျင်းပလျက်ရှိသည့် ဆွေးနွေးပွဲတွင် လည်း အီရန်နှင့် တခြားဆွေးနွေးဖက် နိုင်ငံ များကြား အထူးသဖြင့် အမေရိကန်တို့ကြား အချေအတင်ဆွေးနွေးမှုများ လုပ် ဆောင်ရမည့် အလားအလာရှိသည်ဟုဆို နိုင်သည်။ အမေရိကန် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နျူကလီးယား သဘောတူညီချက် ပြန်လည်သတ်မှတ်ရေးတွင် အီရန်ကို အလျှော့ပေးမည့် အလားအလာ မရှိသလောက် နည်းပါးနေသည်။ အကြောင်းမှာ အမေရိကန်အစိုးရ အနေဖြင့် နျူကလီးယား သဘောတူညီချက်နှင့် စပ်လျဉ်း၍ အပြု သဘောဆောင်ပြီး တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် အသင့်ရှိနေသည်ကို ကမ္ဘာ့နိုင်ငံများအား ပြသနေခြင်းဖြစ်ပြီး သဘောတူညီချက် တစ်စုံတစ်ရာ ချမှတ်နိုင် ခြင်းမရှိပါက အမေရိကန်က ၎င်းတို့ ကြိုတင်စီစဉ်ထားသည့် Plan Bကိုအသုံးပြု၍ အီရန်ကို ဖိအားပေးမည့် နည်းလမ်းကိုသာ ဆက်လက် အသုံးချဖွယ် ရှိနေကြောင်း ရေးသား တင်ပြလိုက်ရပါ သည်။ ။
Ref: Sputnik, ST