မြန်မာ့လက်ရွေးစင် ကစားသမားဇော်မင်းထွန်း ထိုင်းကလပ် ဆူခိုထိုင်းနှင့် စက်တင်ဘာလတွင် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမည်

ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းတွင် ကစားနေသည့် မြန်မာ့လက်ရွေးစင် ကစားသမား  ဇော်မင်းထွန်းသည်   စက် တင်ဘာလတွင် စာချုပ်သက်တမ်းတိုးရန် အသင်းနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ဇော်မင်းထွန်းသည် ယခုနှစ် ဘောလုံး ရာသီအစတွင်  ထိုင်းကလပ်  ဆူခိုထိုင်း အသင်းသို့ တစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ ခဲ့ပြီး  အောက်တိုဘာလတွင်  အသင်းနှင့်    စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

ထို့ကြောင့် စက်တင်ဘာလတွင် အသင်းနှင့် စာချုပ်သက်တမ်းတိုးမည့် ကိစ္စဆွေးနွေးမည် ဖြစ်သည်။

“ဆူခိုထိုင်းအသင်းနဲ့ အောက်တိုဘာလကုန်မှာ   စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်လို့ ဒီလကုန်မှာ သက်တမ်းတိုး၊ မတိုး ဆွေးနွေးဖို့ ရှိပါတယ်။ အသင်းကတော့ ကစားသမားသစ်ခေါ်ဖို့ မရှိပါဘူး။ လက်ရှိ ကစားသမားစာရင်းအတိုင်း သွားမယ်လို့ ပြောထားလို့  စာချုပ်သက်တမ်းတိုးဖို့ အသင်းဘက်က  ဆွေးနွေးဖို့များပါတယ်”ဟု ဇော်မင်းထွန်းက ပြောသည်။

ဇော်မင်းထွန်းသည် ၂၀၁၉ ရာသီတွင် ထိုင်းလိဂ်သို့ စတင်ပြောင်းရွှေ့ကစားခဲ့ပြီး ပြီးခဲ့သည့်ရာသီက ချောင်ဘူရီအသင်းတွင် ကစားခဲ့ကာ  ယခုရာသီတွင်   ဆူခိုထိုင်း အသင်းသို့  ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ဇော်မင်းထွန်းသည် ရာသီအစလေးပွဲတွင် နှစ်ပွဲ ပွဲထွက်ကစားခွင့်ရထားကြောင်း သိရ သည်။                            

ကိုရဲ