နေပြည်တော် ဒီဇင်ဘာ ၁
အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အချို့နေရာများတွင် အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် ကလေးသူငယ်များ ပညာသင်ကြားနေသည့် စာသင်ကျောင်းများကိုပါ လက်လုပ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးလျက်ရှိသည်။
ထိုသို့အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လျက်ရှိရာ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းအနီး၌ အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့်ဖောက်ခွဲခဲ့ရာ ကျောင်းရှေ့ရှိ လုံခြုံရေးဂိတ်တဲ မျက်နှာကြက်နှင့် အနီးတွင် ရပ်ထားသော ဆိုင်ကယ် ၃ စီးပျက်စီးခဲ့ပြီး လုံခြုံရေးဂိတ်တဲ အနီးတွင်ရှိနေသူ ကျေးရွာအထောက်အကူပြုအဖွဲ့ဝင် ဦးအောင်ဘဟိန်း(၄၅)နှစ် (ဘ)ဦးသန်းရွှေတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး ပွင့်ဖြူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ပေါ်ဦးရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ခြံစည်းရိုးအနီး အကြမ်းဖက်သူများက မိုင်းဖောက်ခွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် အုတ်နံရံ အနည်းငယ် ပဲ့ထွက်ပျက်စီးပြီး အခင်းဖြစ်နေရာ အနီးမှ သံပိုက်အပိုင်းအစများ၊ လျှပ်စစ်ဝိုင်ယာကြိုးများ တပ်ဆင်ထားသည့် ဒီတိုနေတာ အပိုင်းအစများအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းများ လုံခြုံရေးနှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံရေးအတွက် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိသော်လည်း အကြမ်းဖက်သမား များအနေဖြင့် လစ်ဟာမှုရှိသည့် နေရာများကို ယခုကဲ့သို့ မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဝိုင်းဝန်းကာကွယ်တားဆီးရန် လိုအပ်မည်ဖြစ်ပြီး မိမိပတ်ဝန်းကျင်၌ အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု တစ်စုံတစ်ရာတွေ့ရှိပါက လျှို့ဝှက်စွာဆက်သွယ် သတင်းပေးပို့ခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံ သတင်းထုတ်ပြန်အပ်ပါသည်။