တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရှေ့မြောက်တိုင်းစစ် ဌာနချုပ် နယ်မြေအတွင်း တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် လုံခြုံရေးတာဝန်ထမ်းဆောင် နိုင်မှ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရှေ့မြောက်တိုင်းစစ် ဌာနချုပ် နယ်မြေအတွင်း တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် လုံခြုံရေးတာဝန်ထမ်းဆောင် နိုင်မှုအခြေအနေများအား စစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ - ၁၇
    
အမျိုးသားရေး၊ အမျိုးသားနိုင်ငံရေးဆိုသည်မှာ မိမိတိုင်းပြည်ကို ကောင်းမွန်အောင်၊ တိုးတက်အောင် လုပ်ဆောင်ချက်မှန်သမျှကို ဆိုလိုခြင်းပင်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းသည်လည်း မိမိနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် မိမိနိုင်ငံကို ကောင်းအောင် ဆောင်ရွက်ခြင်းဖြစ်သဖြင့် ပြင်းပြသောစိတ်ဆန္ဒဖြင့် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊  လက်ရှိအချိန်တွင် (COVID-19) ရောဂါကူးစက်မှုနှုန်းမြန်ဆန်နေသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်၊ လမ်းညွှန်ချက်များအတိုင်း အပြည့်အ၀ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ပြည်သူမှ ပေါက်ဖွားလာပြီး နိုင်ငံတော်နှင့် ပြည်သူ၏ အစိတ်အပိုင်းဖြစ်သဖြင့် မည်သည့် အခက်အခဲမျိုးကိုမဆို ပြည်သူနှင့် လက်တွဲပြီး အေးအတူ၊ ပူအမျှ မျှဝေခံစားကာ ကြံ့ကြံ့ခိုင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ပြည်သူကအားကိုးရသော၊ နိုင်ငံတော်က အားထားရသော တပ်မတော်ဖြစ်အောင် အမြဲကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း တပ်မတော်နှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက် နိုင်မှုနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်မှု အခြေအနေများအား တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ သွားရောက်စစ်ဆေးစဉ် ထည့်သွင်းပြောကြားသည်။
    
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး (လားရှိုး)မှ  ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဗညားဦးက ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်မြေအတွင်း တပ်မတော် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါး၊ ထိန်းချုပ် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့မှုအခြေအနေများ၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါး ကျေးရွာအုပ်စု၊ လွယ်ခန်ကျေးရွာအနီးတစ်ဝိုက်၌ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်စဉ် မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းများနှင့် လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့မှုအပေါ် အမှုဖွင့်အရေးယူမှုနှင့် ဆက်စပ်သူများအား ဖော်ထုတ်ဖမ်းဆီးရမိမှုအခြေအနေများ၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ဖျက်ဆီးခဲ့သည့် အခြေအနေများ၊ မူးယစ်ဆေးဝါး အသိပညာပေးဟောပြောဆောင်ရွက်မှု အခြေအနေများနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို ဆက်လက်ဆောင်ရွက်သွား မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် အောင်ဇော်အေးက တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နယ်မြေဒေသ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုအခြေအနေများ၊ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ်အကောင်အထည်ဖော်ဆောင်နိုင်မှုအခြေအနေများ၊  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
    
ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်မြေသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ယခင်ကတည်းကပင် ကျော်ဇောမှုများရှိခဲ့ကြောင်း၊ အစိုးရအဆက်ဆက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်း များကို ဆောင်ရွက်ခဲ့သော်လည်း အမြစ်မပြတ်နိုင်သေးသည်မှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိ၍ဖြစ်ကြောင်း၊ ထို့ပြင် အချို့သော တရားမဝင်လက်နက်ကိုင် အဖွဲ့အစည်းများကလည်း မိမိကိုယ်ကျိုးစီးပွားအတွက် မူးယစ်ဆေးဝါးထုတ်လုပ် ဖြန့်ချိမှုများတွင် ပါဝင်ပတ်သက်လျက်ရှိပြီး မူးယစ်ဆေးဝါးမှ ရရှိသည့် မသန့်ရှင်းသော ငွေကြေးများဖြင့် အဓိကရပ်တည်လျက်ရှိကြောင်း၊ ပြောင်းလဲလာသော နည်းပညာများ အရ မူူးယစ်ဆေးဝါးကို ကျဉ်းမြောင်းသည့်နေရာများ၌ပင် ထုတ်လုပ်လျက်ရှိကြောင်း။
    
 ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဘိန်းစိုက်ပျိုးမှုမရှိရအောင် ဆောင်ရွက်ကြရ မည်ဖြစ်ပြီး လုံးဝကင်းစင်သွားအောင် အသိပညာပေးကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ထုတ်လုပ်မှုမရှိစေရေး အတွက် ကုန်ကြမ်း ပစ္စည်းများမရရှိနိုင်အောင် ထိန်းချုပ်ဖြတ်တောက်ကြရမည် ဖြစ်ကြောင်း၊ တားဆီးနှိမ်နင်းရေးအပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များတွင် အဓိက တာဝန်ရှိပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အပိုင်းကို ထိရောက်စွာဆောင်ရွက်နိုင်ခဲ့သည့်အတွက် အသိအမှတ်ပြုချီးကျူးပါကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်မှုမှ တစ်ဆင့်လက်နက်ကိုင်ပဋိပက္ခများကင်းစင်သွားအောင် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ယခုကဲ့သို့ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မူးယစ် ဆေးဝါးကို ထိရောက်စွာနှိမ်နင်းနိုင်ခဲ့သည့်အတွက် အသိအမှတ်ပြု ချီးကျူးပါကြောင်းနှင့် နောင်တွင်လည်း ဆက်လက်ပူးပေါင်း၍ ထိရောက်စွာ ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
    
နယ်မြေဒေသ လုံခြုံရေးအပိုင်းနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်တိုင်းအနေဖြင့် စွမ်းရည်ရှိရမည်ဖြစ်ကြောင်းနှင့် တပ်ဖွဲ့ဝင်တိုင်း လေ့ကျင့်ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ် ကွပ်ကဲသည့် ခေါင်းဆောင်များအနေဖြင့်လည်း ခေါင်းဆောင်ကောင်းပီသစွာဖြင့် ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ချက်၊ ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ဖြင့် အုပ်ချုပ်ကြ ရမည်ဖြစ်ကြောင်း၊ မကြာမီတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ တွင်လည်း ဒေသအတွက်၊ နိုင်ငံ့အတွက်အကျိုးပြုမည့်သူများကို ရွေးချယ်၍ ဆန္ဒမဲ ပေးကြရမည်ဖြစ်ပြီး လုံခြုံရေးနှင့် ပတ်သက်၍ တပ်မတော်မှ ဆောင်ရွက်နိုင်သည်များကို ဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း၊ COVID-19  ရောဂါနှင့် ပတ်သက်၍လည်း လိုအပ်ချက်မှန်သမျှကို ကဏ္ဍပေါင်းစုံမှ အင်တိုက်အားတိုက်ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသအတွင်း နယ်မြေဒေသလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ် သည်များကိုမှာကြားသည်။
    
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးဗဟိုစခန်းသို့ ရောက်ရှိကြပြီး အအေးခန်းဥစားကြက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းမှူးနှင့်မွေးမြူရေးတာဝန်ခံတို့က လိုက်လံရှင်းလင်းတင်ပြကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။