လမြတ်နတ်တော် စာဆိုတော်

မြန်မာတစ်ဆယ့်နှစ်လရာသီတွင် နတ်တော်လသည် နဝမမြောက်လဖြစ်သည်။ နတ်တော်လ ဓနုရာသီတွင် မဟာပိန္နဲနတ်ပူဇော်ပွဲကို ရှေးအခါက ကျင်းပရိုးထုံးစံရှိသည်။  အင်းဝမြို့ဘွဲ့ ဆယ့်နှစ်ရာသီလူးတားတွင် ဂမုန်းအင်နှင့်၊ သဇင်ပွင့်ပေါ်၊  လနတ်တော်ကား၊ ပူဇော်ကြီးစွာ၊ မင်းဆရာတို့၊ မဟာပိန္နဲ ဟု စပ်ဆိုထားသည်။

ကုန်းဘောင်ဆက်  မဟာရာဇဝင်တော်ကြီးတွင်လည်း ဘကြီးတော်မင်းတရားလက်ထက်က မဟာပိန္နဲ ဆင်ယင်ကြောင်းကို နတ်တော်လဆန်း တစ်ဆယ့်ငါးရက်နေ့ မဟာပိန္နဲနတ်ကို ရထားတင်၍ ဗလိနတ်စာပေးတော်မူ၏ ဟု မှတ်တမ်းပြုထားသည်။

နတ်တော်လသည် ဆောင်းဥတုတွင်ပါဝင်သည်။ နတ်တော်ဟူသောဝေါဟာရကို ပုဂံခေတ်ကျောက်စာများ၌ နတ္တာဝ် ဟုလည်းကောင်း၊ နတ်တာ် ဟုလည်းကောင်း၊ နတ္တဝ် ဟုလည်းကောင်း ရေးထိုးထားကြောင်းတွေ့ရသည်။ နတ်တော်လကို ဝေါဟာရလီ နတ္ထဒီပနီကျမ်း၌ အဆိုနှစ်မျိုးတွေ့ရှိရသည်။ ပထမအဆိုမှာ နတ်တော်လ မဟာပိန္နဲနတ်ပူဇော်ပသရသည် ဟုဆိုပြီး ဒုတိယအဆိုမှာ ထိုလ၌ မဟာဂီရိနတ်မောင်နှမကို ပူဇော်ပသရသည်ဟု ပါရှိသည်။

နတ်ကိုပူဇော်ပသရခြင်းကြောင့် နတ်တော်လဟုတွင်ကြောင်း လေ့လာမှတ်သားရသည်။ နတ်တော်လသည် ဗေဒင်အခေါ် ဓနုရာသီဖြစ်ပြီး ထိုရာသီတွင် မိဂသီနက္ခတ်နှင့်လမင်းတို့ ယှဉ်ပြိုင်၍ မွန်းတည့်သည်။

နေမင်းသည် ပြဗ္ဗာသဠ်နက္ခတ်နှင့် ယှဉ်ပြိုင်သည်။ ရာသီရုပ်မှာလေးကိုင်စွဲထားသော ယောကျ်ားရုပ်ဖြစ်သည်။ ရာသီပန်းမှာ သဇင်ပန်းဖြစ်သည်။ ဖိုးသူတော်ဦးမင်း၏ တစ်ဆယ့်နှစ်ရာသီဘွဲ့တွင်  ရှစ်ခွင်ကိုမြူဆင်းလို့၊ ငွေနှင်းတဲ့နုစို။  ဂမုန်းသဇင်တို့၊ စုံခွင်မှာ လေချိုညှင်းက၊ ထုတ်သွင်းဘယ်ညာနှံ့၊ သင်းပျံ့ပျံ့ချို၊ ယုဂန္ဓိုရ်၊ တောင်မိုရ်ထိပ်ဖျား၊  ရွှေလစန္ဒီနှင့်၊ မိဂသီရောင်ခြည်ဖြန်းတယ်၊ မြန်းတူကြွသွား။ ဟူ၍ စပ်ဆိုထားသည်။

ရှေးမင်းများလက်ထက်က ရွှေသိုင်းများ ရှေ့ဆောင်ကာ ဘုရင်မင်းမြတ်အား ဆက်သရမြဲဖြစ်သော မြတ်ပန်းသဇင်ကို ဤနတ်တော်လတွင် ဖူးပွင့်မြဲဖြစ်ကြောင်း ရည်ရွယ်၍ ရှင်ဥတ္တမကျော်က ရွှေသိုင်းဝင့်ချီ၊ မိုးရင့်သီလျက်၊  မတီကေတု၊ တိုင်းဇေယုက၊ သမ္မုတိမှန်၊ ကေသာနှံသည်၊  ရွှေလျှံသဇင်၊ ဂမုန်းအင်လည်း၊  ဥကင်မြင့်ဘောင်၊  ရနံ့လှောင်ခဲ့ ဟု စပ်ဆိုခဲ့သည်။

နတ်တော်လရာသီပန်းဖြစ်သော သဇင်ပန်းကို နတ်ပန်းဟု အယူရှိခဲ့သဖြင့် သဇင်ပန်းသည် တောတွင်း၌သာ ပွင့်သော်လည်း   ဘုရင်မင်းမြတ်အား  ရှေးဦးစွာ ဆက်သပြီးမှ အများပြည်သူတို့ ဆွတ်ယူပန်ဆင်ကြောင်းသိရသည်။ နတ်သဇင်ပန်းဖူးပွင့်သည့် နတ်တော်လအခါ သမယတွင် ရှေးမြန်မာမင်းများ လက်ထက်က နတ်ပွဲသဘင်နှင့် ဆင်ဖမ်းပွဲများ ကျင်းပလေ့ရှိခဲ့သည်။

အင်းဝနန်းတည် ဘိုးတော်ဘုရားလက်ထက်တွင် ဗြဟ္မဏပုဏ္ဏားတို့၏ ဝါဒအဟောင်းများကို စာပေတို့မှ ထုတ်ပယ်၍ မြန်မာစာပေကို သန့်စင်စေခဲ့သည်။ ဗြဟ္မဏပုဏ္ဏားပညာရှိများကိုလည်း ဟူးရားသမားအဖြစ် သီးခြားခန့်ထား၍ သက်ဆိုင်ရာကဏ္ဍ၌သာ အမှုထမ်းစေခဲ့သည်။ ထိုအချိန်မှစတင်၍ နတ်တော်လတွင် နတ်ပူဇော်ပွဲများမကျင်းပတော့ဘဲ မြန်မာစာပေပညာရှင်ကြီးများအား ချီးမြှောက်ပူဇော်သော ပွဲတော်ရာသီအဖြစ် သတ်မှတ်ကျင်းပခဲ့ကြသည်။ စာပေပညာရှင်ကြီးများနှင့်တကွ  ထူးချွန်သောအုပ်ချုပ်ရေး၊  ဘာသာရေး၊ လူမှုရေးဆိုင်ရာ ပုဂ္ဂိုလ်များကိုပါ ချီးမြှောက်ထောက်ပံ့ခဲ့သည့် နတ်တော်လပွဲတော် အစဉ်အလာသည် အင်းဝခေတ်မှ ရတနာပုံခေတ်သို့ တိုင်အောင် ထွန်းတောက်ခဲ့သည်။

စာဆိုတော်ဟူသော ဝေါဟာရသည် ရှေးအခါက ကဗျာပညာရှင်၊ ကဗျာနှင့်ခွဲခြားမရဖြစ်ခဲ့သည်။ ကဗျာတတ်သူကို ကဝိ၊ ကဝိကို စာဆိုဟုကင်ပွန်းတပ်ပြီး ကဗျာဆို၊ စာဆိုရာ၌ အကျော်ဆုံး၊ အတော်ဆုံးဖြစ်သူကို စာဆိုတော်ဟုထပ်မံ ကင်ပွန်းတပ်သည်။ ကဗျာကိုမည်မျှ အလေးထားသနည်းဆိုသော် ဘာသာစကားသည် အပင်ဟုဆိုလျှင် ကဗျာသည် အသီးအပွင့်ဟု ဆိုသည်။ ကဗျာသည် ဘာသာစကား၏ အမြုတေအဆီအနှစ်၊ ဘာသာစကား၏ အမွှမ်းတင်အဆင်တန်ဆာဟု အသိအမှတ်ပြု ကြသည်။

စာဆိုတော်ဆိုသည်မှာ ကဗျာရေးထုံး များနှင့်အညီ အက္ခရာတင်၍ မရေးဘဲ အလွတ်လက်တန်းရွတ်ရာ၌ အကျော်အမော်ဖြစ်ခြင်းပင် ဖြစ်သည်။ စာဆိုတော်သည် အနက်အစစ်ရေးသူမဟုတ်၊ စာဆိုသူသာဖြစ်သည်။

သို့ရာတွင် စိန္တာကဝိ၊ အတ္ထကဝိ၊ သုတကဝိ၊ ပဋိဘာနကဝိဟူ၍ ကဝိလေးပါးရှိသည်ဖြစ်ရာ ကဗျာအရာ၌သာမက စာရေးသူ၊ စာပြုသူများကိုလည်း ပရိယာယ်အားဖြင့် စာဆိုတော်ဟုမှတ်ယူရသည်။

ရှေးခေတ်က နိုင်ငံ့ဝန်ထမ်းအရာထမ်း၊ အမှုထမ်းများအနက် လက်ရုံးရည်၊ နှလုံးရည်ထူးချွန်သောသူများကို နတ်တော်လ၌ အခမ်းအနားဖြင့် အဆောင်အယောင်များ ချီးမြှင့်ပေးအပ်လေ့ရှိသည်။   ထိုပွဲသဘင်မှာ မြှောက်စားသင့်သည်ကို မြှောက်စားခြင်းဖြစ်၍ လူကောင်း၊ လူတော်များ တိုးတက်လာအောင် လမ်းခင်းပေးခြင်းတစ်ရပ်လည်း ဖြစ်သည်။  ဘိုးတော်ဘုရားလက်ထက်တွင်မူ မြင့်မြတ်သော ပညာရှင်များအား ချီးမြှောက်မှုပိုမိုအား ကောင်းလာခဲ့ကြောင်းတွေ့ရသည်။

မြန်မာတို့ သူ့ကျွန်ဘဝ ကျရောက်ခဲ့စဉ်ကာလတွင် မြန်မာစာပေအား ပျော့မှေးမှိန်ခဲ့ရသည်။ နိုင်ငံ့လွတ်လပ်ရေးအတွက် အမျိုးသားရေး စိတ်ဓာတ်များ နိုးကြားလာသော ကိုလိုနီခေတ်နှောင်းပိုင်း ကာလသို့ ရောက်သည့်အခါမှသာ မြန်မာစာပေသည်ပြန်လည်ဦးမော့လာရသည်။ တစ်ဆက်တည်းမှာပင် မြန်မာစာရေး ဆရာများ၏ စုစည်းမှုများလည်း ပေါ်ထွန်းလာခဲ့သည်။

၁၃၀၆ ခုနှစ်တွင် ပညာရေးဝန်ကြီးဦးလှဝင်း၊ ဒီးဒုတ်ဦးဘချို၊ သူကြီးဂေဇက်ဦးခင်မောင်၊ ဦးသိန်းဟန် (ဆရာဇော်ဂျီ)၊ ဦးကောင်း၊ သူရိယဦးသိမ်းမောင်၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဇဝန၊ မြို့မဆရာဟိန် စသည့်မြန်မာနိုင်ငံ စာရေးဆရာများ အသင်းအမှုဆောင်အဖွဲ့နှင့် စာပေဆိုင်ရာပုဂ္ဂိုလ်များ ဆွေးနွေးညှိနှိုင်း၍ နှစ်စဉ်နတ်တော်လဆန်း ၁ ရက်ကို စာဆိုတော်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ မြန်မာနိုင်ငံစာရေးဆရာ အသင်းဖွဲ့စည်းပြီးနောက်   လေးနှစ်မြောက်သို့ရောက်မှ စာဆိုတော်နေ့အဖြစ် သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ခရစ်နှစ် ၁၉၃၉ ခုနှစ် မတိုင်မီက စာရေးဆရာများ အသင်းမရှိသေးဘဲ စာရေးဆရာတချို့စုဖွဲ့ထားသော ကလောင်အဖွဲ့ သာရှိသည်။ ၁၉၃၉ ခုနှစ်သို့ရောက်မှသာ ဒီးဒုတ်ဦးဘချိုဦးဆောင်၍ စာရေးဆရာများအသင်းကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဦးစွာ မြန်မာပြည်စာရေးဆရာများအစည်းအရုံး ဟု ခေါ်တွင်ခဲ့ပြီး ဂျပန်ခေတ်တွင် မြန်မာနိုင်ငံစာရေးဆရာများအသင်း ဟူ၍ မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။

ပြန်လည်ဖွဲ့စည်းသော ဂျပန်ခေတ်မြန်မာနိုင်ငံစာရေးဆရာအသင်းတွင် ဥက္ကဋ္ဌမှာ သူရိယဦးသိမ်းမောင်ဖြစ်ပြီး ငွေထိန်းအဖြစ် ဒဂုန်ခင်ခင်လေး၊ အမှုဆောင်လူကြီးများအဖြစ် မဟာဆွေ၊ ဒဂုန်နတ်ရှင်၊ ဒဂုန်ရွှေမျှား၊ ဇေယျ၊ ရွှေပိန်သောင်း၊ သင်္ခါ၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ မြို့မမောင်၊ မြန်မာ့ရုပ်ရှင်ဦးမောင်မောင်၊ ဆရာကျော်၊ ဆရာစိန်၊ မြဒေါင်းညို၊ ဇဝနနှင့်သုခတို့ပါဝင်သည်။

စာရေးဆရာအသင်း၏ပထမဆုံးစာဆိုတော်နေ့ကို ရွှေဂုံတိုင်လမ်း၊ ဒဂုန်ခင်ခင်လေး စာအုပ်တိုက်မျက်နှာစာရှိ မြက်ခင်းပြင်တွင် ကျင်းပခဲ့သည်။ ၁၃၀၆ ခုနှစ် နတ်တော်လဆန်း ၁ ရက် (၁၉၄၄ ခုနှစ် နိုဝင်ဘာလ) တွင် ကျင်းပသော အဆိုပါ ပထမဆုံး စာဆိုတော်နေ့တွင် မြန်မာစာဆိုတော် အကျော်အမော်များ ဖြစ်ကြသော အနန္တသူရိယ၊ လက်ဝဲသုဒ္ဒရ၊ နတ်ရှင်နောင်၊ နဝဒေး၊ ဦးပေါ်ဦး၊ မမြကလေး၊ လှိုင်ထိပ်ခေါင်တင်၊ ဦးပုည၊ အချုပ်တန်းဆရာဖေ စသောပုဂ္ဂိုလ်များ၏ စာပေဂီတ၊ ကဗျာများရွတ်ဆို ချီးကျူး ဂုဏ်ပြုခဲ့ကြသည်။

နောက်ပိုင်းသို့ ရောက်ရှိလာသောအခါ စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲများ၊ ကဗျာရွက်ဆိုပွဲများ၊ စာပေဆုနှင်းသဘင်ပွဲများ၊ သက်ကြီးစာပေပညာရှင်ကြီးများကန်တော့ပွဲများကို နိုင်ငံတစ်ဝန်းတွင် ခြိမ့်ခြိမ့်သဲသဲ ကျင်းပလာခဲ့ကြသည်။ ယခုအခါ မြန်မာနိုင်ငံစာရေးဆရာ အသင်းကြီးက မျိုးစေ့ချပေးခဲ့သော စာဆိုတော်နေ့ (နတ်တော်လဆန်း ၁ ရက်) နေ့တွင် နိုင်ငံတော်အစိုးရ အဆက်ဆက်က စာပေဆုနှင်းသဘင် ကျင်းပ၍ ဆုချီးမြှင့်သည့် အခမ်းအနားပြုလုပ်ပေးခြင်းသည် အစဉ်အလာ တစ်ရပ်သဖွယ် ဖြစ်လာပေသည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကို ဖွဲ့စည်းခဲ့ပြီး   အမှောင်ခွင်း၍ အလင်းဆောင်အံ့ ဆောင်ပုဒ်နှင့်အညီ စာအုပ်အမျိုးမျိုး ဖြန့်ချိထုတ်ဝေခဲ့သည်။  အသင်း၏ရည်ရွယ်ချက်တွင် အပါအဝင် ဖြစ်သောစာပေနှင့်  မြန်မာ့ယဉ်ကျေးမှု မြှင့်တင်အားပေးရေးအတွက်  စာပေလောကတွင် စာကောင်းပေမွန်များ ထွက်ပေါ်လာစေရန် ရည်သန်၍ စာပေဗိမာန်ဆုချီးမြှင့်ပေးအပ်ခဲ့သည်။ ပထမဆုံး စာပေဗိမာန်ဆုအဖြစ် ၁၉၄၈ ခုနှစ်တွင် မင်းအောင်ရေးသည့် မိုးအောက်မြေပြင်ဝတ္ထု ကရရှိခဲ့သည်။

နောင်တွင် ဝတ္ထုအပြင် ဘာသာပြန်စာပေဆု၊ စာပဒေသာဆု၊ သုတပဒေသာဆု၊ ကဗျာနှင့်ပြဇာတ်စာပေ၊ ကလေးစာပေ၊ ဝတ္ထုတိုစသည်ဖြင့် အဆင့်ဆင့်အမျိုးအစားတိုး၍ ချီးမြှင့်ခဲ့သည်။

အမျိုးသားစာပေဆုကို ၁၉၅၈ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၆ ခုနှစ်အထိ အမျိုးသား စာပေဆုကို  သီးခြားချီးမြှင့်သော်လည်း  ၁၉၈၇ ခုနှစ်မှစ၍ စာပေဗိမာန်စာမူဆု များနှင့်အတူ ပူးတွဲချီးမြှင့်ခဲ့သည်။  ယခုအခါ  ၂၀၀၁  ခုနှစ်မှ စတင်ချီးမြှင့်သော အမျိုးသားစာပေတစ်သက်တာဆု အပါအဝင် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများကို နှစ်စဉ်နတ်တော်လဆန်း ၁ ရက်နေ့ရောက်တိုင်း ဆုရွေးချယ်ချီးမြှင့်လျက်ရှိသည်။ ထို့ကြောင့် အမျိုးသားရေးဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးကဏ္ဍ အသီးသီးတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်ဝိညာဉ်ဖြစ်သည့် စာပေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ လသည် နတ်တော်လဟု ဆိုနိုင်သည်။

စာကောင်းပေမွန်များသည် ရတနာသဖွယ်ဖြစ်ပြီး ပညာဗဟုသုတနှင့် ဉာဏ်အမြော်အမြင်တို့၏ ရေသောက်မြစ်သဖွယ်ဖြစ်သလို ယင်းအကြားအမြင် ဗဟုသုတများသည်ပင်လျှင် ဘဝအတွက် ခွန်အားများ ဖြစ်သည်။ ဘဝခရီးတွင်အကြားအမြင်ဗဟုသုတမရှိဘဲ လုံ့လစိုက်ထုတ်နေခြင်းသည် အလင်းရောင်မပါဘဲ လျှောက်လှမ်းနေခြင်းသာ ဖြစ်သည်။ စာဖတ်ခြင်းသည် ဘဝအတွေ့အကြုံများ၊ သင်ခန်းစာများကို လေ့လာသင်ယူနေခြင်းဖြစ်၍ လူတိုင်းစာကောင်းပေမွန်များကို ဖတ်လာသည်နှင့်အမျှ မြန်မာ့လူ့ဘောင် အဖွဲ့အစည်း၏ တန်ဖိုးသည်လည်း ပိုမိုမြင့်မားလာမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် စာပေမြင့်မှ လူမျိုးတင့်မည်ဆိုသလို မြန်မာစာပေတိုးတက်ထွန်းကားဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုမည့် စာကောင်းပေမွန်များ ပေါ်ထွက်လာရေးတွင် နတ်တော်လ၌ ကျင်းပပြုလုပ်သော  စာပေဆုနှင်းသဘင်က  ကြီးမားစွာအထောက်အကူပြုသည့်အတွက် လမြတ်နတ်တော်စာဆိုတော် ဟု ကင်ပွန်းတပ်ရမည်ပင် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။    ။

လင်းအရုဏ်ဉီး(ပဲခူး)