တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်မြေအတွင်း မူးယစ်ဆေးဝါးကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်၊ (COVID-19) ရောဂါ ကာကွယ်ထိ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်မြေအတွင်း မူးယစ်ဆေးဝါးကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်၊ (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၇
    
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးနှင့် ကျန်းမာရေးဌာနတို့မှ တာဝန်ရှိသူများ နှင့် မြို့မိမြို့ဖများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံ၍ မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ( COVID-19) ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။
    
အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၊ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)မှ  ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဗညားဦးနှင့် ဌာနဆိုင်ရာများ၊ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
    
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ခဲ့သည့်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်း၊ (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များနှင့် ပတ်သက်၍ပြောကြားရာတွင် မိမိအနေဖြင့် ရှမ်းပြည်နယ်အတွင်း အရာရှိငယ်ဘဝတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါး ကျေးရွာအုပ်စု၊ လွယ်ခန် ကျေးရွာအနီးတစ်ဝိုက်၌ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်စဉ် မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းများနှင့် လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည့်အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ကိုယ် တိုင်ကိုယ်ကျ ချီးကျူးရန်နှင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာအဖွဲ့ဝင်များအတွက်   (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်ရန် လာရောက်ခဲ့ခြင်းဖြစ်ပါကြောင်း။
    
ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေအတွင်း ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၁၅ ရက်အထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် ၉၃၁ ကြိမ်၊ ကာလ တန်ဖိုးငွေကျပ် ၄၉၅ ဒသမ ၅၀ ဘီလီယံခန့်(အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၃၀ ဒသမ ၃၃ သန်းခန့်) ဖမ်းဆီးရမိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ဖမ်းဆီးရမိမှုအနေဖြင့် ၁၂၇၀ ကြိမ်၊ ကာလတန်ဖိုးငွေကျပ် ၈၈ ဒသမ ၁၆ ဘီလီယံခန့်(အမေရိကန်ဒေါ်လာ  သန်းပေါင်း ၅၈ ဒသမ ၇၆ သန်းခန့်) ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ ဖမ်းဆီးရမိသည့်အတွက် ဂုဏ်ယူသော်လည်း မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါး မကင်းစင်သေးကြောင်း ဖော်ပြသကဲ့သို့ဖြစ်နေကြောင်း၊ မိမိတို့နိုင်ငံ၌ မူးယစ်ဆေးဝါးကို ပပျောက်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အတိတ်ကိုလက်ညှိုးထိုး နေ၍မရဘဲ ပစ္စုပ္ပန်တွင် ရောက်ရှိနေသည့်သူများက အတိတ်ကိုသင်ခန်းစာယူ၍ အနာဂတ်ကိုကောင်းအောင် ဖန်တီးကြရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက် ရေးကို နိုင်ငံ့အရေး၊ အမျိုးသားရေး အဖြစ်ဆောင် ရွက်ကြရမည်ဖြစ်ပြီး အမျိုးသားရေးကို လူမျိုးစွဲဟု အဓိပ္ပာယ်ဖွင့်ဆိုမှုမလွဲကြစေလိုဘဲ နိုင်ငံကိုကောင်းအောင် ဆောင်ရွက် ခြင်းသည် အမျိုးသားရေးပင်ဖြစ်ကြောင်း၊  နိုင်ငံအတွင်း မှီတင်းနေထိုင်သည့် မည်သည့် လူမျိုးပင်ဖြစ်စေ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကြသည့် မြန်မာနိုင်ငံသားများ ဖြစ်သည့်အတွက် နိုင်ငံ့ကောင်းရာကောင်းကျိုးကို ဝိုင်းဝန်းသယ်ပိုးကြစေလိုကြောင်း။
    
COVID-19 ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၌ ယနေ့နံနက်ပိုင်းအထိ  ရောဂါပိုးအတည်ပြုလူနာ ၃၈၉၄ ဦး၊ သေဆုံးသူ ၄၆ ဦးရှိပြီဖြစ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတွင် ဖြစ်ပွားမှု ပမာဏနည်းပါးသည်ဆိုသော်လည်း သတိထား၍ နေထိုင်သွားလာ ကြစေလိုကြောင်း၊ မိမိတို့နိုင်ငံ၌ အစောပိုင်းကာလများတွင် ရောဂါဖြစ်ပွားမှုနှုန်းနည်း ပါးခဲ့ပြီး သြဂုတ်လနောက်ပိုင်းမှစ၍ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်လာခဲ့ကြောင်း၊ ယခုထက် ပိုမို၍လည်း တိုးပွားလာနိုင်သည်ကို သုံးသပ်တွေ့ရှိရသဖြင့် တစ်ဦးချင်း အသိတရားဖြင့် ဆင်ခြင်နေထိုင်ကြရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးတွင် အသိပညာပေးမှု အပိုင်း၊ ကြိုတင်ကာကွယ်ခြင်းအပိုင်းနှင့် ကုသခြင်းအပိုင်းဟူ၍ ရှိပြီး ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် တိုက်တွန်းချက်၊ တားမြစ်ချက်၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို လိုက်နာကြရန်လိုကြောင်း၊ ယခုလာရောက်ချိန်တွင် ဒေသခံပြည်သူလူထုနှင့် ဌာနဆိုင်ရာ အဖွဲ့ဝင်များအတွက် COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေး အထောက်အကူ ပြုပစ္စည်းများကို ပေးအပ်ရန်ယူလာခဲ့ပါကြောင်း၊ ပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း အတိုင်းအတာတစ်ခုထိ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် COVID-19 ရောဂါစတင်ဖြစ်ပွားသည့် အချိန်မတိုင်မီကပင် တပ်မတော်သားများ၊ မိသား စုဝင်များအပြင် ပြည်သူလူထု၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်း ဟောင်းများ၊ မိသားစုဝင်များအတွက် ဆေးအကာအကွယ်ပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အခြားလိုအပ်သည်များကို လုပ်ဆောင်နိုင်သည်မှန်သမျှ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့ပြင် အခြေခံလူတန်းစားများ၊ သဘင်၊ ဂီတ၊ ပန်းချီ စသည့် အနုပညာရှင်များ၊ မီဒီယာအဖွဲ့အစည်းများ၊ အားကစားသမား များနှင့်အခြားပုံမှန်ဝင်ငွေ မရှိနိုင်သူများကို ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့်အမယ် ၄ မျိုးကို ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြား နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တစ်စိုက်မတ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ပြည်စုံနေ၍ ဆောင်ရွက်ပေးနေခြင်းမဟုတ်ဘဲ ပြည်သူများနှင့်အတူ အခက်အခဲမှန်သမျှကို မျှဝေခံစားပြီး ကူညီဆောင်ရွက်ပေးနေခြင်းသာဖြစ်ကြောင်း။
    
ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက် ရန် ရေခံမြေခံကောင်းနှင့် သယံဇာတများစွာရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ သည် ဈေးကွက်ရှိပြီးသားဖြစ်သဖြင့် သတ်မှတ်ထားသည့်စံချိန်စံညွှန်းများနှင့်အညီထုတ် လုပ်နိုင်ပါက ပြည်တွင်းဈေးကွက်အပြင် ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချနိုင်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ပြီး အကျိုးမရှိ မဖြစ်စေလိုကြောင်း၊ အိမ်နီးချင်းနိုင်ငံ၏လိုအပ်ချက်ဖြစ်သည့် ဆန်စပါး၊ အစေ့ထုတ်ပြောင်း၊ အသားစားကြက်၊ အသားစားနွားတို့ကို မွေးမြူဖြန့်ဖြူးနိုင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်တွင် စိုက်ပျိုး မွေးမြူ ရေးဇုန်များ သတ်မှတ်၍ တွင်ကျယ်စွာဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသ အတွင်း ဆောင်ရွက်မည်ဆိုပါက တပ်မတော်မှ လိုအပ်သည်များ ကူညီဆောင်ရွက် ပေး မည်ဖြစ်ကြောင်း၊ ဈေးကွက်ဝင်သည့် ဒေသထုတ်ကုန်များကို ထုတ်လုပ်ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးကို အကျိုးပြုနိုင်ကြရမည်ဖြစ်ကြောင်း။
    
ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် အရည်အသွေးမြင့် ထုတ်ကုန်များကို ထုတ်လုပ် နိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင်များလိုအပ်သည်ဖြစ်၍ ပညာရေးကို အားပေးကြ ရန်လိုအပ်ပြီး လူသားအရင်းအမြစ်များကို မွေးထုတ်ကြရမည်ဖြစ်ကြောင်း၊ ဒေသခံပညာ တတ်များက ဦးဆောင်ပြီး ဒေသ၏ အကျိုးဖြစ်ထွန်းအောင် ဝိုင်းဝန်းဆောင်ရွက်ကြစေ လိုကြောင်း၊ စားသုံးကုန်များကို ပြင်ပမှ ဝယ်ယူစားသုံးပါက ငွေကြေးကုန်ကျမည်ဖြစ်ပြီး မိမိဒေသတွင်းမှ ထုတ်လုပ်ရောင်းချနိုင်ပါက ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝမှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ဒေသနှင့် တိုင်းပြည်တိုးတက်စေရေးအတွက် ဖြစ်စေလိုသည့် စိတ်ဖြင့်သာ အကြံပြုပြောကြားခြင်းဖြစ်ကြောင်း။
    
ငြိမ်းချမ်းမှုရှိမှသာလျင် ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုလျင်မြန်စေမည်ဖြစ်သောကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ငြိမ်းချမ်းမှုရရှိရန် တပ်မတော်က အလို လားဆုံးပင်ဖြစ်ကြောင်း၊ လက်နက်ကိုင်တိုင်းရင်းသားများသည်လည်း မြန်မာနိုင်ငံသားများ ပင်ဖြစ်သည့်အတွက် မည်သို့ပင်ဖြစ်စေ တိုင်းပြည်အတွက် အရှုံးများနှင့်သာကြုံတွေ့ ရမည်ဖြစ်သောကြောင့် ငြိမ်းချမ်းရေးကို ရရှိအောင်ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ၊ အစိုးရ၊ တပ်မတော်တို့ ဝိုင်းဝန်းပူးပေါင်း၍ လက်တွဲညီညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြား သည်။
    
ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက် ရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ရာ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)မှ  ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဗညားဦးက လက်ခံရယူခဲ့သည်။
    
ယင်းနောက် (COVID-19 ) ရောဂါကာကွယ်ထိန်းချုပ် ကုသရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Surgical Mask  ၂၀၀၀၀ ခု၊  N 95 Mask ၅၀၀ ခု၊ Face Shield  ၂၅၀ ခု၊ Sodium Hypochloride (25L)  ၆ ပုံး၊ Examination Glove  ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊Hand Sanitizer  ၁၅၀ ဘူး၊ Personal Protective Equipment (PPE) ဝတ်စုံ ၃၀၀ စုံနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော် စက်ရုံများမှ ထုတ်လုပ် သည့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာ တင်မောင်ညွန့်၊  မြို့မိမြို့ဖများဖြစ်သည့် ဒေါက်တာ ဒီပနှင့် ဦးစိုင်းကြူနှင့် ပြည်နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်တို့က အသီးသီး လက်ခံရယူ ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့် မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။