လာမည့်နှစ် ပြည်တွင်းဖူဆယ်ဘောလုံး ပြိုင်ပွဲများတွင် ပြောင်းလဲလိုက်သည့် ဖူဆယ်ဥပဒေအရ ဒိုင်ငါးဦးအထိ ကြီးကြပ် ရန်စီစဉ်ထားကြောင်း ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇူလိုင်နောက်ဆုံးပတ်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ဖူဆယ်ဘောလုံး ပြိုင်ပွဲ ဥပဒေတချို့ကို ပြောင်းလဲ သတ်မှတ်လိုက်သည်။
အဆိုပါ ပြောင်းလဲလိုက်သည့် ဥပဒေအရ မူလက ဒိုင်လေးဦးသာ ကြီးကြပ်သည့် ဖူဆယ်ပြိုင်ပွဲများကို အရန် ဒိုင်လူကြီးတစ်ဦး ထပ်မံပေါင်းထည့်ကာ ဒိုင်ငါးဦး ကြီးကြပ်မည်ဖြစ်သည်။
“ဖီဖာကထုတ်ပြန်တဲ့ ဖူဆယ်ဥပဒေအတိုင်း ပြည်တွင်းဖူဆယ်ပြိုင်ပွဲတွေကို ဒိုင်ငါးဦး ကြီးကြပ်ဆောင်ရွက်စေမှာပါ။ အရင်က ဒိုင်လေးဦးကြီးကြပ်တာကို အရန်ဒိုင်အနေနဲ့ တစ်ဦးထပ်တိုးတာပါ။ ဒီဒိုင်လူကြီးက ပြိုင်ပွဲမှာ တာဝန် ထမ်းဆောင်နေတဲ့ ဒိုင်လူကြီးတစ်ဦးဦး ဆက်လက်တာဝန် မထမ်းဆောင်နိုင်ရင် တတိယဒိုင်အဖြစ် တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်သလို ပွဲချိန်အတွင်းမှာ တခြားဒိုင်လူကြီးတွေကို အကူ အညီပေးရမှာဖြစ်ပါတယ်” ဟု ၎င်းကပြော သည်။
မြန်မာနိုင်ငံ ဖူဆယ်နှင့်သဲသောင်ပြင် ကော်မတီသည် ၂၀၂၁ ခုနှစ်တွင် ဖူဆယ်လိဂ်၊ ဖူဆယ်ရှုံးထွက်ပြိုင်ပွဲ၊ မန္တလေးဖူဆယ် ဖလားပြိုင်ပွဲနှင့် အပျော်တမ်းဖူဆယ်ပြိုင်ပွဲ လေးခုကျင်းပရန် လျာထားကြောင်း သိရ သည်။
ကိုရဲ