၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိသူများ၏ ရင်တွင်း စကားသံများ
ရန်ကုန် ဒီဇင်ဘာ ၄
၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့်စာပေဗိမာန်စာမူဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ မြဝတီ မီဒီယာစင်တာ၌ ကျင်းပပြုလုပ်ရာ အဆိုပါ ဆုချီးမြှင့်ပွဲ၌ ဆုရရှိ သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည်။
ဆရာကြီး ဦးမောင်မောင်လတ်(နောင်)
အမျိုးသားစာပေတစ်သက်တာဆု
ဦးမောင်မောင်လတ်ပါ၊ အစဉ်တစိုက် ရေးလာတာတော့ ကဗျာဆရာနောင်ပေါ့ ၁၉၄၉ မှာ ပဒေသာမဂ္ဂဇင်းမှာတော့ စလင်း မောင်မိုးဆွေ ဆိုပြီးတော့ ရေးတာပေါ့၊ နောက်ပြီးတော့မှ ကဗျာတွေကို အစဉ်တစိုက်ရေးလာတယ်၊ ၁၉၅၁ မှာဆယ်တန်း အောင် တော့ ဆက်ပြီးပညာဆည်းပူးခဲ့တာ မဂ္ဂဇင်းပေါင်းစုံမှာ ကဗျာတွေရေးဖြစ်ခဲ့ပါတယ်၊ ၁၉၉၃ မှာ မနက်ဖြန်အတွက် လှလက်ဆောင် ဆိုတာကတော့ ဒါကကိုယ့်ခံစားချက်နဲ့ ကိုယ့်စေတနာနဲ့ပေါ့ အတွေးအခေါ်တွေလေ့လာပြီးတော့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ်ပိုင် ဟန်နဲ့ပဲ ကဗျာကိုရေးခဲ့တာပါ၊ ဖြတ်သန်းခဲ့ရတဲ့စာပေနယ်တစ်လျှောက်မှာတော့ ဒီအပြင် ဂီတဆောင်းပါးစာအုပ်တစ်အုပ်တော့ ထုတ်ဖူးတယ်၊ နောက်ပြီးတော့ ၅၄ မှာလည်း ဝတ္ထုပေါင်းချုပ်ပေါ့ ရှုမဝကနေ ပြီးတော့ မောင်အောင်ဆိုတဲ့အမည်နဲ့ စာအုပ် တစ်အုပ် လည်း ထုတ်ဖူးပါတယ်၊ ဒါကတော့ ကဗျာတွေစာတွေရေးတာပေါ့နော်၊ သီချင်းကတော့ ၁၉၅၁ တက္ကသိုလ်ရောက်ကတည်းက တက္ကသိုလ် တေးယဉ်ယဉ်ဆိုတဲ့ သူတို့နဲ့အပျော်တမ်းတူရိယာအဖွဲ့စပြီးတော့ မူပိုင်ဝိုင်းထောင်ပြီးတော့လွှင့်တယ်၊ နောက်ပြီးတော့ ဂီတဉ္စလီဆိုတဲ့ အပျော်တမ်းတူရိယာ အဖွဲ့နဲ့လည်း တင်ဆက်ခဲ့တာပေါ့လေ အခုအထိတော့ မြန်မာ့အသံမှာ ခေတ်ပေါ် တေးဂီတ အဖွဲ့မှာ ဆောင်ရွက်နေပါတယ်၊ တစ်သက်တာစာပေဆုချီးမြှင့်ခြင်းခံရတာတော့ ကိုယ့်တစ်သက်တာ နှစ်ပေါင်းများစွာ စိန်ရတု ပေါ့လေ စိန်ရတုခေတ်အထိ ရေးခဲ့ပြုစုခဲ့တဲ့ဒီစာပေတွေအပေါ်မှာ အခုလို ဆုချီးမြှင့်ပေးတာတော့ အတိုင်းမသိဝမ်းသာ ရပါတယ်၊ ကျွန်တော်က အသက် ၁၆ နှစ်ကတည်းက စာတွေရေးဖြစ်ခဲ့တာ၊ ကဗျာတွေစရေးပြီးနောက်တော့ ဘာသာပြန်တွေလည်း ရေးဖြစ် တယ်၊ အခုတော့အသက် ၉၀ နီးပါးဖြစ်တဲ့အချိန်အထိ စိတ်အားထက် သန်စွာနဲ့ပဲ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက် နေပါတယ်၊ စာရေးစာဖတ် ပျော်မွေ့စေဖို့ဆိုတာကတော့ ခေတ်လူငယ်တွေ ယနေ့ခေတ်လူငယ်တွေရဲ့ စာပေ အပေါ်မှာ အာရုံစိုက် မှုကတော့ နည်းပါးကြပါတယ်၊ ဘာလို့လဲဆိုတော့ ဖေ့ဘုတ် တွေထွန်းကားတဲ့အတွက်ကတော့ သူတို့ က စာပေထက် ဒီဖေ့ဘုတ်ကို ပိုပြီးတော့ သဘောကျတော့ စာပေမှာ အားနည်းတာတော့ရှိပါတယ်၊ ကိုယ်ဝါသနာပါတဲ့ ဖေ့ဘုတ်ဆိုတာလည်း ကိုင်ရမှာပါပဲ၊ ဒါမှလည်း ကမ္ဘာနဲ့အမီ ဗဟုသုတအားလုံးရမှာ ဒါပေမဲ့လည်း ကိုယ့်မြန်မာစာပေကိုလည်းပဲ အာရုံစူးစိုက်ပြီးတော့ အလေးပေးမယ် ဆိုရင် ပိုပြီးတော့ကောင်းမှာပါ။
ဆရာကြီးဦးစိန်လှိုင်(သူရဇော်)
အမျိုးသားစာပေတစ်သက်တာဆု
အမည်ရင်းက ဦးစိန်လှိုင်ပါ၊ ပထမ ကလောင်က သူရဇော်ပါ၊ နောက်ကလောင်က ဦးစိန်လှိုင်(မဟာဝိဇ္ဇာ)ပါ၊ သူရဇော်ကတော့ စရေးကတည်းက သူရဇော်နဲ့ရေးတာ တောက်လျှောက်ပေါ့၊ ကဗျာအရေးများတယ်၊ ဆောင်းပါးလည်းရေးတယ်၊ ဝတ္ထုတိုလည်း ရေးတယ်၊ လုံးချင်းလည်းရေးပါတယ်၊ အဲဒါက သူရဇော်ပါ၊ သို့သော်ကျွန်တော်က အသက်ကြီးမှ တက္ကသိုလ်တက်ရတယ်၊ အဲဒါကြောင့် ဦးစိန်လှိုင်(မဟာဝိဇ္ဇာ)ယူလိုက် ပါတယ်၊ အဲဒါကတော့ ဗုဒ္ဓစာပေတွေရေး ပါတယ်၊ စာစရေးတာကတော့ ၁၈ နှစ်က စရေးပါတယ်၊ ကျွန်တော့်ကို ၄၀ ပြည့်နှစ် မှာမွေးပါတယ်၊ ၅၈ ကနေစပြီး ဟံသာဝတီ သတင်းစာမှာစပြီးတော့ရေးပါတယ်၊ နာမည်အရင်း မောင်စိန်လှိုင်ပါပဲ၊ နောက်တော့မှ ကလောင်စုံနဲ့ ရေးဖြစ်တယ်၊ ရွာမှာက မူလတန်းကျောင်းမရှိဘူးဗျ၊ မရှိတော့ ဘုန်းကြီးကျောင်း နေရတယ်၊ ဘုန်းကြီး က ကဗျာတွေသင်ပေးတော့ အဲမှာ ကဗျာစွဲခဲ့တာပါ၊ ၈၂ ခုနှစ်မှာ မဟာဝိဇ္ဇာဘွဲ့မြန်မာစာရခဲ့ပါတယ်၊ စာကတော့ တော်တော်လေးလည်းရေးဖြစ်ပါတယ်၊ ကဗျာကိုတော်တော်လေးရူးသွပ်ခဲ့ပါတယ်၊ ကဗျာရေးနေရရင်ကျေနပ်နေတာပါပဲ၊ အဲဒီအစွဲက ငယ်ငယ်က ဘုန်းကြီးသင်ပေးလိုက်တဲ့ ကဗျာရေးနည်းတွေကို လေ့လာပြီးတော့ ရေးခဲ့တာ ကဗျာကိုအရူးအမူးပါပဲ၊ သိပ်ကို စွဲလမ်းပါတယ်၊ ကဗျာရေးတယ်ဆိုတာကလည်း လူတွေမေးငေါ့တဲ့အရာပါ၊ ဘယ်တော့မှစီးပွားဖြစ်တဲ့ဟာမဟုတ်ဘူး၊ ရှင်းရှင်း ပြောရမယ်ဆိုရင် ကိုယ့်ဇနီးမယားတောင် မကြည်ဖြူပါဘူး၊ မဂ္ဂဇင်းအဖွင့် ကဗျာတစ်ပုဒ် ၁၀ ရတယ်ဗျာ၊ သို့သော်အဲဒီခေတ်က လက်ဖက်ရည်တစ်ခွက်ပြားငါးဆယ်၊ အဲလိုလူသူ အထင်မကြီးတဲ့ကဗျာကို ကျွန်တော်ကတော်တော်ရူးခဲ့တဲ့အခါကျတော့ ဒီနေ့လည်း ရေးနေတုန်းပဲ၊ ဘယ်သူကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကျွန်တော်ကတော့ရေးနေတာပါပဲ၊ အခုတော့ဘုန်းကြီးစာတွေ အများဆုံးရေးနေရတယ်ဗျ၊ ဘုန်းကြီးဂုဏပူဇာတွေ၊ တေးထပ်တွေ ရတုတို့ အများဆုံးရေးပါတယ်၊ စာအုပ်လည်းထွက်ပါတယ်၊ စာမူခလည်း ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျွန်တော်ရေးပါတယ်၊ ဆရာတော်များကကိုယ့်ကိုချီးမြှင့်တဲ့စာမူခပဲဖြစ်ပါတယ်၊ ငွေကြေးကို ပဓာနမထားပါဘူး၊ ၂၀၁၉ မှာဆုရတယ်ဆိုတာက ဒီလိုဗျ ကျွန်တော်ကစာတွေဘာတွေရေးတဲ့ အခါကျတော့ အမျိုးသား စာပေဆုပေါ်လာတယ်၊ ၆၅ မှာကျွန်တော်တို့လူငယ်တွေ စုမိတဲ့အခါကျတော့ စာပေဆုပြိုင်ရအောင်ဆိုပြီးတော့ ဝင်ပြိုင်တဲ့အခါ ကျတော့ ၆၅ မှာဝင်ပြိုင်ပါတယ်၊ ဓနိတစ်ပင်နှင့်အခြားကဗျာများနဲ့ မရလိုက်ပါဘူး၊ ၆၇ မှာ ကျေးရွာအလှဘွဲ့ကဗျာများနဲ့ ဝင်ပြိုင်ပါ တယ်၊ မရပါဘူး၊ ၆၇ မှာပဲနောက်ပြိုင်ပွဲတစ်ခု ထပ်ပြိုင်ပါတယ် မရပါဘူး၊ ၆၈ ကျတော့ ရောင်နီဦးတေးကဗျာများဆိုပြီး ထပ်ပြိုင်ပါ တယ်၊ အဲဒီမှာကဗျာဆု စရခဲ့ပါတယ်၊ ၇၈ မှာလည်းဆုထပ်ရခဲ့ပါတယ်၊ ဒီကြားထဲမှာ လူငယ်စာပေဆုလည်း ဝင်ပြိုင်ခဲ့တယ်၊ အဲဒီမှာလည်း ဆုတစ်ဆုရခဲ့ပါတယ်၊ နောက် ၉၅ မှာတစ်ခါဝင်ပြိုင်ပါတယ်၊ ပခုက္ကူကျမ်းစာပြု အဲဒီမှာလည်း ရခဲ့ပါတယ်၊ ၂၀၁၉ ကျတော့လည်း ပခုက္ကူကျမ်းစာပြုမှာထပ်ရခဲ့ပါတယ်၊ ပခုက္ကူဆုက နှစ်ဆုရခဲ့ပါတယ်၊ အခုကျွန်တော်ဆက်ပြီးတော့ ရေးနေတာ တွေရှိပါတယ်၊ ကျွန်တော်ကဗျာကိုဆက်ပြီးတော့ ကျန်းမာရေးကောင်းနေသရွေ့ရေးနေဦးမှာပါ၊ လူငယ်တွေက ယနေ့ဖေ့ဘုတ် ခေတ်မှာ လူငယ်တွေက စာသိပ်မဖတ်ကြတော့ဘူး၊ စာက လေ့လာလို့မကုန်နိုင်ပါဘူး၊ ဖတ်လို့ကိုမကုန်တာပါ၊ အဲတော့ ကောင်းနိုး ရာရာလေးတွေ ကိုယ်နဲ့မီရာလေးတွေကိုဖတ်ရှုပြီးတော့ ကလေးတွေဟာ ဖေ့ဘုတ်တွေမှာ အချိန်ကုန်ခံမယ့်အစား ဖေ့ဘုတ်မှာလည်း ကောင်းကောင်းယူနိုင်မယ်ဆိုရင် ကောင်းကောင်းရပြီး ယူတတ်ရင်ရတယ်၊ သို့သော် မယူတတ်ကြဘူး၊ အဲတော့ လမ်းလွဲရောက်မှာ စိုးလို့ စာလေးဖတ်ကြပါ၊ စာဖတ်မှစာပေရဲ့အသိ က အကောင်းဆုံးဆိုတာသိမှာပါ၊ အဲဒီအသိတရားတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ပြုပြင်ပြီး နိုင်ငံသားကောင်းတစ်ယောက်ဖြစ်အောင် အားထုတ်ကြိုးစားကြဖို့ပြောလိုပါတယ်။
ဆရာမ မနွဲ့ရီ(မဟာဝိဇ္ဇာ)
အမျိုးသားစာပေဆု နိုင်ငံရေးစာပေဆု
အမျိုးသားစာပေဆု၊ “နိုင်ငံရေး” နဲ့ဆု ရရှိခဲ့တာဖြစ်ပါတယ်၊ နိုင်ငံရေးခေါင်းဆောင်ကြီးတွေရဲ့ နိုင်ငံရေးအတွေးအခေါ်များကို တင်ပြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စဉ်းစားရင်း နဲ့ပေါ့လေ နောက်ဆုံးမိမိတို့ရဲ့ခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုရွေးချယ်ခဲ့ပါ တယ်၊ အဲလိုရွေးချယ်ရတဲ့အကြောင်းအရာ က နောင်လာနောက်သားတွေမှာ အန်တီတို့ရဲ့ ခေါင်းဆောင်ကြီးဟာ အသက်ငယ် သလောက်ပေါ့နော် ဂျပန်စစ်ဗိုလ်တွေနဲ့ လူကြီးတွေနဲ့ ခေါင်းဆောင်တွေနဲ့တွေ့တယ်၊ဘယ်တော့မှစကားမမှားဘူး အမြဲတမ်းလည်း အနိုင်ရတယ်၊ အင်္ဂလိပ်ခေါင်းဆောင်တွေ အင်္ဂလိပ်စစ်ဗိုလ်တွေ တွေ့တဲ့အခါကျရင်လည်း စကားလုံးလည်းမမှားဘူး လုပ်ရပ်လည်း မမှားဘူး အမြဲအနိုင်ရတယ်၊ ဒါကြောင့်မို့လို့လည်း ပြည်ထောင်စုကြီးရဲ့ရန်သူတွေကို အကုန်လုံးကိုတော်လှန်ပြီးတော့ လွတ်လပ် ရေးကြီးကိုရခဲ့တာပေါ့နော်၊ ဗိုလ်ချုပ်တို့ အနှစ်နှစ်အလလကြိုးပမ်းခဲ့ရတယ်၊ တစ် တိုင်းပြည်လုံးကြိုးပမ်းခဲ့လို့ ရခဲ့တယ်ပေါ့နော်၊ ဗိုလ်ချုပ်တို့နိုင်ငံရေးတက္ကသိုလ်ကျောင်းသား နိုင်ငံရေးတွေကိုဖြန့်ကြက်ပြီးတော့ပေါ့နော်၊နိုင်ငံရေးနယ်ပယ်ကဆင်းလာလို့ လွတ်လပ် ရေးရတယ်ပေါ့၊ အဲတော့ စတုတ္ထမြန်မာ နိုင်ငံတော်ကြီးကို တည်ထောင်ဖို့ဆိုတဲ့ရည်ရွယ်ချက်အပြည့်နဲ့ မိန့်ခွန်းတိုင်းမှာ လွတ်လပ်ရေး ရပြီးရင်ဘာလုပ်မယ်၊ ဘာကိုင်မယ်၊ တိုင်းပြည်ကိုဘယ်လို ထူထောင်မယ်ဆိုတဲ့၊ ပြည်သူပြည်သားတွေကလည်း ဘယ်လိုကျင့် ဘယ်လိုကြံ ဘယ်လိုနေ ဘယ်လိုထိုင်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ မိန့်ခွန်းတိုင်းမိန့်ခွန်းတိုင်းမှာ အကြိမ်ကြိမ်မှာကြား တယ်၊ သူကိုယ်တိုင်လည်းကြိုးစားတယ်ပေါ့နော်၊ ကြိုးစားရင်းနဲ့ပဲ အသက်ဆုံးရှုံးသွားရရှာတယ်၊ အဲတော့မြန်မာပြည်ရဲ့ အဆင့်တိုင်း အဆင့်တိုင်း ထောင့်တိုင်းထောင့်တိုင်း နေရာတိုင်းနေရာတိုင်း ခေါင်းဆောင် ဆိုတာကတော့ လူတိုင်းခေါင်းဆောင် ပညာတတ်သင့် ပါတယ်၊ မိသားစုကိုခေါင်းဆောင်လည်းခေါင်းဆောင် အနည်းဆုံးကိုယ့်ကိုယ်ကိုယ်ခေါင်းဆောင်ရပါမယ်၊ ခေါင်းဆောင်တာမမှားရင် ပန်းတိုင်ရောက်မှာပေါ့၊ ခေါင်းဆောင်တာမှားသွားရင် နောက်ကောက်ကျသွားမယ်၊ အဲတော့ ထောင့်တိုင်းထောင့်တိုင်းမှာ ဗိုလ်ချုပ်လို စိတ်ထားလေးနဲ့ ဗိုလ်ချုပ်လိုရည်ရွယ်ချက်လေးနဲ့ရှိမယ်ဆိုရင် မြန်မာပြည်ကြီးက တိုးတက်လာမှာ အမှန်ပါပဲ၊ နောင်လာ နောက်သား တွေကလည်း နိုင်ငံရေးရည်ရွယ်ချက် အမှန်အကန်ပေါ်မှာရပ်တည်ပြီးတော့ တိုင်းပြည်အတွက်ကြိုးစားလာ အောင်ရေးတာပေါ့၊ ဆုရတဲ့အပေါ်မှာ အများကြီးဝမ်းသာပါတယ်၊ နိုင်ငံရေးနဲ့ပတ်သက်ပြီးလူငယ်ထုကိုအတုခိုးစေမယ့် စာအုပ်တစ်အုပ်က အခုဆုလည်း ရတယ်ဆိုတဲ့အတွက်ပေါ့ အများကြီးဝမ်းသာမိတယ်၊ အများကြီး လည်းဂုဏ်ယူမိတယ်၊ မိမိပင်ပန်းခဲ့သလောက် ကြိုးပမ်းခဲ့ရတဲ့ ဟာတွေကလည်း အကောင်အထည်ပေါ်ပြီးတော့ ပန်းပွင့်လာတာပေါ့နော်။
ဆရာကံမြင့်မော်
စာပေဗိမာန်စာမူဆု ဝတ္ထုရှည်ဒုတိယဆု
ဦးကံမြင့်(ကံမြင့်မော်)ပါ၊ ရရှိတဲ့ဆု အမျိုးအစားကတော့ စာပေဗိမာန်ဝတ္ထု ရှည်ဒုတိယဆုရခဲ့တာပါ၊ “မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူး ရှင်” ဆိုတဲ့စာမူနဲ့ရတာပါ၊ ဇာတ် လမ်းသဘောကတော့ အရွယ်မရောက်သေး တဲ့ ကလေးမလေးတစ်ယောက်ကို တောထဲ မှာ ဦးလေး အရွယ်တစ်ယောက်ကနေ ဗလက္ကာရလုပ်တယ်၊ မုဒိမ်းကျင့်တယ်၊ ကျင့်တဲ့သူက ၁၀ နှစ်တည်းနဲ့ ပြီးသွားတယ်၊ ၁၀ နှစ်ပြီးရင်သူက လွတ်လာတယ်၊ ဒီကလေး မလေးက ကိုယ်ဝန်ကျန်ခဲ့တော့ ကလေးတစ်ယောက်ကို တစ်သက်လုံးလုပ်ကျွေးရမယ့်ဝဋ်က မကုန်တမ်း ဖြစ်နေတာပေါ့၊ ဟိုက ၁၀ နှစ်နဲ့ပြီးသွားပြီ ခံရတဲ့သူကမပြီးနိုင်ဘူးဖြစ်နေတယ်၊ အဲဒါလေးကိုကျွန်တော်က မီးမောင်းထိုးပြတာပါ၊ ဒီလို စာပေကို ဖတ်ရှုရမယ်ဆို စာနာစိတ်လေးတော့နည်းနည်းဝင်စေချင်တယ်၊ မိန်းကလေးဘက်ကနေ အတိဒုက္ခနဲ့ ဒုက္ခမျိုးစုံနဲ့ စိန်ခေါ်မှု မျိုးစုံနဲ့ ရင်ဆိုင်ရင်းနဲ့ ဘဝကိုရုန်းကန်ရင်းနဲ့ပဲ သူရ ခဲ့တဲ့ ကိုယ်ဝန်ပဋိသန္ဓေကိုရှင်အောင်မွေးပြီးတော့ တက္ကသိုလ်ကနေ ဘွဲ့ရအောင် ထားခဲ့ပုံ ဘဝအဆင့်ဆင့်ပေါ့၊ နောက်လူတွေဒါမျိုးလေးတွေဖတ်မိရင်တော့ စာပေကနေရတဲ့ အသိအမြင်ပေါ့၊ ငါတို့ဆင်ခြင်တုံ တရားရှိရမှာပါလား ရှိသင့်ပါလားဆိုတာကို သိစေချင်ပါတယ်၊ အခုလိုဆုရတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာပါတယ်၊ ကိုယ့်ကိုယ် ကိုယ်တော့ရမယ်လို့ ထင်မထားပါဘူး၊ ဒုတိယဆုရတဲ့အတွက် ဝမ်းသာပါတယ်၊ ကျွန်တော်ဆိုရင် တစ်နှစ်ပတ်လုံးမှဒီတစ်ပုဒ်ပဲ ထွက်တာပါ၊ တစ်နှစ်ပတ်လုံးအားစိုက်ပြီး ရေးထားတာ၊ ဒါပေမဲ့လို့ ကိုယ်ကအားနည်းချက်တွေအများကြီးရှိပါတယ်၊ ပြန်ဖတ်တဲ့ အခါကျတော့ ကြိုးစားရဦးမှာပါ၊ ဆက်ပြီးတော့ လည်း ကြိုးစားသွားမှာပါ။
ဝန်းရံခ